မင်းခ ပြောနေရင်း ဒေါသထွက်လာ၍ မှိုင်းရဲ့ မေးဖျားကို ဆွဲညစ်လိုက်မိတော့ အားပါသွား၍ထင် မျက်နှာတစ်ခုလုံးက ဖြူဖျော့နေကာ မျက်လုံးဝိုင်းဝိုင်းတို့၌ မျက်ရည်စများက ဝေ့သီလာသည်။နှာခေါင်းလုံးလုံးလေးက နီရဲကာ ရှုံ့ပွပွ ဖြစ်လာပြီး မျက်နှာတစ်ခုလုံးနီရဲကာ တွဲခိုနေသော မျက်ရည်စများ မကျစေရန် အံကြိတ်ထားသော မှိုင်းကိုကြည့်ရင်း မင်းခ သနားမိသလို ဒေါသထွက်နေသည့်ကြားမှ ရီလည်းရီချင်လာ၏။

*သူ့သဘောနဲ့သူ တွေးချင်ရာတွေးပူနေတဲ့ အဆိုးလေး။ဘယ်သူက စိတ်ရှုပ်တယ် ပြောမိလို့လဲ*

ထိုပေါက်စလေး လန့်နေသည်ကို မင်းခ သိလိုက်၍ ဒေါသကို လျှော့လိုက်ပြီး လေသံကိုနဲနဲ ပျော့လိုက်ကာ

"မှိုင်း မင်းအနေနဲ့ တစ်ယောက်ထဲနေရတာ နေသားကျနေပြီး ကိုယ့်ဘာသာကိုယ် အမှီအခိုကင်းကင်း ရပ်တည်ချင်နေတာ ကိုယ်သိတယ်။ဒါပေမယ့် အေးတိအေးစက်နဲ့ တစ်ယောက်ထဲ ကွဲထွက်နေတဲ့ မင်းရဲ့ အခုပုံစံကြီးကို ကိုယ်မကြိုက်ဘူး။မင်းအနေနဲ့ မင်းမကြိုက်တဲ့အရာ မင်းမလုပ်ချင်တဲ့အရာ ဒါမှမဟုတ် မင်းလိုချင်တဲ့အရာ ဒါတွေကို မင်းအနေနဲ့ ပြောပိုင်ခွင့်ရှိတယ်။ငြင်းပိုင်ခွင့်ရှိတယ်။ကိုယ့်အပေါ်မှာလည်း ဆိုးပိုင်ခွင့်ရှိတယ်။အခုတော့ ကြည့်ဦး။ဘယ်ကျူရှင်တက်ရမယ် ဆိုတာကို ကိုယ်မင်းကို မကန့်သတ်ဘူး။ဘာလို့လဲဆိုတော့ မင်းအသက် 17ရှိပြီ ဒါကို မင်းဘာသာဆုံးဖြတ်နိုင်တယ်။ဒါပေမယ့် ကျူရှင်သွားအပ်မဲ့ကိစ္စကို မင်းကိုယ့်ကိုမပြောသွားဘူး။မင်း နေကောင်းပျောက်စဘဲ ရှိသေးတာလေ။လက်ကလည်း မသက်သာသေးဘူး။ဒါကို ဆိုင်ကယ်မောင်းပြီး လျှောက်သွားတယ်။ကိုယ်ဖုန်းဆက်တာကို မင်းမကိုင်ဘူး။ကိုယ့်ကို ကိစ္စတစ်ခုခုလုပ်မယ်ဆို အသိပေးသွား သင့်တာမဟုတ်ဘူးလား။ကိုယ် ဒေါသအထွက်ဆုံးက…"

မင်းခ နဖူးကြော မေးကြောများထောင်သည်အထိ အံကြိတ်လိုက်ပြီး

"ကိုယ်မင်းနဲ့ပက်သက်ပြီး စိတ်ရှုပ်စရာလို့ မတွေးဖူးဘူး။အဲ့စကားကို နောက်ထပ် ထပ်မပြောမိစေနဲ့။မင်းက ကိုယ့်ရဲ့ မှိုင်းလေးပဲ။ကိုယ်ပြုစု ပျိုးထောင်လာရတဲ့ကလေးပဲ။"

မှိုင်း(Complete)Where stories live. Discover now