“အားဇူ ရှင်ဒီမှာ ဘာလုပ်နေတာလဲ”
ကျန်းတန် လည်း သူ့ကို မှတ်မိဟန်ရှိသည်။ သူမ၏ မျက်နှာတွင် အံသြမှုဖြစ်ပေါ်နေသည်။

“အဟမ်း..အဟမ်း...” ဆန်းရှန်၏ အလိုမကျသော ချောင်းဟန့်သံက သူတို့၏ အနောက်မှ ထွက်ပေါ်လာသည်။ “မင်းတို့နှစ်ယောက် ဘယ်အချိန်ထိ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြဦးမှာလဲ”

ထိုအချိန်မှသာ သူတို့ တစ်ဦးကိုတစ်ဦး သိုင်းဖက်ထားဟန်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ လျှပ်စစ်ဖြင့် တို့လိုက်သကဲ့သို့ တစ်ခါတည်း ခုန်ထွက်လိုက်ကြသည်။
ကျန်းတန် အလွန်အမင်း ပျာယာခတ်သွားသည်။

မခံချင်စိတ်များ ဇူအန် စိတ်ထဲတွင် ကြီးထွားလာသည်။ ဘာဖြစ်လို့ ငါက ဖောက်ပြန်နေတဲ့အချိန်မှာ လူမိသလို ခံစားနေရတာလဲ။
ငါ့ကောင်…အခုလေးတင် မင်းမိန်းမကို ငါကယ်လိုက်တာလေ။ ငါ့ကိုတောင် ကျေးဇူးတင်ရဦးမယ်။

ဆန်းရှန် ၏ စိတ်ထဲတွင် ထူးဆန်းသောမီးတောက်တစ်ခု လောက်ကျွမ်းနေသည်။ ကျန်းတန် က သူ့ကို လက်တောင် ကိုင်ခွင့်မပေးခဲ့ပေ။ ယခုအခါ သူ၏ အရှေ့တွင် အခြားယောက်ျားတစ်ဦးနှင့် အရမ်းနီးကပ်နေသည့်ပုံ ပြနေသေးသည်။
ဤအရာသည် သူ မြင်တွေ့ရမည်ဟု မထင်မှတ်အထားဆုံး အရာဖြစ်သည်။ အဘယ်ကြောင့် သူ၏ စိတ်ထဲတွင် ထိုကဲ့သို့သော ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသနည်း။

“အားဇူ ရှင် ဒီလောက်အလောတကြီးနဲ့ ဘယ်ကို သွားမလို့လဲ” ကျန်းတန် မေးလိုက်သည်။ သူမ၏ ပုံမှန်အပြုအမူတစ်ချို့ကို ပြန်လည်ရရှိသွားသည်။ အစောက အဖြစ်ကြောင့် ရှုပ်ပွသွားသော ဆံပင်များကို သူမ၏ နားအနောက်သို့ သပ်လိုက်သည်။

ဒါကို ဘာဖြစ်လို့ မင်း သတို့သားလောင်းကို မမေးဘဲနဲ့ ငါ့ကို လာမေးနေရတာလဲ။
ဇဝေဇဝါဖြစ်နေသော်လည်း ဇူအန် ဖြေလိုက်သည်။ “လုပ်စရာကိစ္စတွေရှိနေသေးလို့။ ကျုပ်တို့ ပြန်လာတော့မှပဲ မိန်းကလေးကျန်းကို ရှင်းပြတော့မယ်”
ထို့နောက် မြင်း အပေါ်တက်လိုက်သည်။

မြစ်စောင့်တပ် မှ တပ်သားတွေကို ကျန်းတန် ကြည့်လိုက်သည်။ “ရှင်တို့တွေ အားလုံးက ဆားမှောင်ခိုသမားတစ်ချို့ကို သွားဖမ်းကြမလို့လား”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now