ဇူအန် ပြုံးလိုက်သည်။
"စိတ်မပူနဲ့"

ရတနာပုံထံသွားကာ စိတ်စွမ်းအင်တစ်ချို့ ထည့်လိုက်သည်။ အာရုံတစ်ချက် စုစည်းလိုက်ရုံဖြင့် တောက်ပသောရတနာများ အစမကျန် ပျောက်သွားလေသည်။

"သိုလှောင် မှော်ပစ္စည်း တစ်ခု" ကျန်းတန် အံ့သြသွားပြီး စိတ်လှုပ်ရှားကာ မျက်နှာနီလာသည်။
"ရှင့်ဆီက အကြွေးစာချုပ်ကို ကျွန်မရှာလို့မတွေ့တာ မဆန်းတော့ဘူး။ ရှင့်မှာ ဒီလိုပစ္စည်းတစ်ခုရှိနေတာပဲ။ ကျွန်မကတော့ အများကြီး အနစ်နာခံလိုက်ရတာ..."

ဇူအန် ကျန်းတန်၏ခါးသွယ်သွယ်ကို ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။
"အဲ့တာတွေမရှိရင် ငါတို့အတူတူဖြစ်လာမှာမဟုတ်ဘူး။ ဒါက တကယ့်ကို ကံတရားရဲ့ စေစားချက်ပဲ"

"ကံတရားက တကယ် မကြင်နာတာပဲ" ကျန်းတန် နှာခေါင်းရှုံ့လိုက်သည်။ ဇူအန် လုပ်ရပ်ကို မခံနိုင်တော့ဘဲ မျက်နှာနီကာ နောက်သို့ ပြန်လှည့်လိုက်သည်။
ဇူအန် အော်ရယ်ပြီး သူမနောက်က လိုက်လာလေသည်။

"ဟုတ်သားပဲ။ နဂါးတွေက ရန်ငြှိုးကြီးတယ်လို့ ကြားဖူးတယ်။ ရှင် သူ့ရတနာတွေအကုန်လုံး ခိုးသွားတာသိရင် ရှင့်နောက်ကို လိုက်လာရင်ရော" သူတို့ ဂူထဲက ထွက်ချိန်တွင် ကျန်းတန် ပြောလိုက်သည်။

"စိတ်မပူနဲ့။ အဲ့ဒီနဂါးက ပြန်လာမှာမဟုတ်ဘူး" ဇူအန် ပြုံးလိုက်သည်။

ကျန်းတန် အံ့သြသွားပြီး
"ကြည့်ရတာ ရှင့်ဘေးမှာ တကယ်ပဲ သိုင်းပညာရှင်တစ်ယောက် ရှိပုံပဲ"
ဆန်းအိမ်က သူ့ကို ဒီတာဝန်ပေးထားသော်လည်း ယခုလိုအခြေအနေတွင် အဖြေရလိမ့်မည်ဟု မထင်ထားပေ။ ဒီအတွက် ပေးဆပ်လိုက်ရတာက အရမ်းများလွန်းသည်။

"သူ့ကို သတ်လိုက်တာက ငါဆိုရင် ဘယ်လိုလုပ်မလဲ" ဇူအန် မနေနိုင်ဘဲ ပြောမိသည်။

"ရှင်က ကြွားရတာ တကယ်ကြိုက်တာပဲ" ကျန်းတန် လှောင်လိုက်သည်။
"စိတ်မပူပါနဲ့ ။ ကျွန်မ ဆန်းအိမ်ကို မပြောပါဘူး"

ထိုမျှအင်အားကြီးသော နဂါးတစ်ကောင်ကို သတ်နိုင်ရန် ဇူအန်တွင် အစွမ်းရှိကြောင်း မယုံပေ။ ထို့အပြင် နဂါးအလောင်းအလည်း ပျောက်ကွယ်သွား၍ ထိုပညာရှင် ယူဆောင်သွားခြင်း ဖြစ်ရမည်။
အဲ့ဒီ ပညာရှင်က ဘယ်လောက်တောင် အားကောင်းတာလား။ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါကိုတောင် သတ်နိုင်တယ်။
ချူအိမ်က မဖြစ်နိုင်သောအရာကို ဆုတ်ကိုင်ရန်ကြိုးစားနေ၍ ကျန်းအိမ်က ချူအိမ်ကို လွှမ်းမိုးနိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။ သို့သော် ချူအိမ်တွင် ဒီလိုထိပ်တန်းပညာရှင်တစ်ယောက်၏ အကူအညီရှိနေပါလျှင် အဖြေက ပြောရခက်သွားပေမည်။
ဇူအန်ကို ကျန်းအိမ်တော်ထဲ ဆွဲသွင်းရန်ပင် အလိုလို တွေးမိသေးသည်။ သို့သော် လက်ရှိတွင် ဆန်းအိမ်နှင့် သူမ စေ့စပ်ပွဲက ရှိနေသည်။ လေးလံစွာ သက်ပြင်းချမိပြီး ဘာမှမပြောတော့ဘဲ ထိုအတွေးကို လက်လွှတ်လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now