"နောက်ဆုံးတစ်ယောက်ကဒေါ်ချောစုမေတဲ့၊ သူကသူနာပြုတော့မဟုတ်ဘူး၊ ကျောင်းဆရာမလေ၊ ဆေးရုံနဲ့ကျောင်းနဲ့က ကပ်နေတာ သမီးရေ၊ အဆောင်ကလည်း အတူတူပဲ၊ အဲ့ဒါ သူနာပြုတစ်ယောက်ကျမယ်ပြောတော့ သူသိတဲ့တပည့် လင်းလက်နွယ်များလားတဲ့၊ သူလိုက်ကြည့်မယ် ဆိုပြီးလိုက်လာတာ၊ Sunday ဆိုတော့ကျောင်းပိတ်တယ်လေ"
အို ကျွန်မကိုယ့်နားကိုယ်ပင်မယုံမိ ။ဆရာမက ကျွန်မကိုမှတ်မိနေသည်တဲ့။ဒါဆို ဒါကျွန်မကို လာကြိုတဲ့သဘောလား။ဒါဆို ဆရာမဟာ ကျွန်မကိုသတိတရရှိတယ်ဆိုတဲ့ သဘောပေါ့။ဆရာမရေ ကျွန်မပျော်ပစ်လိုက်ရမလားဟင်။ မဟုတ်ရင် ငိုပစ်လိုက်ရမလား။ဒါပေမယ့် ကျွန်မနည်းနည်းဟန်ဆောင်လိုက်သည်။ ဆရာမကိုလှည့်ကြည့်ကာ ပြုံးပြ၍
"ဆရာမ နေကောင်းတယ်နော်၊ ဆရာမဒီမြို့မှာကျနေမယ်မထင်ဘူး"
ကျွန်မမျက်လုံးတွင် မည်သည့်တွယ်တာရိပ်မျှ ပါမသွားအောင် အားတင်း၍နှုတ်ဆက်လိုက်သည်။အံသြသည့်ပုံစံတော့ ပေါ်နေမည်ထင်သည်။
"နေကောင်းပါတယ်၊ တို့တပည့်ကသူနာပြုလို့မပြောရဘူး၊ နေကောင်းမကောင်းအရင်မေးတော့တာပဲနော်"
မျက်လုံးကလေးများကိုဝိုင်းသွားအောင် ပြုံး၍ကျွန်မကိုပြန်ပြောနေသည့်ပုံမှာ ကလေးကိုကျီစယ်နေသည့် လူကြီးတစ်ယောက်၏ပုံစံမျိုးပင်ဖြစ်သည်။ကျွန်မကိုလှောင်တာတော့ မဟုတ်နိုင်ပါ။ကျွန်မကို ကလေးလိုပဲသူမြင်နေပုံရသည်။ကျွန်မ ဝမ်းနည်းသလိုလိုဖြစ်မိသည်။ဆရာမနှင့်ဆိုလျှင် ကျွန်မလူကြီးဆန်ချင်ပါသည်။ရင့်ကျက်ချင်မိသည်။ကျွန်မဝမ်းနည်းသွားသည့်ပုံကို သူကအလျှင်အမြန်ဖမ်းမိလိုက်သည်။
"ဆရာမက စတာ၊ လာ သွားမယ်သမီး ဆေးရုံကဒီအနားတင်"
ကျွန်မကိုသူနှင့်ယှဥ်ရပ်၍လျှောက်စေသည်။ချက်ချင်းဆိုသလို သူ့မျက်ဝန်းတွေ တည်ငြိမ်သွားသည်။ဆရာမတစ်ယောက်က တပည့်အပေါ် တာဝန်အရ စောင့်ရှောက်ပေးနေသလို ခံစားရသည်။
ကျွန်မမှာ အံသြစရာတွေချည်း ဆက်တိုက်ကြုံနေရသည်။တစ်ခုက ကျွန်မအပေါ် သူဘယ်တုန်းကဂရုစိုက်မိသွားတာပါလိမ့်။ကျွန်မသည် ဟန်ဆောင်ကောင်းသည်ဟု ကိုယ့်ကိုယ့်ကိုခံယူထားသူဖြစ်ပါသည်။ကျွန်မပျော်ရွှင်နေတာကိုသာ လူတွေမြင်ရသည်။ ကျွန်မဝမ်းနည်းသည်ကို လူတွေမြင်ရသည်မှာ ခပ်ရှားရှားပင်။ကျွန်မသည် ဤသို့ပင် မျိုသိပ်ထားတတ်သူပါ။အခုတော့ စက္ကန့်ပိုင်းလောက်သာကြာမည့် ကျွန်မ၏ဝမ်းနည်းမှုကို သူအကဲခတ်မိသွားသည်။
ကျွန်မပဲဟန်ဆောင်ညံ့သွားသလား သူကပဲအကဲခတ်တော်လွန်းတာလား ကျွန်မ မသိတော့။
နောက်တစ်ခုအံ့သြရသည်မှာ ကျွန်မကိုစလိုက်သောကိစ္စ။ဆရာမနှင့်ရင်းနှီးခဲ့သော တစ်နှစ်တာအတွင်း ကျွန်မအပါအဝင် သူ့တပည့်များကို စနောက်ခြင်းမျိုးမရှိခဲ့ပါ။ဒါ ဆရာမရဲ့ တခြားပုံစံများလား။
ကျွန်မတို့နှစ်ယောက် နောက်ဆုံးကလျှောက်ခဲ့ကြသည်။ စစ္စတာတို့အဖွဲ့က ကျွန်မတို့ရှေ့ ကလျှောက်ကြသည်။
YOU ARE READING
တမ်းတတတ်သည်
Romanceဆရာမနှင့်တပည့် မိန်းမသားနှစ်ဦးကြားရှိ တွယ်တာမှု ကိုအရင်းတည်၍ဖြစ်ပေါ်လာသော...
part 3
Start from the beginning
