သူတို့ထွက်လာခါနီးအချိန်ကို ပြန်တွေးကြည့်လိုက်တယ်။ ရွှယ်ယို့ရှန်းက ရုတ်တရက်ကြီး ပစ္စည်းတွေအများကြီး ရှာဖွေပေးဖို့ ပြင်းပြင်းထန်ထန် အမိန့်ပေးခဲ့တယ်။ ဆေးပစ္စည်းအမျိုးမျိုး၊ ပြီးတော့ တိုလီမိုလီပစ္စည်းလေးတွေ၊ တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းတွေနဲ့ ဖျက်ဆီးရေးစွမ်းရည်ပြင်းထန်တဲ့ လက်နက်တွေရောပဲ။

ရွှယ်ယို့ရှန်းပြောခဲ့တာကို မှတ်မိပါသေးတယ်။ ‘ဒီပစ္စည်းတွေအားလုံးက ရင်းဆုယဲ့အတွက် အထောက်အကူဖြစ်လိမ့်မယ်’ တဲ့။ အဲ့တာကြောင့် မြေခွေးလည်း လျှို့ဝှက်သက်တော်စောင့်တွေကို စေလွှတ်ပြီး ထိုပစ္စည်းတွေကို အချိန်တိုအတွင်း ပြင်ဆင်ခိုင်းရတော့တယ်။ ဘာအတွက် အသုံးလိုမှန်း မသိပေမယ့်ပေါ့။ တချို့ပစ္စည်းတွေက ရှာဖွေရခက်ခဲပြီး လိုက်ရှာဖို့ကလည်း အချိန်လုံလုံလောက်လောက်မရှိတော့ ရှိတဲ့ပစ္စည်းတွေနဲ့ပဲ ထွက်လာခဲ့လိုက်ရတယ်။

ပထမ ၄၈ ရက်က လူသားတွေရင်ဆိုင်နိုင်တဲ့ အတိုင်းအတာမှာ ရှိနေသေးတယ်ဆိုရင် နောက်ဆုံးရက်ရဲ့ အပြစ်ဒဏ်က လူသားတွေရဲ့ခံနိုင်ရည်ကို ကျော်လွန်သွားနိုင်တယ်။ လူသေကောင် ဖြစ်သွားလောက်တဲ့အထိ ကြမ်းတမ်းတဲ့ အပြစ်ဒဏ်မျိုးပဲ။ အဲ့တာကြောင့် မြေခွေးက ရွှယ်ယို့ရှန်းရဲ့ တောင်းဆိုချက်ကို အလွယ်တကူ သဘောတူလိုက်ပြီး သူ့ရဲ့သခင်ကို တွေ့နိုင်ဖို့ မြေအောက်အကျဉ်းထောင်ထဲကို ဖောက်ဝင်ခဲ့တာပေါ့။ ထောင်ဖောက်ပြီး သူ့ရဲ့သခင်ကို ကယ်ထုတ်လို့မရဘူးဆိုရင်တောင် အနည်းဆုံးတော့ ‘ကံကြမ္မာကူးပြောင်းခြင်း’ရဲ့ နောက်ဆုံးနေ့ရက်အတွက် အသက်ရှင်နိုင်အောင် တိတ်တဆိတ် ကူညီပေးနိုင်သေးတယ်လေ။

“ကျွန်တော်တို့ ရောက်ပြီ..”

မြေခွေးက ရွှယ်ယို့ရှန်းကို ခေါ်ဆောင်ပြီး အကျဉ်းခန်းတချို့ကို ဖြတ်ကျော်သွားလိုက်တယ်။ ထောင့်ချိုးနှစ်ခုကွေ့ပြီးနောက် မှောင်မိုက်တဲ့ လမ်းကျဉ်းလေးတစ်ခုထဲ လျှောက်ဝင်သွားလိုက်တယ်။ ထို့နောက် မြေအောက်အကျဉ်းထောင်ရဲ့ အတွင်းဘက်အကျဆုံး အကျဉ်းခန်းလေးတစ်ခုရှေ့မှာ ရပ်တန့်လိုက်လေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Onde histórias criam vida. Descubra agora