Part - 4 (Unicode)

Start from the beginning
                                    

"ပျော်လို့ ပျော်လို့။ ကိုးကိုး ဒီမှာစမ်းကြည့်၊ Heart Rate က 150 ကျော်နေလောက်ပြီ။ အား ... ကိုးကိုးကြောင့် ရူးတော့မှာ၊ ရူးတော့မှာ"

သူ့လက်ကို ရင်ဘတ်ပေါ်ခဏတင်ပေးပြီး ခပ်မြန်မြန်ချသွားသည်။ ပြီးနောက် လွယ်နေကျသားရေအိတ်ကို ရင်ခွင်ထဲပိုက်ပြီး ဟိုဖက်သည်ဖက်လှိမ့် အော်နေပြန်တာ တကယ့်ကလေးပေါက်စအတိုင်း။ သူ တေးတေးခေါ်တာ သည်လောက်ပျော်သတဲ့လား။ ဘုန်းလျှံမောင်နှင့်မှ သူလည်း အဆန်းတွေချည်းကြုံနေရသည်။

"အဲလောက်ကြိုက်လား၊ ကိုယ်ကမင်းမကြိုက်ရင် တစ်ခုခုထပ်ပြောင်းခေါ်ဖို့ စဉ်းစားကြည့်နေတာ"

"မပြောင်းပါနဲ့။ ဒီထက်ကောင်းတဲ့ဟာတောင် ဒီလောက်ကောင်းမှာမဟုတ်ဘူး၊ တေးတေးလို့ပဲခေါ်ပါ။ ကြိုက်တယ်၊ ကြိုက်တယ်"

"ဘယ်လိုဖြစ်လို့ စကားတွေကို နှစ်ခါထပ်ပြောနေရတာလဲကွာ၊ မမောဘူးလား။ ဖြည်းဖြည်းပြောပါ"

"အားမရတဲ့အခါ၊ အရမ်းသဘောကျတဲ့အခါဆိုရင် အရှိန်ပါပြီး အဲလိုနှစ်ခါပြောမိတော့တာ ... ထပ်ခါထပ်ခါလေ"

"ဟော ... ကြည့်"

နှစ်ဦးသား ရယ်လိုက်မောလိုက် ပြောဆိုနေကြတာ စားသောက်ဆိုင်ရောက်ကြသည်အထိပါပဲ။ သူတို့ကြားက ဆက်ဆံရေးလေးမှာ တဖြည်းဖြည်းတိုးတက်လာလို့ ညီမိုးလွင် စိတ်အေးရသေးသည်။ တွဲစကတော့ အသက်အရွယ်ကွာခြားလွန်းလို့ စိတ်ပူခဲ့ပေမဲ့ ဘုန်းလျှံက တက်ကြွသူလေးမလား။ ပျင်းလည်းမပျင်းရသလို၊ ချစ်စရာကောင်းပုံလေးတွေက တစ်နေ့တစ်မျိုးမရိုးရ။ သူ့ကိုထိန်းချုပ်မဲ့သူမျိုးလည်း မဟုတ်တာကို တစ်စတစ်စ သိလာလေပြီ။

ဆက်ဆံရေးတစ်ခုစမိလျှင် ချောင်ပိတ်မိနေမှာကို ညီမိုးလွင် အကြောက်ဆုံးဖြစ်၏။

ညစာစားပြီး ဘုန်းလျှံကိုပြန်ပို့ပေးချိန်တွင်တော့ မိုးစုန်းစုန်းချုပ်နေလေပြီ။ အိမ်ပြန်လိုက်ပို့တိုင်း ညီမိုးလွင်က ကားပေါ်တွင်သာ ခဏနှုတ်ဆက်တတ်သည်။ သူငယ်ချင်းတွေရှိသော ကောင်လေးအခန်းသို့ လိုက်မလည်တတ်ချေ။

"ကဲ ... ရောက်ပါပြီဗျာ။ မနက်ဖြန် စာသင်ဖို့ရှိတယ်နော်၊ Presentation လုပ်ဖို့ ရယ်ဒီပဲလား"

သင်္ကြန်မောင်Where stories live. Discover now