သူ့အသံတွင် အထင်သေးရွံရှာမှု တစ်စက်လေးမျှမပါဘဲ ချီးကျူးအသိအမှတ်ပြုများနှင့်သာ ပြည့်နှက်နေသည်။ “နက်နက်ရှိုင်းရှိုင်း နာကျင်ဖူးသူတွေကပဲ တီးခတ်သံစဉ်ကနေတစ်ဆင့် ဒီလိုခံစားချက်တွေကို သယ်ဆောင်လာပေးနိုင်မှာ”

ချီဒေါင်ရင်း သူ့မောင်လေးကို  နက်နက်နဲနဲ စူးစိုက်ကြည့်လိုက်သည်။ သူ အရမ်းသိနားလည်နိုင်လိမ့်မယ်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။ အဖေက သူ့ကို တာဝန်မယူတတ်ဘူးဆိုပြီး အမြဲတမ်း ဆဲဆိုနေတတ်တာ၊ ဒါပေမယ့် ကြည့်ရတာတော့ သူ့ဆဲဆိုမှုတွေက မသက်ရောက်တဲ့ပုံပါပဲ။

သံစဉ်ဆုံးသွားသည်နှင့် ကြည့်ရှုနားဆင်သူများသည် အကြီးအကျယ် စိတ်ခံစားသွားကြသည်။ သူတို့မျက်နှာများသည် မျက်ရည်များနှင့် စိုရွှဲနေပြီးသားဖြစ်သည်ကို လုံးဝသတိမပြုမိကြပါ။

“အရမ်းကောင်းတယ်”

ကြည့်ရှုနားဆင်သူအများအပြားသည် ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး လက်ခုပ်တီး သြဘာပေး အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး တစ်ယောက်ထက်တစ်ယောက် အသံပိုကျယ်စေရန် ယှဉ်ပြိုင်နေကြ၏။ သူတို့အရမ်းငြိမ်နေလျှင် စင်ပေါ်ရှိ နတ်မိမယ်က သူတို့ကို သတိမမူမိမှာ စိုးရိမ်နေကြသည့်သဖွယ်ပင်။

ရှို့ဟုန်လေ လည်း မတ်တပ်ရပ်လိုက်သည်။ သူမဗျတ်စောင်းကို ထားခဲ့ရင်း လက်ရန်းဘက်သို့ ကြော့ရှင်းလှပစွာ လျှောက်သွားလိုက်သည်။ သူမ လာသည်နှင့် ဖြတ်လျောက်သွားနိုင်ရန် မိန်းမလှလေး နှစ်ယောက်က ပုလဲရောင်ခန်းဆီးကို ဘေးသို့ ဆွဲဖယ်ပေးလိုက်ကြသည်။

ကောင်းကင်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်သော လှပတင့်တယ်သည့် မျက်နှာတစ်ခု လူတိုင်းမျက်စိရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူမက အနည်းငယ်ဦးညွတ်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နိမ့်ကျတဲ့ ဒီမိန်းကလေး ရှို့ဟုန်လေ က အားလုံးကို ကြိုဆိုနှုတ်ဆက်ပါတယ်”

လက်ရန်းအစွန်းသို့ သူမ ရပ်လာသည့် အချိန်မှသာ သူမလက်မောင်းကို ဖြူလွှလွှခြုံပုဝါတစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း လူတိုင်း သတိထားမိသွားကြသည်။ ကျောက်မျက်ပမာ ချောမွတ်ကြည်လင်သော သူမ၏ လက်မောင်းများကို ခပ်ရေးရေး မြင်နိုင်လေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now