ပုံမှန်အတိုင်းဆို သူအော်လိုက်တာနဲ့ သူ့ကို လှည့်ကြည့်သင့်တာ မဟုတ်ဘူးလား..? သူ့ရဲ့ ဘုရင်တစ်ပါးလို လွှမ်းမိုးနိုင်စွမ်းပြင်းတဲ့ အရှိန်အဝါကြောင့် ငေးမောသွားရပြီး သူ့တို့ရဲ့ သွေးသောက်ညီငယ်လေးဖြစ်ပေးဖို့ ဒူးထောက်၊ ငိုကြွေး၊ တောင်းပန်ကြရမှာလေ။

အထူးသဖြင့် သူ ဖျောင်းဖျချင်နေတဲ့ ဟိုနှစ်ယောက်ပဲ..!

သူ့ကို လျစ်လျူရှုထားရုံတင်မကဘူး။ ဘာကိစ္စ သူ့စကားဆုံးတာနဲ့ စတိုက်ကြရတာလဲ..? သူ့ကို မျက်နှာသာမပေးတာ အရမ်းမလွန်လွန်းဘူးလား..?

ဟော်ရူယန် လက်မြှောက်လိုက်တာနဲ့ သွေးနီရောင်ကြာပွတ်က အဖြူရောင်လူငယ်ဆီကို တိုက်ရိုက်ပျံသန်းသွားတော့တယ်။ အဖြူရောင်လူငယ်ကလည်း အသာခုန်လိုက်ရင်း တိုက်ခိုက်မှုကို ရှောင်ရှားလိုက်တယ်။ ထို့နောက် သူ့ရဲ့ ယပ်တောင်ကို ဖြန့်လိုက်ပြီး ဟော်ရူယန်ကို တုံ့ပြန်တိုက်ခိုက်လိုက်တယ်။

ရွှယ်ယို့ရှန်းခမျာ ထိုလူနှစ်ယောက် စွမ်းအားပြည့်လူသတ်တိုက်ကွက်တွေနဲ့ စတင်တိုက်ခိုက်နေကြတာကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်။

လက်ရှိအခြေအနေအရ နောက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်လေပြီ။ တည်းခိုဆောင်ထဲမှာ ရှိနေတဲ့လူတိုင်း သူ့ကို လုံးဝမဖက်မလုပ်ဘူး ဆိုတာပဲ။ သူ့စကားကို တစ်ယောက်မှ နားမထောင်ကြဘူး…!

ထိုအခိုက်အတန့်မှာ ရွှယ်ယို့ရှန်းလည်း ဒီကမ္ဘာကြီးရဲ့ သူ့အပေါ်ထားတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို နားလည်သွားချေပြီ။ သူက အဓိကဇာတ်လိုက်မဟုတ်ပေမယ့် အဓိကဇာတ်လိုက်လို ဝိဉာဉ်ကူးပြောင်းလာတဲ့ လူပါဟ..! သူ့အပေါ် ဆက်ဆံတာ အဲ့လောက်ဆိုးဝါးစရာလိုလို့လား..? ဒါတွေအကုန်လုံးက သူ့ရဲ့ အပေါ်ယံအသွင်အပြင်ကြောင့်တဲ့လား..?

အရင်ကမ္ဘာတုန်းက သူ့ရဲ့ စွဲမက်ဖွယ်ရာ အထက်တန်းဆန်ဆန်ပုံစံနဲ့ လက်ရှိချစ်စဖွယ်ကောင်ငယ်လေးပုံစံကို ပြန်တွေးမိလိုက်တော့ ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့ အတွေ့အကြုံတွေကိုသုံးပြီး စာအုပ်တစ်အုပ် ထုတ်နိုင်ပြီလို့တောင် တွေးလိုက်မိတယ်။ စာအုပ်ရဲ့ ခေါင်းစဉ်က ‘အသွင်အပြင်ရဲ့ အရေးပါမှုအပေါ် ဝေဖန်ဆွေးနွေးခြင်း’ တဲ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Hikayelerin yaşadığı yer. Şimdi keşfedin