"အဖေက နင့်ကို ငါ့အပိုင်ပေးထားတာပါ။ ငါနဲ့အပြင်သွားဖို့အရေး သူ့ကို သွားပြောနေစရာမလိုပါဘူး"

မမလေးစကားမှာ ဆူးလ်ဂီငြိမ်သက်စွာရပ်နေမိသည်။ ကြောက်စိတ်ဖြင့် ခြေချောင်းများကိုကုပ်ထားမိသည်။

"သွားမယ်။ နင်မလိုက်ချင်ရင် တခြားတစ်ယောက်ကို အစားထည့်ပေးလိုက်လေ ရပါတယ်"

"မဟုတ်ဘူး။ လိုက်ချင်ပါတယ်မမလေးဂျူဟျွန်း"

ဆူးလ်ဂီပြောတော့ မမလေးဂျူဟျွန်းမျက်နှာထက်မှာ အပြုံးတစ်ခု ဖွဖွလေး ဖြတ်ပြေးသွားသည်။ ထို့နောက်လည်း မမလေးက မျက်နှာကို ချက်ချင်းပြန်တည်ပစ်သည်။ အိပ်မက်နှင့်တူပါသည်။

တဖြည်းဖြည်းလျှောက်ရင်း မြက်ပင်ရှည်များနှင့် ဂျူဟျွန်းမမလေး မထိမိစေရန် ဆူးလ်ဂီမှာ ပျာပျာသလဲဖြစ်နေသည်။ လက်ဖျံ၌ချိတ်ထားသည့် ခြင်းတောင်းလေးထဲတွင် မမလေးအသုံးပြုမည့် ချည်လုံးနှင့် အပ်တို့ ပါသည်။

"အ .. တောင်းပန် .. တောင်းပန်ပါတယ် နာသွားလား"

အရှေ့မှလျှောက်၍ မြက်ပင်ရှည်များကို လက်ဖြင့်ဆွဲဖယ်ပေးနေသော ဆူးလ်ဂီမှာ ရုတ်တရက် တုံ့ခနဲရပ်မိသည်ကြောင့် မမလေးမှာ သူမကျောသို့ ဘုတ်ခနဲဝင်တိုက်မိတော့သည်။ သူ့ဘက်သို့လှည့်ကာ မျက်နှာကို ခပ်ဖွဖွကိုင်၍ မေးသောအခါ မမလေးက အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခေါင်းခါပြသည်။ ငှက်များ၏ တကျီကျီအော်သံများ။ ဂျူဟျွန်းမမလေး၏ အဆုံးထိကြုတ်ထားသော မျက်ခုံးများ။ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။ ဆူးလ်ဂီ တံတွေးကိုမျိုချကာ အရှေ့သို့ပြန်လှည့်ကာ လမ်းဆက်လျှောက်သည်။

ဤအချိန်ကာလအပိုင်းအခြား၌ အုပ်ချုပ်သူစနစ်ကြီးစိုးသော မြို့ထဲတွင် ဂျူဟျွန်းမမလေး၏ဖခင်မှာ မြို့၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဆူးလ်ဂီဟာ ဂျူဟျွန်းမမလေးအနားကို အစေခံအဖြစ်ရောက်လာခဲ့သည်မှာ ယခုဆို တစ်နှစ်နီးပါးမျှရှိပြီ။ မာနကြီးလွန်းပြီး အစေခံမှန်သမျှနှင့် တစ်လထက်ပိုကာ အဆင်မပြေသော ဂျူဟျွန်းမမလေးအနား သူမကတော့ သက်တမ်းအကြာဆုံးနေနိုင်သည့်သူပင်။

Blue & Grey Where stories live. Discover now