Chapter 7

5.1K 414 92
                                    

Unicode

Killing The Love I Hate Chapter 7

"ငွေယံရေ........ငွေယံ..... "

ခြံထဲသို့ကားကဆိုက်လာသည်နှင့် ငွေယံ့နာမည်ကိုအော်ကာ အိမ်မကြီးကိုကျော်၍ အနောက်ဘက်တိုက်ပုလေးဆီ ရောက်သွားသည့် ဆုရည်ရှင်း။

ကြားဖူးနေသလို အသံတဆာဆာကြောင့် မိုးသား ထကြည့်လိုက်တော့ ကျောင်းယူနီဖောင်းကိုပင်မလဲရသေးသည့် ဆုရည်ဟာ ငွေယံတို့အိမ်ကိုရောက်နေသည်။ ငွေယံကတော့ ခြံထဲတွင်ရှိနေသည့် သူ့စံပယ်ရုံနားကသစ်ရွက်ကြွေများကို တံမြက်စည်းတစ်ချောင်းနှင့်ရှင်းလင်းနေ၏။ ကျောင်းမတက်ရသည်ဖြစ်၍ မနက်ဆယ်နာရီလောက်မှအိပ်ရာထသောကြောင့် ငွေယံ့မျက်နှာမှာဖောင်းလျက်ရှိပြီး မျက်လုံးလေးများကအစ မို့မို့အစ်အစ်လေးဖြစ်နေသည်။ နောက်ကျတဲ့အထိအိပ်ထားခြင်းကြောင့် အိပ်မှုန်စုံမွှားဖြစ်နေသည် ကောင်ငယ်လေးပေ။

"ငွေယံရှင်းသန့်....."

သူ့နာမည်ကိုအော်ကာဝင်လာသည့် ဆုရည်ကိုမြင်တော့ ငွေယံအနည်းငယ်မျှ အံ့သြနေဟန်ဖြင့်

"ဆုရည်.... ဘာလာလုပ်တာလဲ....."

"ဒီနေ့သောကြာနေ့လေ....မနက်ဖြန်ကျောင်းပိတ်တယ်။ အဲဒါကြောင့် နင်စာကူးလို့ရအောင် စာအုပ်တွေလာပေးတာ။"

ဆုရည်က စံပယ်ရုံနားက ဒန်းကလေးပေါ်ထိုင်ကာ စကားတ ပြောပြောနှင့် သူ့စာအုပ်များကိုထုတ်ပေးနေသည်။ ငွေယံကမူ အိမ်ထဲသို့ဝင်သွားပြီးမှ အအေးတစ်ပုလင်းနှင့်အတူပြန်ထွက်လာ၏။ ထို့နောက် အဖုံးဖွင့်ကာ ဆုရည်ကိုပေးလိုက်သည်။

"ရော့..... သောက်အုံး....."

"ကျေးဇူးပဲ"

"ကျောင်းကနေတန်းလာတာလား ...ထမင်းရောစားပြီးပြီလား...."

"မစားရသေးဘူး..... နင့်ဆီကိုတန်းလာတာလေ....."

"ဒါဆို အိမ်မှာစားသွားလေ....ငါလဲမစားရသေးဘူး....ကြက်သားနဲ့မျှစ်ချဥ်နဲ့ချက်တယ်၊ မန်ကျည်းရွက်သုပ်တယ် ရှယ်ပဲ...ဟီးဟီး..."

ငွေယံမှာပြောနေရင်း ဆုရည်စာအုပ်များကိုလှန်ကြည့်လိုက်တော့ မျက်နှာက သံပရာသီးကိုက်ရသလို ရှုံ့မဲ့သွားသည်။ သူ့မျက်လုံးထဲရောက်လာသည့်စာများက မနေ့ကလိုမဟုတ်။ ထူးဆန်းလွန်းလှသည်။ သူမမြင်ဖူးသည့် ဂြိုလ်သားစာများဖြစ်နေသလိုတောင် ခံစားလိုက်ရ၏။

Killing The Love I Hate (BL OC) COMPLETE Where stories live. Discover now