"ဘာမှ မဖြစ်ပါဘူးဗျ။ အခုအဆင်ပြေနေပါပြီ။ ချမ်းတာနဲ့ မထချင်သေးလို့ ခွေနေတာပါဗျာ"

နှစ်ယောက်လုံးခြုံထားတဲ့ အနီရောင်ဂွမ်းစောင်ကြီးကို အပေါ်ထိ ဆွဲတင်ပေးရင်း
ပိုနွေးအောင်လှိုင်းဆက် လုပ်ပေးရသည်။
ငြိမ့်ခြေဖဝါးလေးက လှိုင်းဆက်ရဲ့ ခြေထောက်တွေကြားမှာ နွေးထွေးလို့နေ၏။
အဖျားလဲ မရှိတာကြောင့် လှိုင်းဆက် အတင်းမတိုက်တွန်းတော့။ လက်ရှည်အကွက်ကလေးနှင့် ကုပ်ကုပ်လေးဖြစ်နေသည့်
ကိုယ်လေးကို သူ့ရင်ခွင်ထဲမှီထားစေရင်း ကုတင်ခေါင်းရင်းကို ကျောမှီကာ ထိုင်လိုက်၏။

အိပ်ရေးဝလို့ စိတ်လန်းနေတဲ့ ငြိမ့်တစ်ယောက် လှိုင်းဆက် လက်ချောင်းတွေကို ဟိုကြည့်သည်ကြည့် လုပ်နေတာကိုသာ
ပြုံးပြုံးကြီး ကြည့်နေမိသည်။ ငြိမ့်က သူစိတ်ဝင်စားတာ လုပ်နေတဲ့အချိန်ဆို ပိုပြီးကြည့်လို့ကောင်းသည်။ စာရင်းလုပ်နေတဲ့ အချိန်မျိုးဆို လှိုင်းဆက်မှာ ငေးမဝ။ ယောင်လည်လည်နှင့် အနားသွားပြီး ဘယ်အချိန်သူ့ဆီ အာရုံကျလာမလဲ စောင့်ရတတ်သည်။ သူ့မှာ အသက်ကြီးမှ မျောက်အုန်းသီးရသလိုဖြစ်နေတော့တာပါပဲ။

"ငြိမ့် ကိုယ်နဲ့နေရတာ ပျော်ရဲ့လားဟင်"

လှိုင်းဆက် မေးတော့ ရုတ်တရက်ကြီးပါလားဆိုတဲ့ မျက်နှာထားလေးနှင့် ငြိမ့်က နောက်လှည့်ကြည့်လာသည်။နီးကပ်နေတာမို့ ငြိမ့်ရဲ့နားထင်စက မွေးညင်းနုနုတွေကိုပါ သေချာမြင်နေရသည်။ နောက်.. ငြိမ့်က ခေါင်းကို အနည်းငယ်ခွာလို့ လှိုင်းဆက်မျက်နှာကို
ဟိုဘက်စောင်းကြည့်လိုက် သည်ဘက်စောင်းကြည့်လိုက် လုပ်လာတော့သည်။

ကုတင်ဘောင်ပေါ် တံတောင်ထောက်ကာ
လက်ဝါးထက် ခေါင်းမှီကြည့်နေတဲ့
လှိုင်းဆက်နှာ‌ခေါင်းကို ကောင်လေးက
သူ့လက်ညှိုးနှင့် တစ်ချက်တို့လာ၏။ မထိတထိ စနောက်မှုမှာ ကျရှုံးသွားတဲ့ လှိုင်းဆက်ကတော့ ပါးချိုင့်ကြီးတွေ နစ်ဝင်အောင် ပြုံးနေရုံသာ တတ်နိုင်ခဲ့သည်။

"ဘယ်လိုများ မပျော်ဘူးထင်နိုင်ရသလဲဗျ"
ဆိုတဲ့ အမေးကလေး ခပ်ဆတ်ဆတ်
ထွက်လာတော့ ခါးကနေ အသာပြန်ပွေ့လိုက်ရသည်။

ငြိမ့် (COMPLETED)حيث تعيش القصص. اكتشف الآن