"ဒါနဲ့ အာရွန် ကုတင်က ဘယ်နေ့မှသယ်မှာလဲ? အိပ်ရာမဝယ်လို့ တကယ်ဖြစ်လား"

အာရွန့်အိပ်ပုံအိပ်နည်းကို ကြည့်ကာ လွန်စွာစိတ်မချမ်းသာဖြစ်နေရသောလင်းက မေးလာ၏။

"အမ်း .... Companyကို ဖုန်းဆက်ထားတာ ... နောက်၂ရက်လောက်မှတဲ့။ မဝယ်နေတော့ပါဘူးဗျာ လောလောဆယ်တော့ ဒီတိုင်း ကွေးအိပ်လိုက်မယ်လေ ဟဲ..."

"မနေ့ကလဲ အစမှာကွေးအိပ်ပေမဲ့ တရေးနိုးတော့ ဆန့်ဆန့်ကြီး ပြန်ဖြစ်သွားတာပဲလေ ... အခုတောင် လက်တွေ ခြေထောက်တွေမှာ ခြင်တွေ ကိုက်တာအများကြီးပဲမလား"

"အာ ဒါက ရပါတယ် ... ကိုလင်းက ဟူးဟူးဆို လေမှုတ်ပြီး ဥုံဖွဆိုပြီး မန်းပေးလိုက်ရင် ကောင်းသွားမှာ"

အာရွန်မှာ အစအနောက်သန်သူဖြစ်သည့်အလျောက် စကားကိုလဲ အမြဲလိုလို ရွှတ်နောက်နောက်နှင့် ကလူ၏သို့မြူ၏သို့ ပြောတတ်သူဖြစ်လေသည်။ မောင်မင်းကြီးသားမှာ ထိုအကျင့်ကြောင့်ပင် လူချစ်လူခင်များရသလို တစ်ချိန်ထဲမှာပင် ထိုအကျင့်ကြောင့်ပင် လူမုန်းခံရတတ်၏။ လူများသည် အများအားဖြင့် သူ့စကားကို တဟားဟားရယ်လျင်ရယ်၊ မရယ်လျင် စိတ်ရှုပ်စွာနှင့် ပြန်ရန်တွေ့တတ်ကြသော တုံ့ပြန်မှုနှစ်ခုကိုသာ ပေးတတ်ကြတာကြောင့် ထိုနှစ်ခုကိုသာ မျှော်လင့်ထားခဲ့သော အာရွန်မှာ ယခုမှ အံ့ဩဘနန်းဖြစ်ရတော့သည်။

"အာ .... ဥုံဖွ "

လင်းသည် အတည်‌ပေါက်ပင် သူ့လက်ကို ဆတ်ကနဲဆွဲလျက် ဥုံဖွဟုဆိုကာ လေဖြင့်အသာမှုတ်သွားခဲ့၏။ အာရွန်မှာ မည်သို့တုံ့ပြန်ရမည်ပင် မသိပဲ ဖြစ်သွားရကာ ကုတ်ပိုးကို ပွတ်ရင်းသာ နေရခက်စွာ ရယ်နေမိရတော့၏။

အာရွန်သည် စိတ်ထဲမှနေ၍ လင်းအား ရှားပါးမျိုးစိတ်ဟုပင် မှတ်တမ်းတင်ထားဖြစ်တော့လေသည်။

×××

သီခသည် လေ့ကျင့်ရန်သာ ကုမ္ပဏီလာခဲ့တာ ဖြစ်သော်လည်းအ‌ပေါက်ဝတင်ပင်လူတစ်စု၏ ချောဆွဲခံလိုက်ရသည့်အတွက် ညနေစောင်းမှ ကုမ္ပဏီသို့ ရောက်ရလေသည်။ အချိန်ကလည်း လင့်ပြီဖြစ်တာကြောင့် အိမ်ပဲပြန်ရတော့မလား တွေးမိချိန်တွင် ထပ်၍ ချောဆွဲခံလိုက်ရပြန်ကာ ယခုအချိန်တွင်တော့ အာရွန့်ကို ညနေစာချက်ရန် ကူ‌နေရတော့သည်။

VNITY : The First StepWhere stories live. Discover now