ထိုအရာကိုကြားသော် ချီဒေါင်ရင်း စိတ်လှုပ်ရှားလာသည်။
"ဘာခေါင်းစဉ်လဲ မေးလို့ရမလား"

ဆန်းရှန် ထပြောသည်။
"အစ်ကိုဇူရဲ့ စာပေအရည်အချင်းကိုသိနေတော့ ပုံမှန်အရာဆို သူ့ကိုနည်းနည်းလေးမှ ခက်စေမှာမဟုတ်ဘူး။ မရင်းနှီးတဲ့အရာတစ်ခုခု ရှာပေးမှ သူ့အရည်အချင်းကို ပိုပြီး ပေါ်လွင်စေမှာလေ။ ဘာလို့ ဖားပြုတ်ကို ခေါင်းစဉ်အဖြစ် မသုံးလဲ"

သူ့စကားများကြောင့် အပေါ်ထပ်တစ်ခုလုံး ငြိမ်ကျသွားသည်။ ယဉ်ကျေးသောအမူအရာနှင့် ပြောလိုက်သော်လည်း ဇူအန်ကို ပစ်မှတ်ထားနေကြောင်း လူတိုင်းသိနိုင်သည်။
သူက ဇူအန်နှင့် ချူချူယန်၏ ယှဉ်တွဲမှုကို ငန်းနှင့်ဖားပြုတ်ဟု ပြောရုံသာမက မိန်းမလှ၃ဦးကို မျှော်မှန်းနေခြင်းကိုလည်း ဖားပြုတ်က လက်လှမ်းမမီသော ငန်းသားကို ငမ်းနေခြင်းဟု လှောင်နေသည်။

ရှို့ဟုန်လေ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီစကားက သိပ်ပြီး မသင့်တော်တာ မဟုတ်ဘူးလား။ ဒီလိုခေါင်းစဉ်ကနေ ဘယ်လိုစာပေကောင်းမျိုး ထွက်လာနိုင်မှာလဲ။ တစ်ခြားခေါင်းစဉ်တစ်ခု ပြောင်းလိုက်ရင်ရော"

ဇူအန် ရှို့ဟုန်လေအကြောင်း တွေးမိလိုက်သည်။
အပေါ်ယံမှာတော့ ငါ့ကိုအေးစက်စက် ဆက်ဆံနေပြီး စိတ်ထဲမှာတော့ အတော်လေး ဂရုစိုက်သေးပုံပဲ။ မင်းရဲ့ ခုနက လုပ်ရပ်အတွက် ခွင့်လွှတ်ပေးလိုက်ပါမယ်လေ။

ချီဒေါင်ရင်း လည်း ပြောလိုက်သည်။
"အမှန်ပဲ ကျွန်မဒီလို ခေါင်းစဉ်မျိုး တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ ဒါနဲ့ပတ်သက်တဲ့ ကဗျာမျိုးလည်း မဖတ်ဖူးဘူး။ ခေါင်းစဉ်ပြောင်းဖို့ လက်ခံတယ်"

ကျန်းတန်တစ်ယောက်သာ ဘာမှမပြောဘဲ ပြုံးနေသည်။ သူ့နေရာက သူ့သတို့သားလောင်းကိုဆန့်ကျင်၍ ဇူအန်ကို ကူညီရန် မဖြစ်နိုင်ပေ။ သို့သော် ဇူအန် တစ်ခြားမိန်းမများရှေ့တွင် ပြဿနာတက်ရန် တိတ်တဆိတ် မျှော်လင့်နေမိသည်။ တစ်ခြားမိန်းမများနှင့် ရှုပ်ပွေရန် မလိုလားပေ။

ဝမ်ယွမ်လုံ စိတ်ထဲမှ နောင်တရလာပြီး ဆန်းရှန်ကို စိတ်ပြောင်းရန် ထပြောလိုက်သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးအခြေအနေကို ကြိုသိလျှင် နှစ်ယောက်လုံးကို တစ်ချိန်တည်း မဖိတ်ခဲ့ပေ။ သူ့ပြဿနာ သူရှာမိတာပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now