"စုံစမ်းခဲ့တာပေါ့" ချင်ဝမ်ယွီ အတည်ပြုလိုက်သည်။
"ဒါပေမဲ့ ဆန်းရှန် အဲ့ဒီပစ္စည်းတွေကို လေလံပွဲကပြန်သယ်တုန်းက ဘယ်ဧည့်သည်မှ ဝင်မတားခဲ့ကြဘူးလေ။ သူတို့က ပြန်လည်း မခုခံဘူး။ သူတို့နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ပဲ ကြေညာထားတာ။ ဆန်းဟုန်လူတစ်ချို့ကို ဖမ်းလိုက်ပေမဲ့ သူတို့က အရေးကြီးတာ ဘာမှမသိဘူး။ အဲ့ဒီ မှောင်ခိုစျေးကွက်က လူတွေက သေချာပြင်ဆင်ထားတာပဲ"

ရှို့ဟုန်လေ ပျောက်ကွယ်သွားမှုကိုလည်း ဇူအန် သတိရလိုက်မိသည်။ အရေးအကြီးဆုံးပုဂ္ဂိုလ်များက အမှောင်ရိပ်ထဲ ခိုအောင်းသွားတာ အသေအချာပင်။ ဆန်းဟုန် တစ်ခုခုရှာနိုင်စရာ အကြောင်းမရှိပေ။
"သခင်မ အခုဘာလုပ်ဖို့ စီစဉ်ထားလဲ" ဇူအန် မေးလိုက်သည်။

ချင်ဝမ်ယွီ ပြန်ဖြေသည်။
"အစကတော့ နည်းနည်းတွေဝေနေပေမဲ့ ဆန်းဟုန်ကို ဆားလက်မှတ်အကြောင်း ငါတို့လမ်းကြောင်းကနေ သတင်းပေးပြီးပြီ။ ဒါက ကျုန်းထန်အပြစ်ကို ဖျက်ပေးပြီး သူ့ကို လွတ်မြောက်စေလိမ့်မယ်။ ဆန်းဟုန်ရဲ့ သံသယအတွက်ကတော့ ချူအိမ်က မှောင်ခိုစျေးကွက်နဲ့ ပတ်သက်နေတယ်လို့ သူမထင်လောက်ပါဘူး"

"အဲ့လောက် ချောမွေ့မယ်လို့တော့ ကျုပ်မထင်ဘူး..." ဇူအန် စိတ်ပူနေသေးသည်။ သို့သော် ချင်ဝမ်ယွီက ချူကျုန်းထန်ကို အမြန်ကယ်ထုတ်ချင်ကြောင်း သူနားလည်သည်။ အဖမ်းခံထားရပြီး ခံစားရမှာ မမြင်ချင်တော့ပေ။

ထို့နောက်တွင် ချင်ဝမ်ယွီ သူ့လူယုံများကို စုစည်းကာ ချူကျုန်းထန် လွတ်မြောက်ရေးကို တိုင်ပင်လိုက်သည်။

....

ဇူအန် ကျန်းတန်အတွက် စိတ်ပူသော်လည်း ကျန်းအိမ်အထိသွားတွေ့ရန် မသင့်တော်ပေ။ တစ်ခုတည်းသောနည်းက အကယ်ဒမီကိုသွားရန်နှင့် ကျန်းတန်အဲ့ဒီမှာရှိနေရန် ဆုတောင်းရုံပင်။
အကယ်ဒမီရောက်သော် ကျန်းတန်ဘေးတွင် လူအုပ်ကြီး ဝန်းရံနေသည်။ ကြည့်ရတာ အများစုက သူမကို ဂုဏ်ပြုနေပုံပင်။

"ကျေးဇူးတင်ပါတယ် အတန်းဖော်တွေ။ ကျွန်မ ဒီလောက်လက်ဆောင်အများကြီးရမယ်လို့ မထင်ထားဘူး" ကျန်းတန်မျက်နှာတွင် ညှို့မှိုင်းခြင်းတစ်စက်မရှိသော အပြုံးလှလှလေး ရှိနေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Hikayelerin yaşadığı yer. Şimdi keşfedin