ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်သော မျက်နှာနှင့် ထိုလူသား။ပြန်ဆုံဖို့ အမြဲဆုတောင်းခဲ့ရသည့် ကျွန်မ၏ ဆရာမ။သူက ကျွန်မကိုလာကြိုနေသတဲ့လေ။ကိုယ့်မျက်စိကိုယ်ပင် မယုံချင်။ကျွန်မရင်ထဲတွင် ဝမ်းသာလုံးဆို့တက်လာသည်။ အိပ်မက်တော့မဟုတ်နိုင်။သို့သော် အချိန်မီ အိန္ဒြေဆည်၍ အထုပ်ကိုကမန်းကတန်းပြန်ကောက်လိုက်သည်။
"ဒီက ကျွန်မတို့ မြေလတ်တိုက်နယ်ဆေးရုံကို ပြောင်းလာတဲ့ သူနာပြု ဒေါ်လင်းလက်နွယ် ဟုတ်တယ်မလား၊ စစ္စတာတို့ကဆရာမကိုလာကြိုတာပါ"
အသက်ခပ်ကြီးကြီး စစ္စတာတစ်ယောက်ကကျွန်မကိုမေးသည်။တာဝန်ချိန်အတွင်းထွက်လာခဲ့ရဟန်တူပါသည်။အားလုံးကယူနီဖောင်းကိုယ်စီနှင့်။သူကလွဲလို့ပေါ့။
"ဟုတ်ကဲ့၊ ကျွန်မမြေလတ်ဆေးရုံမှာတာဝန်ကျတဲ့ လင်းလက်နွယ်ဟုတ်ပါတယ်"
"စစ္စတာက ဒေါ်သာတပ်ခေါ်နေတာ၊ သမီးကငယ်ငယ်လေးရှိသေးတာပဲ"
ကျွန်မ ပြုံးပြ၍ အရှက်ပြေခေါင်းငုံ့ နေလိုက် သည်။ကျန်သုံး ယောက်ကတော့ ကျွန်မကိုပြုံးပြကြပါသည်။ သူလည်းကျွန်မကိုပြုံးပြပါသည်။ဒါပေမယ့် သူ့အပြုံးကို အဓိပ္ပါယ်မဖော်တတ်ပေ။သူတပည့်ကျွန်မကိုတွေ့ရလို့ ပြုံးတဲ့ဝမ်းသာပြုံးလား။
ဒါမှမဟုတ်ဝမ်းနည်းပြုံးလား ကျွန်မမသိ။အဲ့နှစ်ခု ရောထွေးနေသလိုလည်းထင်ရသည်။ဘာပဲဖြစ်ဖြစ် ကျွန်မကိုပြုံးပြဖော်ရ၍ ကျေနပ်မိတာကတော့အမှန်ပါပဲ။
ဒါပေမယ့် ကျွန်မစိတ်ထဲကအံသြစိတ်ကတော့ မပျောက်သေး။
"အားလုံးနဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါကဒေါ်သူဇာလွင်၊ ဒါကတော့ ဒေါ်နေခြည် ဒီတစ်ယောက်ကတော့ ဒေါ်သန္တာခင်တဲ့ ၊ကျွန်မကတော့ ဒေါ်ဥမ္မာ စစ္စတာပေါ့"
ကျွန်မကိုစကားစပြောသူ စစ္စတာကပဲ မိတ်ဆက်ပေးပါသည်။သူဇာလွင်နှင့် နေခြည်က ကျွန်မနှင့်ရွယ်တူပင်ဖြစ်သည်။ ရွယ်တူအဖော်တွေရှိလို့ တော်ပါသေးသည်။ဒေါ်သန္တာခင်က ဆရာမနှင့်ရွယ်တူလောက်ထင်ရသည်။ ဆရာမနှင့် ရင်းနှီးပုံလည်းပေါ်သည်။ စစ္စတာက အသက်ငါးဆယ်ကျော်လောက်တော့ရှိမည်။
YOU ARE READING
တမ်းတတတ်သည်
Romanceဆရာမနှင့်တပည့် မိန်းမသားနှစ်ဦးကြားရှိ တွယ်တာမှု ကိုအရင်းတည်၍ဖြစ်ပေါ်လာသော...
