Part (3)

32 5 0
                                    

Unicode

အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက်တွင် သူဆုံးဖြတ်ချက်တစ်ခုအား ခိုင်မာစွာချလိုက်သည်။ ထို့နောက် ကောင်းကင်နန်းတော်သို့ သွားရောက်ရန် ပြင်ဆင်လိုက်သည်။ ခမ်းနားပြီး တောက်ပနေသည့် အဆင်တန်ဆာအား နေရာတိုင်းတွင် ခင်းကျင်းပြင်ဆင်ထားသည်။ ရေသူမျိုးနွယ်များနေထိုင်ရာ အနောက် ပင်လယ်နှင့် ကောင်းကင်နန်းတော်သည် အလွန်တရာကွာခြားလှသည်။ လှပလွန်းသည့်အပြင် နေချင်စရာအပြည့်ဖြင့် ကောင်းကင်ဘုံအား အဝင်ဝမှလှည့်ပတ်ကြည့်ရှုကာ အံ့သြမှင်သက်နေသည်။

မယ်တော်ပေးခဲ့သော တံဆိပ်ပြားလေးအားကိုင်ဆောင်ကာ ကောင်းကင်နန်းတော်အဝင်ဝတွင် ယောင်လည်စွာဖြင့် ရပ်ကြည့်နေသည်မှာ မည်မျှကြာနေပြီမှန်းမသိပေ။ ကောင်းကင်နန်းတော်၏ အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ဟုထင်ရသော နတ်မင်းတစ်ပါးသည် ယောင်လည်နေသော သူ့အနားသို့ချဥ်းကပ်လာသည်။ သူ၏လက်ထဲတွင် ဆုတ်ကိုင်ထားသော တံဆိပ်ပြားအား မြင်တွေ့သွားသော်လည်း တည်ငြိမ်စွာဖြင့်ပင် အစောင့်တစ်ဦးအား ခေါ်ကာ သူ့အား ကောင်းကင်မင်းကြီးရှိရာနန်းဆောင်သို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

အမိန့်အားလက်ခံရရှိသော အစောင့်နတ်မင်းသည် ထိုသူအား ရိုသေစွာဂါဝရပြုလိုက်ပြီးနောက် သူ့အား ကောင်းကင်မင်းကြီးထံသို့ခေါ်ဆောင်သွားသည်။ အေးဆေးတည်ငြိမ်သော ထိုနတ်မင်းအား သူအချိန်ကြာမြင့်စွာ နောက်လှည့်၍ ငေးကြည့်မိသေးသည်။ ထိုနတ်မင်းသည် မြင်တွေ့လိုက်ရရုံဖြင့် အေးချမ်းခြင်းအား ခံစားလိုက်ရသည်။ ထို့အပြင် တန်ခိုးသြဇာကြီးမားကာ အရေးပါသောနတ်မင်းတစ်ပါးဖြစ်သည်အား ခန့်မှန်းမိနိုင်သည်။

အဆင်တန်ဆာအားအများအပြားဆင်ယင်ထားခြင်းမရှိဘဲ ကျောက်စိမ်းပြားတစ်ခုထဲအား ဆင်ယင်ထားကာ အေးစက်သည့်အကြည့် အပြုံးအရယ်မရှိသော မျက်နှာအား သူမြင်ယောင်မိနေသည်။ သူ၏ စိတ်ထဲတွင် ကြည့်ကောင်းသည်ဟု မှတ်ယူထားလိုက်သည်။

ကောင်းကင်မင်းကြီးနေထိုင်ရာ အဆောင်တော်သည် ဝင်းလက်ကာ သြဇာအာဏာမည်မျှကြီးသည်ကို အထင်သားမြင်နေရသည်။ ရွှေရောင်တဖိတ်ဖိတ်လက်နေသော ပစ္စည်းများနှင့်အလှဆင်ထားသည့် ဤနန်းဆောင်အပြင်အဆင်အား အံ့သြစွာပင်ငေးကြည့်နေမိကာ အဆောင်အတွင်းသို့ ဝင်ရန်ပင် မဝံ့မရဲဖြစ်ရသည်။ သူ၏ ဖခင်ဖြစ်သူသည် ဤမျှလောက် တန်ခိုး အာဏာကြီးမည်ဟုလည်း မထင်ထားခဲ့ပေ။

ချစ်ခြင်း၏တစ်ဖက်ကမ်း ပေးဆပ်ခြင်းမှတ်တမ်း (BL)Where stories live. Discover now