မီးဖိုချောင်ပစ္စည်းများနှင့် အစေးမကပ်သော ကိုလင်းမှာ အိုးစောင့်အဖြစ်တာဝန်ကျကာ Mistကတော့ ဟင်းမြည်းတာဝန်ခံဖြစ်လေ၏။

"ကိုအာရွန်က ဟင်းချက်တတ်တယ်လား? မထင်ရဘူးပဲ"

သီခကမေးတော့ အာရွန်က ပြုံးသည်။

"ဒါပေါ့။ တစ်ယောက်တည်းနေရတာ ချက်မစားတတ်ရင် ဟင်းဖိုးနဲ့မွဲသေတာ ကြာပြီ"

"ဪ ... အိမ်က နိုင်ငံခြားမှာမို့လို့လား"

"အင်း .... တစ်အိမ်ကဟုတ်တယ် တစ်အိမ်ကမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း‌‌ နေရတဲ့အကြောင်းရင်းကတော့ အိမ်ကဆင်းလာတာမို့ ဟီးဟီး"

"ဪ..."

သီခက အသံမထွက်တော့ပဲ ကြက်သွန်နီကိုသာ တိတ်တဆိတ်ခွာနေစဉ် အာရွန်က မေးလာ၏။

"ဘာလို့ဆင်းလာလဲ မမေးတော့ဘူးလား"

"မသိဘူးလေ ဘာအကြောင်းကြောင့်လဲမသိတော့ မေးရမှာ အားနာလို့"

အာရွန်က သီခဆီက ကြက်သွန်များကို ရေဆေးလိုက်ရင်း ပြုံးလျက်ဆို၏။

"အိမ်က သီချင်းဆိုတာမကြိုက်ဘူးလေ ။ ကိုယ်ကလည်း အဲ့တာကို မကျေနပ်။ အာ့တာနဲ့ ပြောမရတော့ ကျောင်းနားပစ်လိုက်ပြီး အိမ်ကပါ ဆင်းလာလိုက်တာပဲ"

သီခသည် အံ့ဩနားမလည်နိုင်စွာဖြင့်ပင် မော့ကြည့်လိုက်မိတော့သည်။ သီခအမူအယာမှာ ဖတ်ရလွယ်ကူလွန်းခဲ့ပုံရသည်။ အာရွန်က သူ့အတွေးကို နားလည်နေသည့်အလားပင် တဟားဟားရယ်ရင်း ဆို၏။

"ဒီအစ်ကိုကြီး ရူးနေလားမသိဘူးလို့ တွေးနေတယ်မလား"

"မဟုတ်ပါဘူး ... နည်းနည်း ထူးဆန်းလို့ပါ ဒီတိုင်း"

"တကယ်တော့ ကိုယ်လဲတွေးမိပါတယ်။ အဲ့တုန်းကတော့ တခြားကိစ္စလေးတွေလဲ ရှိ‌နေတော့ လုံးဝကို မှန်တယ်လို့ တွေးပြီး လုပ်ခဲ့တာပေမဲ့ အခုနေပြန်တွေးကြည့်တော့ နည်းနည်းစိတ်လောမိသလို ခံစားရတယ်။ ဒါပေမဲ့ လုပ်ပြီးမှ အိမ်ပေါ်လက်ဗလာနဲ့ ပြန်တက်လို့လဲ မရတော့ ဒီလိုပဲ ချော်လဲရောထိုင်ရတော့တာပေါ့"

အာရွန်က သူ့အကြောင်းသူပြောနေတာ မဟုတ်သလိုပင် ပေါ့ပါးစွာဆိုသည်။

VNITY : The First StepWhere stories live. Discover now