ချီဒေါင်ရင်း ပြက်ရယ်ပြုလိုက်သည်။ “ဟွန်း။ နင်က အမြဲ ပြဿနာရှာနေကျမဟုတ်ဘူးလား။ အဲ့ဒီအချိန်တွေမှာ အဖေကို အရမ်းကြောက်တဲ့ ပုံ ဘာဖြစ်လို့ မတွေ့ရတာလဲ”
သူမ မောင်လေး၏ မျက်နှာ ရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသောအခါ သူမ ဖြေလျော့စေလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ အဲ့ဒီအကြောင်းကို နင် မပြောရင် ငါလည်း မပြောတော့ဘူး။ ဒါဆိုရင် အဖေက ဘယ်လိုလုပ် သိနိုင်မှာလဲ။ နောက်ပြီး ငါ ကိုယ်ထင်လည်းမပြပါဘူး။ ငါ့မှာ ပြောစရာတစ်ခုခု မှတ်ချက်ပေးစရာတစ်ခုခုရှိရင် ငါ့အစား နင့်ကို ပြောခိုင်းမယ်။ အဲ့ဒါဆို ရပြီမလား”

ချီရှို့၏ မျက်နှာ ချက်ချင်း ဝင်းလက်သွားသည်။ “တကယ်လား”
စကားလုံးများတွင် သူသည် အကျွမ်းကျင်ဆုံးမဟုတ်သည်ကို သိနေသည်။ ထိုစစ်မှန်သောစွမ်းရည်များဖြင့် ယှဉ်လိုက်ပါက သူ့ကို ဒုတိယအကြိမ်ကြည့်ရန် ပင် မထိုက်တန်ပေ။ သို့သော်လည်း သူ့အစ်မ၏ အကူအညီဖြင့်ဆိုလျှင် ရှို့ဟုန်လေ က သူ့ကို အရေးပေး ကြည့်ရန် အခွင့်အရေး မြင့်မားသွားမည်ဖြစ်သည်။ ဘယ်သူသိနိုင်မှာလဲ။ ငါ့ဆီကို သူမ ကိုယ်တိုင်လာတွေ့ချင် တွေ့နိုင်မှာပဲ။

“တစ်ခုတော့ရှိတယ်။ အကယ်၍ ရှို့ဟုန်လေ က နင်နဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်ရင် ငါ့ကိုလည်း နင်နဲ့အတူ ခေါ်သွားရမယ်”

“ဘာ” ချီရှို့၏ မျက်နှာ ချက်ချင်း ကျဆင်းသွားသည်။ သာယာကြည်နူးဖွယ်ကောင်းသော ချိန်းတွေ့မှုတစ်ခုကို ကြိုမြင်ယောင်ခဲ့ရသည်။ နက်နဲရှုပ်ထွေးသည့် အပြန်အလှန်စကာများနှင့် အဆုံးတွက် အိပ်ရာပေါ်တွင် ဆက်လက်ရှေ့ဆက်စေမည့် မြင်ကွင်းမျိုးဖြစ်သည်။ သို့သော်လည်း သူ၏အစ်မဖြစ်သူ လိုက်ပါလာပါက ထိုအရာအားလုံးမှာ မီးခိုးများဖြစ်သွားရတော့မည်ဖြစ်သည်။

“ပုံမှန်ဆိုရင် နင် ဘယ်လောက်ပဲ မိန်းမပွေပွေ ငါ လွှတ်ထားပေးခဲ့တယ်။ သူတို့တွေက ကလန်အသီးသီးက မိန်းကလေးတွေချည်းပဲ ဖြစ်နေလို့ပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မတူဘူး” ချီဒေါင်ရင်း က သူ့မောင်၏ နားရွက်ကို ဆွဲလိုက်သည်။ “ရှို့ဟုန်လေ က ဘယ်လောက်ပဲ လှလှ၊ ဘယ်လောက်ပဲ တော်တော် ငါတို့ရဲ့အဖေက ဆောင်ကြာမြိုင် က မိန်းမတစ်ယောက်ကို ရှီကလန်ထဲ ဘယ်တော့မှ ခွင့်ပြုပေးမှာ မဟုတ်ဘူး”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now