ထိုစဉ် ဂူအပြင်ဘက်တွင် ဇူအန် မလှုပ်မယှက် လှဲလှောင်းနေသည်။ ရုတ်တရက် လက်တစ်ချောင်း လှုပ်လာပြီး ခန္ဓာကိုယ်  တဖြည်းဖြည်း အာရုံပြန်ရလာသည်။

တစ်ကိုယ်လုံး နာကျင်မှုများ ပြည့်နှက်နေလေသည်။ ဇူအန် အံကြိတ်ကာ မျက်နှာရှုံ့တွနေသည်။ သူ့အရိုး ဘယ်လောက်များများ ကျိုးသွားကြောင်း ဇူအန် မခန့်မှန်းတတ်တော့ပေ။

"မင်းဝမ်းသာသင့်တာ။ မင်းခန္ဓာကိုယ်သာ ကမ္ဘာဦးမူလကျင့်စဉ်နဲ့ ပြုပြင်ထားတာမရှိရင် မင်းအခုချိန် အသားပြားဖြစ်နေလောက်ပြီ" မိန်လိ ပြောလိုက်သည်။
"မင်းက မိန်းမတစ်ယောက်ရှေ့ ဝံကြွားပြနေတာလေ။ အခု မင်းကိုယ်မင်းပြန်ကြည့်ဦး" ဇူအန် ခံစားရမှုကို မိန်လိက သာယာနေပုံပင်။

ဇူအန် နာကျင်မှုကို ချုပ်ထိန်းရန် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူက နှာမှုတ်၍
"ဒီဟာ ဘယ်လောက်နာနာ ခင်ဗျားကျုပ်ကို အသေအလဲလိုက်ရိုက်တုန်းကလောက် မနာပါဘူး"

မိန်လိ ပြောစရာမကျန်တော့ပေ။
ဇူအန်ကို အဆက်မပြတ် လိုက်ရိုက်နှက်စဉ် ဇူအန် ခဏခဏပြန်ထလာသောမြင်ကွင်းကို ပြန်မြင်ယောင်မိလိုက်သည်။ အဲ့ဒီတုန်းက ဇူအန်တစ်ကိုယ်လုံး သွေးရွှဲရွှဲစိုနေပြီး တစ်ကိုယ်လုံး ဒဏ်ရာမရှိသောအစိတ်အပိုင်းမရှိပေ။ အနည်းငယ်ပင် နောင်တရချင်လာသည်။

ဇူအန် ဂူဘက်ကိုပြန်လှည့်၍
"ဧကရီမမကြီး ခင်ဗျား အဲ့ဒီနဂါးကို နိုင်လောက်လား" အသံနှိမ့်ကာ မေးလိုက်သည်။

မိန်လိ ပုံရိပ်က ခေါင်းယမ်းပြကာ
"ငါ ဝိညာဉ်ပုံစံပြောင်းပြီးတဲ့နောက် ငါ့အင်အားက အရမ်းနိမ့်ဆင်းသွားတာ။ မျက်ရည်နီအဆိပ်က အရမ်းအစွမ်းထက်လွန်းလို့ ငါ့ဝိညာဉ်ကိုပါ သက်ရောက်နိုင်တယ်။ ငါက ဝိညာဉ်ကို အဆိပ်ဖြေဖို့ အာရုံအပြည့်စိုက်နေရလို့ အဲ့ဒီနဂါးကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

"ငါ အဲ့ဒီနဂါးကို ရှင်းဖို့ နည်းလမ်းရှိရင်တောင် ငါလုပ်ပေးမှာမဟုတ်ဘူး။ ဘာလို့ငါက ငါနဲ့ဘာမှမဆိုင်တဲ့မိန်းမတစ်ယောက်အတွက်နဲ့ ဒီတစ်ချိန်လုံး လုပ်ထားတဲ့ အကျိုးရလဒ်ကို အဖြုန်းတီးခံမှာလဲ။ ငါ ဒဏ်ရာအပြင်းအထန်တောင်ရနိုင်သေးတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now