"အဲ့တာနဲ့ ခဏနေတော့ ကျွန်တော် အိမ်ပြန်ရောက်၊ ရေပုံးလေးသယ်ပြီး အထဲဝင်တာ။ အိမ်မှာ ရေကလဲ ကုန်နေပြီဆိုတော့ ရေဘူးတွေ တစ်ခါထဲရေဖြည့်ရင်း တစ်ခွက်သောက်လိုက်တာဗျာ။ ပြီးတော့ ကျွန်တော် အင်္ကျီအဝတ်အစားလဲ ဘာညာ လုပ်ပေါ့။ အဲ့တာဗျာ.... လုပ်နေရင်းနဲ့ လူက မူးပြီး ယိုင်လာတာဗျ။ အစကမသိသေးဘူး နောက်မှ တဖြည်းဖြည်းနဲ့ သိလာတာ။ အဲ့တာနဲ့ ကျွန်တော့် သူငယ်ချင်းကို ဖုန်းလှမ်းဆက်နေတုန်းရှိသေး ...."

အာရွန်က စကားကို ရပ်လိုက်ပြန်သည်။

"ဘာဖြစ်တာလဲ"

လင်းက ချက်ချင်းပင် ခပ်တိုးတိုးမေးတော့ အာရွန်က ရယ်၏။

"မသိတော့ဘူး ... အဲ့ချိန်မှာကို ကျွန်တော်လစ်သွားတာထင်တာပဲ။ နိုးလာတော့ သူငယ်ချင်းနဲ့ ဆေးရုံရောက်နေပြီ။ ‌ဆေးခတ်တာလား ဘာလား ပြောသံတော့ကြားမိသလိုပေမဲ့ သေချာမသိတော့ဘူး။ အဲ့နောက်ပိုင်း ဆေးရုံကိစ္စ ရဲစခန်းအမှုဖွင့်ဘာညာတွေ ဟိုကောင်အကုန်ဆက်လုပ်တာ။ ကျွန်တော်ကတော့ အိမ်ပြန်ဖို့ကလဲ စိတ်မသန့်၊ နေစရာကလည်း မရှိတာနဲ့ ဒီပဲတန်းရောက်လာတာပဲ။ နောက်လဲ နေရမှာပဲဆိုတော့လေ အဟဲ။ ဘယ်ကဘယ်လိုဖြစ်လဲမသေချာပေမဲ့ ကျွန်တော်ကတော့ ရေကလို့ထင်တာပါပဲဗျာ"

အာရွန်ကသာ ခပ်ပြုံးပြုံးပြောနေသလောက် လင်းကတော့ သူပြောသည်ကို နားထောင်ပြီး စိတ်ထဲအတော်တင်းကြပ်သွားသည်။ ရုပ်ရှင်ဇာတ်လမ်းလဲ မဟုတ်ပါပဲ သည်လို အတင့်ရဲသည့်ပြစ်မှုမျိုးကို ဘယ်လိုတောင် ကျူးလွန်နိုင်ရသည်လဲ စဉ်းစားရင်း သူ့စိတ်ထဲပါ မရိုးမရွဖြစ်လာရ၏။

"အဲ့တော့ကား.... ဟောဒီroommateအသစ်လေးကို ...."

အာရွန်သည် စကားမဆုံးခင်မှာပင် စားပွဲမျက်နှာချင်းဆိုင်တွင်ထိုင်‌နေသည့်လင်းက ကိုယ်ကိုကိုင်းကာ အနားကိုတိုးကပ်လာတာကြောင့် ရုတ်တရက် စကားကို ရပ်လိုက်ဖြစ်၏။

"အာရွန် ... ဒီနေ့ လန့်သွားတယ်မလား"

လင်းက သူ့ခေါင်းကို အသာအယာ ပုတ်ပေးရင်း ခပ်တိုးတိုးဆိုသည်။ အာရွန်သည် ရုတ်တရက် ဆွံအသွားရ၏။ စင်စစ်တော့ သူသတိရလာကတည်းက တစ်နေ့လုံး ဆေးရုံ၊ ရဲစခန်း၊ အိမ်ပြောင်းရမည့် ကိစ္စများနှင့် လုံးပန်းနေခဲ့ရတာကြောင့် အေး‌အေးဆေးဆေးထိုင်ကာ လန့်ရမည့်အချိန်ပင် မရှိပဲ ဖြစ်နေခဲ့တာဖြစ်၏။

VNITY : The First StepWhere stories live. Discover now