ညီညီ့ကိုတမင်ခေါ်ထုတ်တာမှန်း သိ၍ တုံ့ဆိုင်းမနေဘဲ ထွက်လာခဲ့သည်။ မုန့်ဝယ်ရအောင်တဲ့။ အဟက်။ သက်နှင်းမုန့်စားတာ ဘယ်တုန်းက မြင်ဖူးလိူ့လဲ။ ထွက်သာထွက်လာရတာ သက်နှင်းနဲ့က အဲ့လောက်ရင်းနှီးတာမဟုတ်။ အလယ်တန်းကတည်းက တစ်ခန်းတည်းအတူတက်လာတဲ့သူဆိုပေမယ့် နှစ်ယောက်လုံးက ခပ်အေးအေးသမားတွေချည်းဆိုတော့ သိပ်မခင်တဲ့ တစ်တန်းတည်း သူငယ်ချင်းတွေထက်မပို။ ခုလိုကျတော့လည်း သက်နှင်းရဲ့က မိုက်သား။ ညီညီ့ကို ဖြူသလားမည်းသလားတောင်မသိဘဲ မတရားဘူးထင်တဲ့ဘက်ကစပြီး ထရပ်တည်ပေးသည်ဆိုတော့ လူကချမ်းသာလို့အောက်ခြေလွတ်သူမဟုတ်ဟု ကောက်ချက်ချနိုင်သည်။

သက်နှင်းပြောတာခံလိုက်ရတဲ့သူတွေလည်း ညီညီ့အပေါ်စိတ်ကွက်သွားကြမှာပေါ့။ ကိုယ့်နှာခေါင်းပွလာလို့ ဦးနှောက်ထဲမွှန်ပြီး အမှားအမှန်မမြင်ဘဲ လျှာဝင်ရှည်တဲ့ကိစ္စ။ ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲ သူများအပေါ်အပြစ်လိုက်ဖို့ချင်ကြတုန်း။ ဒီနေ့တစ်နေ့တော့ ညီညီ့စိတ်ထဲ သူများအပေါ် ရက်ရက်စက်စက်ကိုတွေးပစ်ထင်ပစ်လိုက်ဦးမည်။

မိန်းကလေးတစ်ယောက်ကိုအကာအကွယ်ယူရတဲ့ ခပ်ပျော့ပျော့ကောင်လို့ တွေးချင်လည်းတွေးကြမှာပေါ့။ တွေးချင်ရာတွေးနေကြ။

ညီညီကတော့ 2NE1 ရဲ့သီချင်းလိုပဲ။
I don't Care အဲအဲ အဲအဲ.....ပဲ ။

"လာ မုန့်သွားဝယ်ရအောင်"

အတန်းအပြင်ရောက်တော့ သက်နှင်းကရယ်ကျဲကျဲလေးပြောသည်။ ခုနက ရုပ်တည်ကြီးက သူမဟုတ်သလို။ တမင်ခေါ်ထုတ်လာတယ်ထင်တာ။ တကယ်ကြီးသွားဝယ်မှာထင်တယ်။

"ဘာကြောင်ကြည့်နေတာလဲ"

"တကယ်သွားဝယ်မလို့လား"

"ဟင် ဟော်တော့ တကယ်သွားဝယ်မှာပေါ့"

သက်နှင်းအပြုံးတွေက ပွင့်လင်းနေသည်။ ပကတိဖြူစင်သည့်အပြုံးတွေ။ သက်နှင်းမျက်နှာကို သေချာကြည့်မိတော့ အတော်လှသား။ မျက်လုံး၊ မျက်အိမ် နှာတံ၊ သွယ်လျနေသည့်ပါးရိုး၊ အသားအရေ၊ ဆံနွယ် အကုန်ကောင်းပါရဲ့နဲ့ သူ့အစ်ကိုလိုနာမည်ကြီးဘာလို့မလုပ်တာလဲမသိ။

IDOLWhere stories live. Discover now