"ကိုယ့်ရဲ့ ငြိမ့်က အရမ်းပိန်သွားတော့
ကိုယ်နဲ့နေရတာ မပျော်လို့များလား
ထင်နေမိလို့ပါ"
ချော့လိုက်တော့လည်း ရယ်သံလွင်လွင်တွေ
နှင့် တုန့်ပြန်ရှာ၏။ လှိုင်းဆက် လက်ချောင်းတွေကို ဆွဲယူနမ်းရှိုက်ပြီးမှ ငြိမ့်ကပြောသည်။

"တကယ်တော့ ကိုလှိုင်းဆက်အနားမှာနေပြီး
ပိုချောချင်လာလို့ ဝိတ်ချရတာဗျား။ချစ်တဲ့သူအနားမှာဆို ပိုကြည့်ကောင်းချင်တဲ့ လောဘစိတ်လေးလေ "

"စတွေ့ကတည်းက ကြည့်ကောင်းပြီးသားမို့
ကျန်းမာရေး ထိခိုက်အောင်ထိ မလုပ်ပါနဲ့"

ငြိမ့်က ခေါင်းငြိမ့်ပြတာမို့ နားထင်စပ်ကလေးကို လှိုင်းဆက် ထပ်နမ်းလိုက်သည်။
ငြိမ့်က ဘယ်အချိန်မဆို သူ့အတွက် ကြည့်ကောင်းပြီးသားလူပါပဲ။ ဘယ်လို ပုံစံဖြစ်နေနေ ငြိမ့်ဖြစ်နေတာမို့ကို လှိုင်းဆက်ချစ်ပါသည်။ သူ့တစ်ဘဝလုံးက ဒီဟာလေးနဲ့တွေ့မှ ပျော်စရာတွေ ကြုံလာရတာမို့ ချစ်လည်းချစ်သလို တန်ဖိုးလည်းထားရတဲ့ ကောင်လေးဖြစ်သည်။

ငြိမ့် လက်လေးတွေက သူ့ခေါင်းထက်
အသာယာ ပွတ်ပေးနေတဲ့ လှိုင်းဆက်ရဲ့
လက်ချောင်းများကို ဆွဲကာ သူ့မျက်နှာရှေ့ထိ
ယူထားလိုက်သည်။ လက်ဝါးပြင်ကို ကြည့်နေရင်း သူ့လက်ချောင်းလေးတွေနှင့် အသာယာထိတွေ့နေတာမို့ ဟိုဟိုဒီဒီ ပြေးနေတဲ့ လက်လေးတွေက ယားသလိုလိုရှိပေမဲ့
လှိုင်းဆက်ကတော့ ပြုံးပြုံးကြီးလုပ်ပြီး
ကောင်လေးကိုသာ ငေးနေခဲ့သည်။

"အသက်လမ်းကြောင်းက အရှည်ကြီးပဲ"

"ကိုယ်လား "

"ဟုတ်တယ်ဗျ ဒီကနေ ဆက်ဆင်းပြီး နှစ်ခွဖြစ်သွားတာ"

လက်ညှိုးနှင့် လက်မကြားနေရာမှ တစ်ဆင့်
လက်ကောက်ဝတ်ထိရှည်နေသော လမ်းကြောင်းကို ပွတ်ဆွဲလို့ ငြိမ့်က ပြောလာသည်။ ငြိမ့်မျက်နှာအနားထိ ခေါင်းငုံ့မိလိုက်တာကြောင့် ဘေးတိုက်မြင်နေရတဲ့ မျက်တောင်စင်းစင်းတွေနှင့် ဆုံရတော့သည်။
ငြိမ့်ဟာ ကြည့်လေကြည့်လေ ကြည့်မဝချင်စရာ ကောင်လေးပင်။

ငေးနေတုန်း ဘေးတစောင်းကြည့်လာတဲ့
မျက်ဝန်းဝိုင်းတွေက ရင်ကိုတသိမ့်သိမ့်ခုန်စေသည်။ လှုပ်လီလှုပ်လဲ့ဖြစ်နေသည့် မျက်ဆံအိမ်လေးတွေက လှိုင်းဆက် ရင်ခုန်သံအားလုံးကို အပိုင်စားယူသွားပုံရသည်။
မျက်လုံးလေး မှိတ်ကျတဲ့အထိ ပြုံးပြတဲ့အခါ
ကိုယ်ပါ အပျော်ကူးလို့ ပြုံးမိသွားရသည်။

ငြိမ့် (COMPLETED)Where stories live. Discover now