အဲဒီနေ့ဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကနေ့တွေနဲ့ အတူတူပါပဲ။
ကြက်ဖတွန်သံအနည်းငယ်ကို ကြားရပြီးနောက် Qing Shuiမြို့ဟာ လူသားများရဲ့အငွေ့အသက်များနှင့် တဖြည်းဖြည်းချင်း အသက်ဝင်လာခဲ့တယ် ။
Hui Chun ဆေးခန်းမှ အဘိုးကြီး Mu ဟာ သားသတ်သမား Gao ဆီကနေ လတ်ဆတ်သောသိုးသားကို အလျင်အမြန်သွားယူတယ်။
အကူအစေခံနှစ်ယောက်ဟာလည်း ထိုနေ့ရဲ့စီးပွားရေးကို စတင်ဖို့အတွက် အလုပ်ရှုပ်နေကြပါတယ်။မြို့ရဲ့သမားတော် Wen Xiao Liu ဟာ ဘယ်ဘက်လက်မှာ အသီးအရွက်များနှင့်နှပ်ထားတဲ့သိုးသားဟင်းပန်းကန်လုံးတစ်လုံးကိုကိုင်ထားပြီး တခြားလက်တစ်ဖက်မှာတော့ မုန့်ပြားတစ်ချပ်ကိုကိုင်ကာ အိမ်အနောက်ဘက် ဥယာဉ်မြေကွက်လက်ကလေးမှာ ဆောင့်ကြောင့်ထိုင်ရင်း ခေါင်းကိုငုံ့ပြီး ဆူညံစွာ စားသောက်နေတယ်။
သူ့ရဲ့အနောက်ဘက်ခြေနှစ်လှမ်းစာအကွာအဝေးနားမှာ ဆေးဖက်ဝင်အပင်များစိုက်ပျိုးထားတဲ့ မြေကွက်နှစ်ကွက်ရှိနေပြီး ထိုမြေကွက်နှစ်ခုကြားရှိ လမ်းသွယ်လေးကတော့ မြစ်ငယ်တစ်ခုဆီ ဦးတည်ပါတယ်။
နေမင်းဟာ အခုမှစထွက်ကာစဖြစ်ပြီး သူ့ရဲ့ရွှေရောင်အလင်းတန်းတို့က မြင်ရေမျက်နှာပြင်ပေါ်ကို ဖြာကျနေတယ်။
ပန်းပွင့်များဟာ မြစ်ရဲ့ကမ်းပါးနှစ်ဖက်မှာ ဖူးပွင့်နေကြပြီး ကျေးငှက်တို့ကလည်း ပျံလိုက်၊ နားလိုက်နဲ့မို့ မြင်ကွင်းက အလွန်ကဗျာဆန်လှပါတယ်။
Xiao Liu ဟာ မြင်ကွင်းကို ရင်သပ်ရှုမောစွာငေးမောနေရင်းနဲ့ ဘဲငန်းတွေက ဆူဖြိုးလှတာကြောင့် နည်းနည်းလောက်ဖမ်းပြီး ကင်စားရရင် အရသာရှိမှာပဲလို့ တွေးတောနေတယ်။သိုးသားနှပ်ကို စားသောက်ပြီးနောက်မှာတော့ သူရဲ့ညစ်ပေနေတဲ့ပန်းကန်လုံးကို တခြားညစ်ပေနေတဲ့ပန်းကန်လုံးတွေထည့်ထားတဲ့ တံခါးဘေးရှိ လက်ဆွဲပုံးထဲကို ထည့်လိုက်တယ်။
ပြီးတော့ ပန်းကန်ဆေးဖို့အတွက် လက်ဆွဲပုံးကို ဆွဲယူလိုက်ပြီး မြစ်ရှိရာသို့ ထွက်လာလိုက်တယ်။မြစ်ဖျားရှိ ရေသစ်လုံးအချို့ရဲ့ဘေးမှာ မဲမဲအရိပ်သဏ္ဌာန်တစ်ခုတွေ့ရတယ်။
အဲ့တာက ဘာငှက်လဲဆိုတာတော့ မသဲကွဲဘူး။
Wen Xiao Liu လည်း ရေပုံးကိုအသာချကာ ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး ထိုအရာကို ပေါက်လိုက်ပေမယ့် အဲ့ဒီအရာက လှုပ်ရှားလာခဲ့ခြင်းမရှိဘူး။
YOU ARE READING
အဆုံးမဲ့သော တမ်းတခြင်း ( Lost You Forever - 长相思 မြန်မာဘာသာပြန် )
Historical Fictionလူ့ဘဝဟူသည် တွေ့ဆုံခြင်းဖြစ်သလို ခွဲခွာခြင်းလည်းဖြစ်တယ်။ စတင်သည့်အခိုက်အတန့်ဖြစ်သလို မေ့ပျောက်ခြင်းအခိုက်အတန့်လည်းဖြစ်တယ်။ သို့သော် ဘဝမှာ တစ်ကြိမ်တစ်ခါဖြစ်ပေါ်ခဲ့ဖူးတဲ့အရာတွေဟာ ခြေရာလက်ရာအဖြစ်ကျန်ရှိနေခဲ့မှာဖြစ်ပြီး တစ်ကြိမ်တစ်ခါဆုံတွေ့ခဲ့ရဖူးတဲ့လူတစ...