" ကို ကို အင်း "
" ကြားလား ကြားလား ကိုကိုလေးတဲ့ "
" မဟုတ်ပါဘူး ကို ကို ကြီးပါ...ဒီလောက်ပီပီသသ ကိုကိုကြီးလို့ခေါ်နေတာကို "
ညီအစ်ကိုနှစ်ယောက်က ယောင်းကလေး ပထမဆုံးစခေါ်တဲ့နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားနေကြသည်။ အဖိုးနဲ့အမေဖြစ်သူတို့ကတော့ ဒီအငြင်းပွားမှုမှာ ပါ၀င်ခွင့်မရှိ၍ ခပ်လှမ်းလှမ်းတွင်သာ နှုတ်ဆိတ်နေရပါသည်။
သူတို့ ပါ၀င်ခွင့်မရှိတဲ့အကြောင်းမှာတော့ ယောင်းကလေး ပထမဆုံး စပြောလိုက်သည်က မေမေလည်းမဟုတ် ဖိုးဖိုးလည်းမဟုတ်ဘဲ ကိုကိုအင်း ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
သို့ဖြစ်၍ ကိုကိုနဲ့သက်ဆိုင်သူနှစ်ယောက်မှာ သူ့ကိုပြောတာ ငါ့ကိုပြောတာဖြင့် အငြင်းပွားလို့ မဆုံးနိုင်ဖြစ်နေသည်။
" ကိုကိုလေးပါဆို ကိုကိုလေးပါဆို "
" ဟ ကိုကိုကြီးလို့ ကြားရဲ့သားနဲ့...အငယ်လေးက ကကပ်သီးကပ်သတ် "
ယွန်းဂီမခံချင်ဖြစ်လာသည်။ ယောင်းကလေးနဲ့အမြဲအတူတူရှိနေသူမှာသူဖြစ်ပြီး တစ်ချိန်လုံး စကားပြောသင်ပေးနေသူမှာလည်း သူဖြစ်တာကြောင့် ယောင်းကလေးပထမဆုံးစပြောတဲ့စကားလုံးက သူနဲ့ပတ်သက်တာပဲဖြစ်ရမယ်လို့ ယွန်းဂီက တထစ်ချယုံကြည်ထားသည်။
ယွန်းဂျယ်ကတော့ စပ်ဖြီးဖြီးဖြစ်နေသည်။ ယောင်းကလေး ပြောလိုက်တာ ကိုကိုကြီးဖြစ်ဖြစ် ကိုကိုလေးဖြစ်ဖြစ် ကိုကိုအင်းပဲဖြစ်ဖြစ် သူအတွက်က သိပ်မထူးပါ။ နှုတ်ခမ်းတထော်ထော်နဲ့ ဆူပုတ်နေတဲ့ သူ့အငယ်လေးကို စချင်လို့သာ တမင်လိုက်ပြီးကပ်သပ်ပြောနေခြင်းဖြစ်သည်။
" နေနှင့်ဦး ကိုကြီး နေနှင့်ဦး...ယောင်းကလေး ကြီးလာမှမေးပြမယ် ကြည့်နေ "
ခြေဆောင့်ထွက်သွားတဲ့ ယွန်းဂီလေးက ထိုနေ့ကစလို့ အိပ်ယာ၀င်တိုင်း ယောင်းကလေး မြန်မြန်အရွယ်ရောက်လာဖို့ကို ဆုတောင်းတော့သည်။
တဝါးဝါးနဲ့အော်ရယ်ရင်း ကျန်ခဲ့တဲ့ ယွန်းဂျယ်ကတော့ ယောင်းကလေးအနားကို အသာတိုးကပ်သွားသည်။ ပြီးနောက် လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသလို တိုးတိုးလေးကပ်ပြောလိုက်သည်။