P 💛

85 11 3
                                    

Unicode

ဒီနေ့က သင်္ကြန်အကြိုနေ့။
တစ်နှစ်မှ တစ်ခါသာ ပျော်ခွင့်ရသည်မို့ စစချင်းရက်မှာတင် လူတိုင်းက တက်ကြွနေကြသည်မှာ အိမ်နီးနားပတ်ဝန်းကျင်မှာတင် မနက်အစောကြီးကတည်းက ရေကစားနေကြသူများနှင့်ဆူညံနေလေသည်။

"ထယ်ထယ်က ရေမဆော့ချင်ဘူးလား ဟိုမှာ သူငယ်ချင်းတွေဆော့နေတာ ပျော်စရာကောင်းတယ် မဟုတ်လား"

မေမေက ထယ်ယောင်းခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပုတ်ကာမေးသည်။ မျက်နှာချင်းဆိုင်အိမ်က အုန်းလက်မဏ္ဍပ်အောက်က ကလေးတွေကို ကြည့်ရင်း ထယ်ယောင်းမျက်နှာလေးက ခပ်မဲ့မဲ့။

"ထယ်ထယ်လည်း ဆော့ချင်ပါတယ်။ ဒါပေမဲ့ ရေစိုမှာကြောက်တယ် မေမေ‌ရဲ့"

ထယ်ယောင်းစကားကြောင့် မေမေ့ရယ်သံချိုချိုက ပျံ့လွင့်လို့လာသည်။

"မေ့သားလေးရယ်.... သင်္ကြန်ဆိုတာ ရေစိုမှပေါ့။ သင်္ကြန်ဆိုတာ နှစ်သစ်ကူးပွဲတော်ပဲ။ နှစ်ဟောင်းက အညစ်အကြေးတွေကို အဲ့လို ရေနဲ့ဆေးကြောကြတယ်"

ဦးနှောက်သေးသေးလေးထဲ အတွေးများနေပုံရတဲ့ ထယ်ယောင်းလေးကို မေမေက ချစ်မဝသလို ခပ်ပြုံးပြုံးလေး ကြည့်လို့နေသည်။

"နေပူထဲမှာ အဲ့လိုရေတွေနဲ့ပက်တော့ နေမကောင်းဖြစ်မှာပေါ့ မေမေ။ နေမကောင်းဖြစ်ရင် ခါးတဲ့ဟာတွေ အများကြီး သောက်ရမှာ"

ဆေးကြောက်တဲ့ ကလေးပေါက်စလေးက သူဖျားမှာကိုတော့ အရမ်းကြောက်ပါသည်။ ငါးနှစ်အရွယ် ထယ်ယောင်းလေးအတွက် အမုန်းဆုံးက ထိုဆေးခါးတွေပဲဖြစ်လိမ့်မည်။

"သင်္ကြန်ရေက ဘယ်လောက်ပဲနေပူထဲဆော့ဆော့ မဖျားဘူးတဲ့ မေမေ့ကိုယုံ"

ထိုအခါမှ ပါးလုံးလုံးလေးနှစ်ဖက်မို့တက်လာအောင် ပြုံးပြလာသည့် ထယ်ယောင်းလေးက အွန်းကနဲ ခေါင်းလေးငြိမ့်ပြလို့လာသည်။

***********************

"ဟေ့ကောင် ဟိုမှာ လူတွေလာနေပြီလေ မပက်ဘဲ ဘာလုပ်နေတာလဲ"

ဘေးက သူငယ်ချင်းက ဂျောင်ကုကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း သူတို့ဆီလာနေတဲ့လူတွေကို အမိအရ ရေပက်ဖို့ကြိုးစားနေသည်။
‌ဂျောင်ကု မျက်နှာချင်းဆိုင်အိမ်က ချစ်စရာကောင်းတဲ့ကိုကိုတစ်ယောက်ကို မျှော်နေပေမဲ့ မျှော်နေသူက အခုချိန်ထိ ပေါ်မလာ။ ဘောင်းဘီတို ဝတ်ထားသည့် ခြေထောက်ဖြူဖြူလေးတွေက စိတ်မရှည်မှုကြောင့် လှုပ်လှုပ်ရွရွ ဖြစ်လို့နေသည်။ တကယ်ပါပဲ သူ့မှာတော့ ကိုကိုနဲ့တူတူဆော့ချင်လို့ ဆိုင်က အမိုက်ဆုံးရေပြွတ်‌သေနတ်ကိုလည်း ခက်ခက်ခဲခဲရွေးလာရသည်။ နေကာမျက်မှန်နဲ့ အင်္ကျီလှလှလေးလည်း မေမေ့ကိုပူဆာပြီး ဒီနေ့ ကြည့်ကောင်းအောင်ဝတ်ထားသေးသည်။

Love In April (One Shot Collection)Where stories live. Discover now