အသက်ကြီးလည်း ပန်းကလေးနုနုနယ်နယ်လို ရင်ခုန်ရလေတာ အချစ်တဲ့လား။
YGH ရှေ့ရောက်တော့ ကောင်လေးက သူ့ကားပေါ်လျင်မြန်စွာ ပြေးတက်လာသည်။ စတိုင်လ်ပန့်အနက်လေးနှင့် ခဲဖြူရောင်ရှပ်ကို ဝတ်ထားသည့်ကောင်လေးက သူနှင့်ယှဉ်လျှင် အတော်သေးနေသည်။ ကားထဲရောက်ရောက်ချင်း ငွေရောင်ကြိုးတပ်မျက်မှန်ကလေးကို ပင့်တင်ရတာလည်းအမော။
"ခါးပတ်ပတ်လိုက်ဦး"
"ဟုတ် ကိုးကိုး"
နှစ်ယောက်လုံးပြုံးတုံ့တုံ။ ဘုန်းလျှံက ခါးပတ်ပတ်ပြီး ညီမိုးလွင်ကတော့ ကားဆက်မောင်းလိုက်၏။ သည်တစ်ခါတော့ ညနေစာစားဖို့ ကောင်လေးကို ဆိုင်မရွေးခိုင်းတော့ပေ။ ထပ်ပြီး ငါးကင်လို၊ တော့ပုကီလိုတွေစားမယ်ပြောရင် ကိုယ်ကမကျွေးရလည်းခက်၊ ဆုံးမရလည်းခက်။ ဒါမို့ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် စားသောက်ဆိုင်တစ်ခုဆီသာ ဦးတည်လိုက်သည်။
"အထုပ်တွေအများကြီးပဲ၊ ဈေးဝယ်ပြန်လာတာပေါ့"
"အင်း အစကတော့ ဒါတွေအိမ်ဝင်ထားပြီးမှ ဆုံဖို့ဖုန်းဆက်မလို့ပဲ။ ဒါပေမဲ့ ခေါက်ဆွဲစားမဲ့သူကိုဆူချင်လို့ တန်းလာကြိုတာ"
"ကိုးကိုးကလည်း..."
အနားတိုးကပ်လာသော ကောင်လေး ခပ်ချွဲချွဲအသံကြောင့် လီဗာနင်းထားသည့် ညီမိုးလွင်ခြေထောက်မှာ ရုတ်ချည်းအရှိန်လျော့သွားသည်။ ဦးနှောက်၏အာရုံက ဘုန်းလျှံဆီကိုသာ အကြည့်ပို့စေတော့ တခြားအရာတွေအပေါ် ဂရုမထားနိုင်တော့။ ကြိုးတပ်မျက်မှန်ကလေးကို သူ တသိမ့်သိမ့်စွဲနေလေပြီ။
ကောင်လေးခမျာမှာ စူပုတ်ပုတ်ကလေးနှင့်၊
"ဟိုတစ်ခါပြောပြီးကတည်းက တစ်ခါတလေပဲ စားတော့တာပါ၊ အခုလည်း မိုးယုကိုကျွေးထားခဲ့ပြီလေ။ အရည်တစ်စက်၊ အမျှင်လေးတစ်ဖတ်တောင်မှ လက်ဖျားနဲ့မတို့မထိခဲ့ဘူး။ တကယ် ... တကယ်"
"ဒါဆိုရင်တော့ လိမ္မာသားပဲ ကိုယ့်တေးတေးက"
"အား......"
"ဘာဖြစ်တာလဲ၊ ဘာတွေ့လို့လဲ"
ရှက်ရှက်နှင့် တေးတေးခေါ်ပါတယ်ဆိုမှ ထအော်သောကောင်လေးကြောင့် ညီမိုးလွင် ပျာယာခတ်လေပြီ။
Part - 4 (Unicode)
Start from the beginning