ကားလမ်းဘေးရှိ စိန်ပန်းပြာပင်များမှ စိန်ပန်းပြာတို့က လမ်းမထက်ဝယ် ကြွေကျနေကာ ပန်းခင်းလမ်းလေးလို  နေရာအနှံ့ ပြန့်ကျဲလျက် သဘာဝဆန်သော ပန်းချီကားတစ်ချပ်လေးလို လှပနေ၏။

သဘာဝတောတောင် ရှုခင်းများနဲ့ သာယာတဲ့ ရှမ်းပြည်က ကလောမြို့လေးမှာ မှိုင်းရဲ့ မွေးရပ်မြေဖြစ်သလို အမေက ဓနု အဖေက ဗမာ လူမျိုးဖြစ်သောကြောင့် ဒီနယ်မြို့လေးကို မှိုင်းတွယ်တာနေမိသည်မှာ မဆန်း။

မှိုင်းမိဘများ ကွာရှင်းပြီးနောက်ပိုင်း မှိုင်း မာမီပြောင်းသွားသော မန္တလေးတွင် လိုက်နေခဲ့သလို ဖခင်ရှိရာ ရန်ကုန်တွင် ခဏတာ နေခဲ့သော်လည်း ချယ်ရီပန်းများပွင့်သော မှိုင်းကြီးပြင်းခဲ့ရာ နယ်မြို့လေးကိုသာ သံယောဇဉ်တွယ်မိ၍ မှိုင်း ရှမ်းပြည်မှာပဲ ကျောင်းဆက်တက်ဖို့ ဂျီကျခဲ့ရ၏။

တောထဲတောင်ထဲ ပွင့်တတ်သော ချယ်ရီပန်းများကို မှိုင်းချစ်သလို ခေါပုတ်နွေးနွေး စိန်ပန်းပြာဖွေးဖွေးကိုလည်း မှိုင်း သဘောကျပါ၏။တောင်ပေါ်ဒေသ၏ ချစ်စရာ ဓလေ့ထုံးတမ်းများကို မှိုင်း တန်ဖိုးထားမိသလို ပွဲ‌လမ်းသဘင်ပေါများကာ ရိုးသားသည့်စိတ်အရင်းခံများနဲ့ ပွဲပျော်လေးများစုဝေးရာ ဤဒေသလေးကို မှိုင်း မြတ်နိုးမိပါသည်။

ဘေးရှုခင်းများကိုကြည့်ရင်း အတွေးများလွင့်နေသော မှိုင်းကိုကြည့်ပြီး မင်းခ သဘောတကျပြုံးမိသွား၏။ဒီကလေး ဒီဒေသလေးကို အရမ်းသဘောကျမှန်း မင်းခ သိနေ၍ မင်းခနေရပ်ဆီကို ပြန်မခေါ်သွားတော့ပဲ မှိုင်းရှိရာအရပ်တွင် မင်းခ နေရန်သာဆုံးဖြတ်လိုက်ခြင်း။

*ခေါပုတ်ကြိုက်တဲ့ တောင်ပေါ်သားလေးကို ချစ်မိမှတော့ ခေါပုတ်ကိုပါ ချစ်တတ်အောင် ကြိုးစားရမှာပေါ့လေ*

မင်းခ ခပ်ဆဆတွေးကာ ပြုံးလိုက်ပြီး ကတ္တရာ လမ်းမကြီးရဲ့ ဘေးကိုချရပ်လိုက်သည်။ကားရပ်သည်နှင့် မှိုင်းက နောက်ခန်းတံခါးကို ဆင်းဖွင့်ပေးလိုက်တော့ ရွှင်ပြစွာ ထွက်လာသော ချာချာက မှိုင်းပေါ်ကို ခုန်တက်ရင်း တအီအီဖြင့် ချွဲနေသည်မှာ ဒီနေရာလေးကို သူ အရမ်းသဘောကျကြောင်း ပြောပြနေဟန်

မှိုင်း(Complete)Where stories live. Discover now