အပိုင်း ( ၄ )

2.8K 128 0
                                    

Unicode font

လှပသောတစုံတရာ (Something Beautiful)
အပိုင်း (၄)

သင်တန်းဆင်းတာနဲ့ အပြင်ကိုအမြန်ထွက်လာခဲ့မိသည်။ ဏီဏီကားဝပ်ရှော့ပို့ထားရလို့ အလာတုန်းကတက္ကစီနဲ့ လာခဲ့ရပေမယ့် အပြန်တော့ကိုကြီးလာကြိုပေးပါသည်။ စောင့်မျှော်နေမယ့်သူရှိတော့ သင်တန်းပြင်အမြန်ရောက်ဖို့ ခြေလှမ်းကျဲတွေနဲ့ထွက်လာစဉ်။
“မ…”
ကိုကြီးကားကိုလိုက်ရှာနေတဲ့ဏီဏီက မ ဆိုတဲ့ခေါ်သံဟာ ကိုယ့်ကိုခေါ်နေမှန်းမသိခဲ့ပေ။ ရှေ့တည့်တည့်မှာလာပိတ်ရပ်တဲ့ ကောင်လေးက သူကိုင်ထားတဲ့ပန်းစည်းကိုလှမ်းပေးနေသည်။ ဏီဏီမယူပဲ သူ့ကိုအူကြောင်ကြောင်ကြည့်နေမိသည်။
“မ မကိုကျွန်တော်ချစ်တယ် မ ကိုစတွေ့တဲ့နေ့ကတည်းကချစ်နေခဲ့တာ”
အင် မ ဆိုပါလား။ တကယ်လဲအဲ့ဒီကောင်လေးက ဏီဏီထက်ငယ်မှာသေချာပါသည်။ မျက်နှာကြည့်ရတာ အခုမှ ဆယ်တန်းအောင်ခါစဖြစ်မည်ထင်။ လူပျိုပေါက်ရုပ်လေးနဲ့ပိန်ပိန်ရှည်ရှည် ကလေးသာသာပုံစံလေး။ ဒါပေမယ့် မ လို့တော့ အခေါ်မခံချင်ပါ။ ကိုယ်လဲဘယ်လောက်မှကြီးသေးတာမှမဟုတ်ပဲ။
“ကျွန်တော် ဒီနေ့သင်တန်းပြီးပြီ နောက်တစ်ပါတ်ထဲ ဂျပန်မှာကျောင်းသွားတက်ရတော့မှာ မနဲ့နောက်ထပ်ဆုံဖို့ မလွယ်တော့လို့ ကျွန်တော့အချစ်တွေဖွင့်ပြောသွားချင်လို့ပါ”
သူ့မျက်နှာက ရှက်ကိုးရှက်ကန်းနဲ့နီချင်ချင်ဖြစ်နေလေသည်။ ဏီဏီမှာဒီကောင်လေးကို ဘယ်လိုပြန်ပြောရမယ်မှန်းမသိ။ သူ့ပုံစံကိုကြည့်ပြီး သနားမိပေမယ့် ပန်းစည်းကိုတော့လက်မခံချင်ပါ။ ကိုယ်က ယောကျာ်းရှိနေတဲ့သူဆိုတာ ပြောပြမှ ထင်ပါသည်။ ဒါမှမဟုတ်ရင် အလကားနေရင်းမျှော်လင့်ချက်တွေထားနေဦးမည်။
“ဟို မောင်လေး အစ်မက…”
“ဏီဏီ”
ဒီအချိန်မှာရောက်လာတဲ့ကိုကြီး အထင်လွဲသွားမှာစိုးရိမ်သွားမိပေမယ့် သူကတော့ဘာမှမဖြစ်သလိုပင်။
ကောင်းမွန် စောင့်နေရင်းပျင်းလို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်နေစဉ် ဏီဏီထွက်လာတာတွေ့လိုက်လို့ လှမ်းခေါ်မလို့ပင်။ ဒါပေမယ့် ဏီဏီကို ကောင်လေးက စကားလာပြောလို့ မခေါ်ပဲရပ်ကြည့်နေခဲ့တာပါ။
“ပြန်ကြစို့လေ ပန်းစည်းက သူ့ကိုပေးဖို့မလားညီ ကိုယ်ယူသွားပေးမယ်နော်”
ဟင် ဘာလို့ယူရမှာလဲ။ မရချင်ပါဘူး။ အဲ့ဒါယူလိုက်ရင်သူတမျိုးထင်သွားတော့မှာပေါ့။ ဏီဏီခေါင်းခါပြနေတာကို နှစ်ယောက်စလုံးက ဂရုမစိုက်ပေ။ ကောင်လေးက ကိုကြီးကိုပန်းစည်းပေးလိုက်သည်။
“မ ကျွန်တော်သွားတော့မယ် မ,နဲ့နောက်ထပ်ထပ်တွေ့ဖို့မလွယ်တော့ဘူးဆိုပေမယ့် မ,ကိုကျွန်တော်အရမ်းချစ်တယ် တသက်လုံးသတိရနေမှာပါ”
ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့ကောင်လေးနောက်ကျောကို နှစ်ယောက်သားကြည့်ပြီးကျန်နေခဲ့သည်။
“သွားစို့လေ”
“ကိုကြီး အဲ့ဒီပန်းစည်းကိုဘာလို့ယူလိုက်တာလဲ”
“ယူလိုက်ပါဏီဏီကလဲ သူကဂျပန်သွားတော့ပါမယ်ဆို နောက်လဲထပ်တွေ့တော့မှာမှမဟုတ်တာ အရဲစွန့်ပြီးလာပြောတဲ့ ကောင်လေးသနားပါတယ် မ,ကလဲ မောင်လေးတွေကိုကြင်နာပါ”
ဏီဏီ စိတ်တိုတိုနဲ့ကိုကြီးလက်မောင်းကိုထိုးလိုက်သည်။
“ဘာမ,လဲ ဘာမ,လဲ ကြင်နာစရာလား ဏီဏီကယောကျာ်းရှိတယ်လေ”
စိတ်ဆိုးနေတဲ့ဏီဏီမျက်နှာလေးကို သေချာကြည့်လိုက်မိသည်။ ဘာမှမသက်ဆိုင်တဲ့ယောကျာ်းအပေါ်သစ္စာ ရှိချင်တာကို သိရတော့သူ့ရင်ထဲကျေနပ်ပီတိဖြစ်သွားရသည်။ဏီဏီပုံစံကအိမ်ထောင်သည်လို့ထင်ခံရဖို့မပြောနဲ့ ဘော်ကြော့သူဌေးသမီး အပျိုချောလေးမှန်း ကြည့်လိုက်တာနဲ့တန်းသိနေစေသည်။
“ကိုကြီး ဖောက်ပြန်ချင်လို့အဲ့လိုလုပ်နေတာလား”
မသင်္ကာသလိုမေးနေတဲ့ဏီဏီကြောင့် ကိုယ့်ကိုကိုယ် သူမရဲ့တကယ့်ခင်ပွန်းလို့တောင်ထင်မိသွားလေသည်။
“ဘယ်ကဖောက်ပြန်ရမှာလဲ ကိုယ့်အလုပ်နဲ့ကိုယ်တောင်မအားဘူး ဒီကြားထဲအိမ်ကမိန်းမကိုကြိုရသေးတယ်ဆိုတော့ တခြားမိန်းကလေးတွေကိုကြည့်ဖို့အချိန်မရဘူး”
ကျေနပ်သလိုဖြစ်မိသွားပေမယ့် အိမ်ကမိန်းမဆိုတဲ့စကားကိုတော့မကြိုက်ပါ။
“အိမ်ကမိန်းမဆိုတော့ အလုပ်ကမိန်းမရှိသေးလို့လား”
“ဟာကွာ ဒီကလေး ဘာတွေလျှောက်ပြောနေမှန်းမသိဘူး လာပါကွာ သွားစို့”
ရယ်ချင်စိတ်ကိုမြိုသိပ်ရင်း ဏီဏီကိုပုခုံးဖက်ပြီးဆွဲခေါ်လာခဲ့သည်။ ဘာလေးမှန်းမသိ။ ဒီကောင်မလေးရစ်နေပုံက ချစ်ဖို့ကောင်းလှသည်။ ဏီဏီက ဆွဲခေါ်နေတဲ့သူ့နောက်ကို မလိုက်ချင်လိုက်ချင်နဲ့ပေကပ်ကပ်လုပ်ရင်းပါလာခဲ့လေသည်။
သူတို့နှစ်ယောက်ကိုကြည့်နေတဲ့တက္ကစီပေါ်က လူတစ်ယောက်ကို သတိမထားမိပါ။ ဦးနေထွန်းသမီးကိုသတိရလို့ သင်တန်းဆင်းချိန်မှာလာလာကြည့်ရတာအမောပင်။ ဒီနေ့မှ လာကြိုတဲ့ ကောင်းမွန်နဲ့ဏီဏီပုံစံကို ကြည့်ပြီးသက်ပြင်း ချလိုက်မိသည်။ ကောင်းမွန်က သမီးကိုအတော်ချစ်ပုံရပါသည်။ သူကသာနေ့တိုင်းသတိရနေမိတာ၊ သမီးကတော့ ကောင်းမွန်နဲ့ပျော်နေပုံပင်။ ချစ်မဝနိုင်သေးတဲ့သမီးလေးတောင် အိမ်ထောင်ရက်သားကျလို့ ပျော်နေပြီပဲဆိုတဲ့အတွေးနဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ဝမ်းနည်းသွားသလိုပင်။
“ကိုကြီး ဏီဏီတခြားယောကျာ်းနဲ့လက်ထပ်ရင် အဲ့ဒီယောကျာ်းကဏီဏီရဲ့နောက်ယောကျာ်းဖြစ်သွားတော့မှာပေါ့နော်”
ဇာတ်ကားကြည့်နေရင်း ဘာစိတ်ကူးပေါက်ပြီးထမေးမှန်းမသိတဲ့ဏီဏီမေးခွန်းကြောင့် ကောင်းမွန်စိတ်ပူသွားရသည်။ သင်တန်းမှာ ပန်းစည်းလာပေးတဲ့ကောင်လေးအပြင် တခြားလူတွေများရှိနေသေးလို့လား။
“ဘာဖြစ်လို့မေးတာလဲ”
“တစ်လင်တစ်မယားပဲကောင်းတာမလား သူများတွေကဏီဏီကို ဟဲ့ အဲ့ဒါနင့်ယောကျာ်းလား တခြားတစ်ယောက်နဲ့ ထပ်ယူထားတာလားလို့ပဲမေးကြမှာနော် သူတို့အမြင်မှာကိုကြီးကဏီဏီရဲ့ယောကျာ်းပဲကို ဏီဏီရဲ့လင်ကြီး လင်ငယ်နဲ့ ပြောကြမှာ အမလေးးးး အဲ့ဒီစကားလုံးတွေက အသဲယားစရာကြီး”
ပြောနေရင်းတကယ်ပဲအသဲတွေယားလာသလို လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ကိုယ်လုံးကိုတုန်ပြနေလိုက်သေးသည်။
“ကိုကြီး ဏီဏီယောကျာ်းမယူဘူးနော် ကိုကြီးလဲမိန်းမမယူနဲ့ ဏီဏီတို့တသက်လုံးအတူတူနေသွားကြမယ်နော် တစ်လင်တစ်မယားပဲကောင်းပါတယ် ဟုတ်တယ်မလား”
အဲ့ဒီစကားကြားမှစိတ်အေးသွားရပေမယ့် သူတို့နှစ်ယောက်ကတကယ်လင်မယားလဲမဟုတ်ပဲ။ ကောင်းမွန်နုတ်ခမ်းကိုက်ပြီး ငြိမ်နေမိသည်။ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်တဲ့ကောင်မလေးကို စချင်မိသည်။
“အင်း ဟုတ်တယ် ဒါပေမယ့်ကိုယ်က ကလေးရချင်သေးတာလေ”
“ကိုကြီးပြောတော့ ကလေးမယူသေးဘူးဆို”
“အင်းလေ အခုလောလောဆယ်မယူသေးဘူးလို့ပြောတာ နောက်သုံးလေးနှစ်လောက်ဆိုယူမှာပေါ့”
“ဟင် ကိုကြီးမိန်းမယူတော့မှာလား”
မွေးပေးမယ်လို့ပြောလာမလား စလိုက်မိတာ။ မရွှေချောက အထင်တွေလွဲကုန်ပြန်သည်။
“အင်းလေ ယူရမှာပေါ့”
“ဘယ်သူနဲ့လဲ ဏီဏီသဘောမတူတဲ့လူနဲ့ယူရင် ဒီအိမ်ပေါ်ကဆင်းပေးမယ်မထင်နဲ့”
“မဆင်းခိုင်းပါဘူး ကိုယ့်ဘာသာသပ်သပ်နေမှာပေါ့”
ကိုကြီးရဲ့အဖြေက ဏီဏီကိုအံ့အားသင့်စေပါသည်။ အဲ့ဒီလိုအစီအစဉ်တွေရှိနေခဲ့တာလား။ မုန်းဖို့ကောင်းလိုက်တာ။ သူ့မျက်နှာကြီးကို ဆက်မကြည့်ချင်တော့လို့ ထထွက်ခဲ့လိုက်သည်။
“ဟာ ကလေးမ ဘာဖြစ်သွားတာလဲ ဏီဏီ”
စိတ်ကောက်ပြီးထထွက်သွားတဲ့ ဏီဏီနောက်ကိုလိုက်ခဲ့သော်လည်း မရွှေချောကအခန်းတံခါးပိတ်သွားခဲ့သည်။
အမြင်ကတ်ပါတယ်ဆို လာခေါ်နေသေးသည်။ အခန်းအပြင်ကနေ အဆက်မပြတ် တံခါးခေါက်နေသူကြီးကို အခုအချိန်မှာ လုံးဝမမြင်ချင်တော့ပါ။ ကုတင်ပေါ်တက်ကာ အရုပ်တစ်ရုပ်ကိုဆွဲဖက်လိုက်ရင်း မျက်ရည်တွေကျလာခဲ့သည်။
“ဏီဏီ တံခါးဖွင့်ဦး ဏီ”
“မဖွင့်ဘူး လာမခေါ်နဲ့”
ပြန်ဖြေတဲ့အသံက ငိုသံနဲ့ရောနေသောကြောင့် ကောင်းမွန်ပြာယာခတ်သွားမိသည်။
“ကလေး မဆိုးနဲ့ကွာ ဖွင့်ဦးလို့”
“ဘယ်သူကဆိုးနေလို့လဲ ခင်ဗျားကြီးအသံကိုမကြားချင်ဘူး လာမခေါ်နဲ့ ကိုယ့်ဘာသာနေမယ်ဆို သွားနေပေါ့”
“အာ မနေပါဘူး စတာ စတာလို့ မိန်းမလဲမယူဘူး ဘယ်မိန်းမကိုမှလဲမကြိုက်ဘူး နော် တံခါးဖွင့်ဦး”
အခုမှလာပြီး စတယ်ပြောနေတာ။ ဏီဏီကတော့ အဲ့လိုစကားမျိုးကို စနှောက်တာပဲဖြစ်ဖြစ် မကြားချင်ပါ။
“မကြားချင်ဘူး ဘာမှလာမပြောနဲ့”
“အိုကေ မပြောတော့ဘူး ဒါပေမယ့်တံခါးတော့ဖွင့်”
“မဖွင့်ဘူး”
“ဒါဆိုလဲ အပြင်ပဲသွားနေတော့မယ်”
ဘယ်သွားမလို့ပါလိမ့်။ ကြည့်စမ်း သူကပြန်ပြီးစိတ်ဆိုးလို့ အိမ်ကနေထွက်သွားတော့မှာလား။ ကုတင်ပေါ်ကနေ ပြေးဆင်းပြီးတံခါးဖွင့်ဖွင့်ချင်း ပြုံးစိစိကြည့်နေတဲ့သူ့မျက်နှာကိုတွေ့လိုက်ရမှ မျက်နှာကြောပြန်တင်းလိုက်သည်။
“စတာကို တကယ်ကြီးစိတ်ဆိုးစရာလား လာ ထွက်လာခဲ့”
“စတာမဟုတ်ပါဘူး သေချာအစီအစဉ်တွေချထားပြီးမှ”
“ဘာအစီစဉ်မှမရှိဘူး တကယ်ပြောတာ လာ လာ”
လက်ဆွဲပြီးခေါ်လို့ မလိုက်ချင်လိုက်ချင်ပုံစံမျိုးနဲ့ လိုက်ခဲ့လိုက်သည်။ စိတ်မဆိုးတော့ပေမယ့် ဆက်ပြီးမျက်နှာကို စူပုတ်ထားလိုက်သည်။ ထပ်ပြီး အချော့ခံချင်ပါသေးသည်။
“ငိုထားတာလဲ နှပ်ချေးတွေနဲ့ မျက်ချေးတွေရော”
“ဟမ် မျက်ချေးတွေလား”
ဏီဏီရှက်သွားမိရင်း မျက်လုံးကိုပွတ်လိုက်မိသည်။
“ဘာမှလဲမရှိပဲနဲ့”
တခွိခွိသဘောကျနေတဲ့လူကိုမျက်စောင်းထိုးလိုက်ရင်း
“လာစမနေနဲ့ အမြင်ကတ်ပါတယ်ဆို”
“မကတ်ပါနဲ့တော့ လာပါ ဇာတ်ကားဆက်ကြည့်မယ်လေ”
ဘာမှမပြောတော့ပဲ သူ့ပုခုံးကိုမှီပြီးဇာတ်ကားကြည့်နေတဲ့ဏီဏီကို အရမ်းကိုချစ်ရပါသည်။ ချစ်နေတဲ့အကြောင်းတွေကို ဖွင့်ပြောသင့်လား၊ မပြောသင့်လားဆိုတာ မသိတော့ပါ။ အားကိုးရာမရှိ သူ့ဆီနေနေတဲ့သူကို အခွင့်အရေးယူရာကျမှလဲ စိုးပါသည်။ သူ့အပေါ်အရမ်းကိုတွယ်တာပြီးသံယောဇဉ်ရှိနေတာကိုသိပေမယ့် ဖွင့်ပြောလိုက်လို့ အခြေအနေတစ်မျိုး ပြောင်းသွားမှာကို လုံးဝမလိုလားပါ။ ဒီအခြေအနေနဲ့တင်သူ့မှာကြည်နူးမဆုံးဖြစ်နေရတာကို။
“ကိုကြီး မိန်းမမယူရဘူးနော်”
“အင်း အင်း”
အဲ့ဒီ အင်း အင်းကိုအခုတော့မမုန်းမိပါ။ ဏီဏီ ကိုကြီးနဲ့ တသက်လုံးအတူတူနေချင်ပါသည်။ တခြားမိန်းမနဲ့လက်ထပ်ဖို့ လုံးဝခွင့်မပြုနိုင်ပါ။ လက်မောင်းကိုတင်းတင်းဖက်လိုက်ရင်း ပိုတိုးပြီးမှီလိုက်သည်။ ကိုကြီးနဲ့အတူတူနေရတာ ဖေဖေနဲ့ ရှိနေရသလိုပင်။ စိမ်းမနေပဲ နေနေကျနေရာတစ်ခုလိုဖြစ်ကာ စိတ်ထဲကိုလုံခြုံနွေးထွေးစေပါသည်။ အဲ့ဒါကို ဒီလူကြီးက တခြားမိန်းမယူဖို့စိတ်ကူးနေသေးသည်။ အကျင့်ပုတ်ကြီး။
ကျေနပ်သလိုငြိမ်သွားတဲ့ ဏီဏီကို မင်းသာကိုယ့်ဘေးမှာတသက်လုံးရှိနေပေးရင် ဘယ်မိန်းမမှမလိုပါဘူး ကလေးရယ်လို့ စိတ်ထဲကနေသာ ပြန်ပြောလိုက်တော့သည်။ သူမနဲ့အတူရှိနေချိန်တွေက ဘယ်လိုကုန်သွားမှန်းမသိသလို သူမကို ချစ်တဲ့အချစ်တွေကလဲ ကောင်းမွန်ရင်ထဲ နက်ရှိုင်းစွာဖြစ်တည်ခဲ့ရသည်။ သေချာတာတစ်ခုကတော့ သူ့ဘဝမှာ ဒီကောင်မလေးမရှိရင် မဖြစ်တော့တာပင်။
===============================================================
“ကိုကြီး”
အခန်းတံခါးဖွင့်သံနဲ့အတူ ခေါ်သံကြားပေမယ့် ကောင်းမွန်လှည့်မကြည့်မိပါ။ ခေါင်းအုံးပေါ် Laptop တင်ကာ အင်တာနက်ကသတင်းတစ်ပုဒ်ကို စိတ်ဝင်တစားကြည့်နေမိသည်။ ဏီဏီက ကုတင်ပေါ်ထိုင်နေတဲ့ကိုကြီးကို နောက်ကနေ ခါးကိုဖက်ကာ ကျောပြင်မှာပါးကပ် ထားလိုက်သည်။
သူ့ခါးကိုလာဖက်တဲ့လက်ကိုငုံ့ကြည့်လိုက်ရင်း ဒီကလေးမဝမ်းနည်းနေတာလားလို့တွေးမိသွားသည်။
“ဏီဏီ ဘာဖြစ်တာလဲ”
မေးလိုက်မှရှိုက်သံထွက်လာခဲ့သည်။
“အာ ဘာဖြစ်တာလဲလို့မေးနေတယ်လေကွာ”
လှည့်ကြည့်ပြီးထပ်မေးလိုက်တော့ သူ့ရင်ခွင်ထဲတိုးဝင်လာပြီးငိုလေတော့သည်။ ကောင်းမွန်က သူမကျောပြင်လေးကို ပုတ်ပေးရင်း ဘာဖြစ်သွားတာလဲစဉ်းစားနေမိသည်။ ညဆယ့်တစ်နာရီထိုးနေပြီကို။ ဒီညစောစောနားချင်တယ်ဆိုပြီး ညစာစားပြီးကတည်းက အခန်းထဲဝင်သွားရာမှ ဘာအတွေးပေါက်လို့ ထငိုနေလဲမသိ။
“မနက်ဖြန် မနက်ဖြန် ဖေဖေ့မွေးနေ့…”
အဖေကိုသတိရနေတာကိုး။ ဒါကြောင့်သူမပုံစံကတမျိုးလေးဖြစ်နေသည်။
“ဏီဏီက ဖေဖေ့မွေးနေ့ဆို Birthday cake ဝယ်ပေးနေကျ ဖေဖေနဲ့မမနဲ့အတူဘုရားသွားပြီး.. ညနေစာထွက်စားကြတာ ဖေ့ကိုသတိရတယ်ကိုကြီး အီးးဟီးးး”
အဖေချစ်သမီးက အဖေမွေးနေ့မှာအတူတူမရှိရလို့ အတော်ဝမ်းနည်းနေပုံပင်။ မိဘနှစ်ပါးလုံးမရှိတော့တဲ့ကောင်းမွန်က ဏီဏီကို မျက်ရည်တွေသုတ်ပေးရင်း ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိတော့။ သူငယ်ငယ်ကတည်းကအဖေ ဆုံးသွားပြီး အမေကတော့ သူဘွဲ့ရပြီးချိန်မှာ ဆုံးသွားခဲ့လေသည်။ သူလဲမိဘတွေကိုအရမ်းလွမ်းရတဲ့အချိန်တွေရှိတော့ ဒီကလေးမလေးကို ကိုယ်ချင်းစာပါသည်။
“မနက်ဖြန် အန်ကယ်နဲ့သွားတွေ့မလား”
“အင်း သွားမှာ ကိုကြီးရောလိုက်ခဲ့လေ ဏီဏီတစ်ယောက်ထဲမသွားရဲဘူး”
“လိုက်ခဲ့မယ်လေ မွေးနေ့လက်ဆောင်ဘာဝယ်သွားမလဲ”
“ကိတ်မုန့် Order မှာပြီးပြီ အိမ်ကိုပဲတခါထဲပို့ခိုင်းထားတယ် တခြားလက်ဆောင်ဝယ်စရာမလိုပါဘူး ဖေ့ဆီညနေပိုင်းမှ သွားကြမယ်လေ မနက်ပိုင်းတော့ဏီဏီဘုရားသွားချင်တယ် ကိုကြီးလိုက်ပို့ပေးနော်”
“ပို့ပေးမယ်လေ”
ဏီဏီကိုငုံ့ကြည့်ပြီးပြောနေတဲ့ ကိုကြီးမျက်နှာကိုမော့ကြည့်လိုက်ရင်း အခုမှ သူ့ရင်ခွင်ထဲရောက်နေတာကို သိတော့သည်။ မျက်လုံးပြူးသွားမိရင်း ကိုကြီးရင်ခွင်ထဲက အမြန်ထွက်လိုက်ရင်း ကုတင်ပေါ်ကဆင်းလိုက်သည်။ ခုနတုန်းကတော့ ဝမ်းနည်းနေလို့ လုပ်သင့်လား၊မလုပ်သင့်လား မစဉ်းစားမိခဲ့။ ခေါင်းအုံးဘေးနားက ဝက်ရုပ်လေးကိုတွေ့တော့ ရင်ခုန်မိသွားသလို။ ကိုကြီးက ဏီဏီနဲ့တူတဲ့ဝက်ရုပ်လေးကို အဲ့ဒီနားမှာပဲ ဆက်ထားတုန်းပဲပေါ့။
“အိပ်တော့မယ်”
ရှက်သလိုဖြစ်သွားတဲ့ဏီဏီကိုကြည့်ပြီး ကောင်းမွန်ချစ်စနိုးဖြစ်နေမိသည်။ အခန်းထဲကအပြေးတပိုင်းနဲ့ထွက်သွားတော့ ဝက်ရုပ်လေးကိုဆွဲယူလိုက်ပြီး ပြုံးလိုက်မိသည်။ ကလေးရယ် ဘာလို့ရှက်နေတာလဲ။ အရမ်းချစ်အောင်မလုပ်ပါနဲ့။ ဝက်မလေးက ခေါင်းငြိမ့်ပြခဲ့သလိုပင်။
================================================================
မနက်ရှစ်နာရီထိုးချိန်အထိ အပြင်မထွက်လာသေးတဲ့ဏီဏီကို ကောင်းမွန် အခန်းတံခါးခေါက်ကာနိုးလိုက်သည်။
“ဏီဏီ ဏီဏီ ဘုရားသွားမယ်ဆို ထတော့လေ”
အခန်းတံခါးက ဖြတ်ခနဲပွင့်သွားပြီး ပေါ်လာတဲ့မျက်နှာလေးက ပြုံးစိစိနဲ့။
“ထနေပြီ ခဏလေးစောင့် အလှပြင်လို့မပြီးသေးဘူးလေ ဦးလေးကြီးရေ”
“အော် အိုကေ အိုကေ ပြင်ပါ”
မိန်းမအလှပြင်မပြီးသေးလို့ထိုင်စောင့်နေရတဲ့သူလိုပင်။ ဘာတွေတွေးလိုက်မိပါလိမ့်။ ကိုယ့်အတွေးကိုယ် သဘောကျကာ ပြုံးနေမိသည်။ ဏီဏီနဲ့တွေ့မှပဲ သူဟာ တစ်ယောက်ထဲပြုံးနေတတ်ခဲ့သည်။
“ကိုကြီး ပြီးပြီ သွားစို့”
သူ့မျက်လုံးထဲမှာတော့ ကချင်ဝမ်းဆက်အဖြူရောင်လေးနဲ့ ပိန်ပိန်သွယ်သွယ်ကလေးမလေးဟာ အရမ်းကိုလှပနေပါသည်။ Burberry အိတ်နဲ့တဘက် ဆင်တူလေးကိုကိုင်ထားတဲ့ သူဌေးသမီးဟာ နာမည်ကြီး Brand များကိုအလွန်ကြိုက်နှစ်သက်ပုံ ရသည်။ ဒီမိန်းကလေးရဲ့အသုံးစရိတ်တွေကို တွေးမိရင်း ရင်မောသွားရသည်။
“ဏီဏီ လှလား အဟီး”
“သွားစို့”
ရူးပေါပေါကလေးမကို ပြုံးပြလိုက်ရင်း ရှေ့ကနေထွက်လာခဲ့လိုက်သည်။
ကိုကြီးဆီက လှတယိလို့ပြောသံကြားချင်လို့ အချိန်ယူပြီးအလှတွေပြင်လာရတာကို။ ပြောနေကျ အင်းအင်း တောင်မလုပ်ပဲ ရှေ့ကနေ ထွက်သွားတော့ မေးတဲ့သူက ဖီးလ်ငုတ်သွားရသည်။ လှတယ်လို့ဖြေပေးလိုက်တော့ ဘာဖြစ်သွားမှာကျလို့။ စိတ်ကောက်ချင်ချင်ဆိုပေမယ့် အလုပ်မသွားပဲကိုယ့်ကိုဘုရားလိုက်ပို့သူကို မကောက်ရက်တော့ပေ။
“ကိုကြီး မနက်စာနဲ့နေ့လယ်စာပေါင်းစားလိုက်စို့”
“မနက်စာစားပြီးမှဘုရားသွားမယ်လေ”
“ဘုရားဖူးပြီးမှမုန့်စားတော့မယ် ကိုကြီးရုံးတက်ရဦးမှာလေ”
အရမ်းကို အလိုက်သိနေပါလား။ လုံချည်ဝတ်ပြီးနောက်ပိုင်း လူကြီးဆန်သွားပုံရသည်။ ကောင်းမွန်ပြုံးစိစိဖြစ်သွားရရင်း
“ဟုတ်ပြီလေ ကိုယ်ကဏီဏီအဆာလွန်နေမှာစိုးလို့”
“မဆာပါဘူး ဖေ့အတွက် ဆုတောင်းပေးပြီးမှစားတော့မယ် ဖေဖေစိတ်ဆိုးပြေသွားပါစေလို့လဲ ဆုတောင်းရမယ် အဲ့ဒါမှ ညနေသွားတွေ့ရင်မောင်းမထုတ်မှာ ဟိဟိ”
“စိတ်ဆိုးပြေသွားရင် ဏီဏီအိမ်ပြန်ရတော့မှာပေါ့”
“ဟင်”
ဖေဖေ စိတ်ဆိုးပြေတာနဲ့ဏီဏီကိုအိမ်ပြန်ခေါ်မှာလား။ အဲ့ဒီလိုလဲမထင်ပေ။ အဲ့ဒီယောကျာ်းနဲ့ပဲ တသက်လုံးနေတော့လို့ ပြောသွားတာကို။ အီးးး ငါယောကျာ်းရပြီးသားဖြစ်နေပြီပဲ။ ဖေဖေကိုဘယ်လိုမျက်နှာပြရမယ်မှန်းမသိ။
“ဖေဖေက ပြန်မခေါ်တော့ဘူးထင်တယ်”
“ဘာဖြစ်လို့လဲ”
“ဖေ ပြောသွားတာကိုကြီးလဲကြားတာပဲ အဲ့ဒီယောကျာ်းနဲ့ပဲတသက်လုံးနေတော့ဆိုပြီးလေ”
“အော် အဲ့ဒါကစိတ်ဆိုးလို့ပြောသွားတာပါ စိတ်မဆိုးတော့ရင်ပြန်ခေါ်ချင်ခေါ်မှာပေါ့”
ကောင်းမွန်က ဏီဏီစိတ်မကောင်းဖြစ်မှာစိုးလို့ တတ်နိုင်သမျှနှစ်သိမ့်ပြီးပြောပေးလိုက်သည်။ သူမကို အိမ်မပြန် ခိုင်းစေချင်ပေမယ် တသက်လုံုးသူ့အနားမှာနေမယ့်သူမှမဟုတ်တာ။ ဒီကောင်မလေးအိမ်ပြန်သွားရင် သူတစ်ယောက်ထဲ ဘယ်လိုနေခဲ့ရမယ်မှန်းမသိ။ အဲ့ဒီနေ့ရက်တွေကိုကြိုတွေးမိတာနဲ့ ရင်ထဲအလိုလိုဝမ်းနည်းလာခဲ့သည်။
အတော်အိမ်ပြန်ခိုင်းစေချင်နေပုံပင်။ အဲ့ဒါမှ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေရမှာကို။ ကိုယ်ရှိနေတာ သူ့အတွက်အနှောက်ယှက်ဖြစ်နေမှာပေါ့။ ဒီအတွေးနဲ့တင် ငိုချင်ချင်ဖြစ်လာရသည်။
“ဖေဖေအိမ်ပြန်ခေါ်လဲ ကိုကြီးပါလိုက်ခဲ့ရမှာ”
“ဘာဖြစ်လို့လဲ”
“ကိုကြီးကဏီဏီယောကျာ်းဖြစ်နေပြီလေ”
မျက်စောင်းထိုးရင်း ပြောလာတဲ့စကားကြောင့် ကောင်းမွန်ရင်ထဲနွေးသွားရသည်။
“ကိုယ့်ကိုပါခေါ်သွားမှာလား”
“ခေါ်မှာပေါ့ ဏီဏီဘယ်သွားသွား ကိုကြီးလိုက်ခဲ့ရမှာ သိပြီလား”
ကားမောင်းနေတဲ့လူကို စိတ်နဲ့ကိုယ်နဲ့မကပ်အောင်လုပ်ပြန်ပြီ။ ဏီဏီက သူနဲ့တသက်လုံးနေဖို့စိတ်ကူးထားပြီပေါ့။ ပြုံးချင်နေတဲ့နုတ်ခမ်းကို ဖိကိုက်ထားမိရင်း ကျေနပ်နေမိသည်။
“ကိုယ်သွားရင်ရော လိုက်ခဲ့မှာလား”
“ဘယ်ကိုသွားမလို့လဲ”
“ဘယ်ကိုဖြစ်ဖြစ်ပေါ့”
ဏီဏီက စဉ်းစားရခက်သလိုငိုင်တွေသွားသည်။
“မလိုက်ချင်ဘူးလား”
“မဟုတ်ပါဘူး ဏီဏီသွားရင် ဖေတစ်ယောက်ထဲကျန်နေမှာပေါ့ကိုကြီးကလဲ ဏီဏီဖေ့ကိုကတိပေးထားဖူးတယ် ဖေနဲ့တသက်လုံးအတူတူနေမယ်လို့ မမကေကိုစေ့စပ်ပေးတဲ့နေ့တုန်းက ဖေဖေစိတ်မကောင်းဖြစ်နေလို့ ဏီကတိပေးခဲ့တာ ဖေနဲ့ဘယ်တော့မှမခွဲဘူးလို့ သမီးအိမ်ထောင်ပြုရင်တောင် သမီးယောကျာ်းကိုအိမ်ခေါ်လာမှာ ဖေနဲ့အတူတူနေမှာလို့ ပြောခဲ့တာ နော် ကိုကြီးဘယ်မှ မသွားနဲ့နော် ဒီမှာပဲနေရအောင် မမကေကမသေချာဘူး ကိုဖြိုးသွားတဲ့နောက်လိုက်ရမှာ ဖေတစ်ယောက်ထဲ ကျန်ခဲ့လို့မဖြစ်ဘူး နော် ဘယ်မှမသွားဘူးနော်”
သူ့လက်မောင်းကို ကိုင်ဆွဲပြီးပြောနေသူဟာ တကယ်ပဲသူ့ယောကျာ်းလို့မှတ်ယူထားပုံပင်။ သူမကို အဖေဖြစ်သူက စိတ်ဆိုးနေပေမယ့် ဘာပဲလုပ်လုပ် အဖေကို ထည့်စဉ်းစားတတ်တာကတော့ ချစ်စရာကောင်းလွန်းလှသည်။
“ဏီဏီက ကိုယ်နဲ့တကယ်လက်ထပ်မှာလား”
“ဟင် ကိုကြီးနဲ့လက်မထပ်လို့ဘယ်သူနဲ့လက်ထပ်ရမှာလဲ ယောကျာ်းနှစ်ယောက်မရချင်ပါဘူးနော်”
ကောင်းမွန် သဘောကျကာ တခွိခွိရယ်လိုက်မိသည်။ ဏီဏီလဲပြောပြီးမှရှက်သွားမိကာ အပြင်ကိုသာ ကြည့်နေလိုက်တော့သည်။ တကယ်ပါပဲ အဲ့ဒီလူကြီးက ဘာတွေမေးမှန်းမသိ။ ကိုယ်ကသာဇွတ်ပြောနေမိတာ။ သူက လက်ထပ်ချင်ပါ့မလားမသိ။ ဏီဏီ ကောင်းမွန်ဘက်ကိုဆတ်ခနဲ့လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။
“ကိုကြီးကရော ဏီဏီနဲ့လက်မထပ်ချင်ဘူးလား”
ရယ်နေတဲ့ကိုကြီးမျက်နှာတည်သွားပြီး ကားကိုလမ်းဘေးချရပ်လိုက်သည်။ သူ့မျက်နှာကို ကြည့်နေရင်း စိတ်လှုပ်ရှားနေမိသည်။ ကိုကြီး ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ ပြောချင်ရာတွေလျှောက်ပြောပြီးမှ သူငြင်းလိုက်မှာကို ကြောက်နေမိသည်။
“ကိုယ်ပြောမယ် သေချာနားထောင်နော်”
အရင်ထက်ပိုတည်ငြိမ်နေတဲ့သူ့မျက်နှာကိုကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကြောင့် ကိုယ့်ကိုလက်မထပ်နဲ့ ဏီဏီတကယ်ချစ်တဲ့လူတွေ့လာရင် ကိုယ်နဲ့လက်ထပ်ခဲ့မိလို့ နောင်တရနေလိမ့်မယ်”
“ကိုကြီးရော တကယ်ချစ်တဲ့လူရှိနေပြီလား”
ခေါင်းငြိမ့်ပြလိုက်တဲ့ကိုကြီးကြောင့်ဏီဏီရင်ထဲတိတ်တိတ်လေးဝမ်းနည်းသွားမိသည်။ သူကတခြားလူကိုကြိုက်နေတာကို။ ကိုယ်ကမသိပဲ ဇွတ်ပြောနေမိတာ။ ကိုယ့်ကိုအရမ်းဂရုစိုက်လွန်းလို့ သူချစ်နေတဲ့လူကကိုယ်ပဲလို့ထင်နေမိခဲ့တာ။ အခုမှ မဟုတ်မှန်းသိတော့သည်။ ငိုချင်လာတဲ့စိတ်ကိုထိန်းလိုက်ရင်း မျက်နှာကိုမော့ချီလိုက်ကာ။
“သွားစို့လေ”
“ဆက်မမေးတော့ဘူးလား ကိုယ်ချစ်နေတဲ့လူကဘယ်သူလဲဆိုတာ”
မမေးချင်ပါဘူး။ သူ့ချစ်သူကိုသိရင်ကိုယ်ပဲရင်နာရပြန်ဦးမယ့်ကိစ္စကို။ ဘာလို့မေးရမှာလဲ။
စိတ်မဝင်စားသလို နုတ်ခမ်းထော်ပြီးတဖက်သို့လှည့်သွားတဲ့ဏီဏီကို အသဲယားနေမိသည်။
“အမှန်အတိုင်းဝန်ခံရရင် ကိုယ်သူ့ကိုစတွေ့ကတည်းကချစ်ခဲ့မိတယ်ထင်တယ် သူကအငိုသန်တယ် စိတ်လဲအရမ်း ကောက်တတ်တယ် တခုခုဆိုကောက်မယ်ဆိုတာကြီးပဲ တွေ့လိုက်တိုင်းနုတ်ခမ်းကအမြဲထော်နေတာ အဖေကိုလဲ အရမ်းချစ် သူ့အဖေအလိုလိုက်ထားလို့ဆိုးနေတဲ့သူပေါ့”
ဝက်ရုပ်လေးကိုသတိရသွားမိရင်း သူပြောနေတဲ့လူက ကိုယ်များလားလို့သံသယဝင်မိသွားသည်။
“သူက… ဘယ်သူလဲ”
စိတ်ဝင်တစားလှည့်မေးလာတဲ့ဏီဏီကိုခေါင်းခါပြလိုက်သည်။
“မပြောဘူး သတ်ချင်သတ်”
“စိတ်ပုတ်ကြီး ခုနတုန်းကတော့ ဆက်မေးဆို”
“အဖြေကဒီအထိပဲလေ ကျန်တာက နောက်မှ”
“အော် ဇာတ်လမ်းတွဲတွေလို အပိုင်းနဲ့ပေါ့ အမြင်ကတ်တာ သူပဲဆက်မေးဆိုလို့လဲမေးရသေးတယ် မပြောလဲနေပေါ့”
ပြောသာပြောလိုက်ပေမယ့် တကယ်အမြင်မကတ်ပါ။ ကိုကြီးပြောတဲ့မိန်းကလေးက ကိုယ်နဲ့အချက်အလက်အားလုံး ကိုက်ညီနေတာကို။ ဏီဏီသိတာပေါ့။ ကိုကြီးချစ်တာဏီဏီဆိုတာကို။ အခုမှပဲစိတ်ချမ်းသာသွားတော့သည်။
ကောင်းမွန်ကားမောင်းထွက်ခဲ့ရင်း ပွစိပွစိပြောနေတဲ့ကလေးမရဲ့ပါးကို ဆွဲလိမ်ချင်စိတ်ကို မနည်းစိတ်ထိန်းထားရသည်။ သူပြောသမျှအားလုံးဟာ သူမကိုပြောနေတယ်ဆိုတာ အင်မတန်လူရည်လည်တဲ့ကလေးမ သိလောက်ပါသည်။
ကေသရီစားပွဲပေါ်တင်လိုက်တဲ့ကိတ်မုန့်ကိုကြည့်ပြီး ဦးနေထွန်းရယ်ချင်မိသည်။
“ကိတ်က ဏီဏီပို့ထားပေးတာဖေ”
“ဖေဖေသိပါတယ် သမီးရယ်”
သားအဖနှစ်ယောက်သား ရယ်လိုက်မိသည်။ ဖေဖေက သူ့သမီးငယ်ပို့ထားတဲ့ကိတ်မုန့်ကိုကြည့်ပြီး သဘောကျနေပုံပင်။ ကေလဲ ကိတ်မုန့်ကိုတွေ့တွေ့ချင်းမှာပဲ သဘောကျခဲ့ရပါသည်။ ကိတ်မုန့်တဖက်ခြမ်းမှာ ဝက်ဝံရုပ်သားအဖနှစ်ကောင်ကို တခြားဖက်ခြမ်းမှာ ဝက်ဝံကလေးတစ်ကောင်လှမ်းကြည့်နေပြီး ကြားထဲမှာတော့ Happy Birthday ဖေဖေဆိုတဲ့စာသား ရေးထားလေသည်။ နှစ်တိုင်းဖေဖေ့အတွက်ကိတ်မုန့်ဝယ်ပေးနေကျ ဏီဏီကသူတစ်ယောက်ထဲဝမ်းနည်းနေခဲ့ရပုံကို ကိတ်မုန့်နဲ့ ပုံဖော်ပြထားလေသည်။
“ဖေဖေ ဏီဏီ ဖေနဲ့တွေ့ဖို့လာနေတယ် မနေ့ညကကေ့ဆီဖုန်းဆက်ပြီးငိုတယ်လေ ဖေဖေ့မွေးနေ့တိုင်းအတူတူရှိနေကြကို ဒီနှစ်မရှိရလို့စိတ်မကောင်းဘူးတဲ့ လာခွင့်ပြုလိုက်ပါဖေရယ် နော်”
ဖေဖေရဲ့လက်မောင်းကို ကိုင်လှုပ်ပြီး ကေပူဆာလိုက်သည်။ ပြန်မဖြေပေမယ့် ဏီဏီလာမှာမို့ပျော်သွားတဲ့ အရိပ်အယောင်တွေက ဖေဖေ့မျက်နှာမှာ ဖုံးဖိလို့မရပါ။
ဦးနေထွန်းမှာ သမီးနဲ့သမက် မလာခင်တုန်းက အပေါက်ကိုတကြည့်ကြည့်နဲ့မျှော်နေမိပေမယ့် ရောက်လာချိန်မှာတော့ လိုတာထက်ပိုပြီး မျက်နှာကြောတင်းထားလိုက်သည်။ ဧည့်ခန်းထဲမှာ ထိုင်နေရင်း ဝင်လာတဲ့နှစ်ယောက်ကို ခပ်တည်တည် ကြည့်နေသည်။ ဖေဖေ့ကိုကြည့်ပြီး ကေရယ်ချင်မိပေမယ့် မရယ်ရက်ပေ။ ဏီဏီကို ဖေဖေအရမ်းလွမ်းနေပုံပါပဲ။
ကောင်းမွန်နဲ့ဏီဏီနှစ်ယောက်သား ခပ်ကုတ်ကုတ်ဝင်လာကြရင်း ဦးနေထွန်းရှေ့ကခုံမှာ ဝင်ထိုင်လိုက်သည်။ ဖေဖေ အိမ်ပြန်ရောက်ချိန်မှာမမကေ ဖုန်းဆက်လို့အပြေးလာခဲ့ခြင်းဖြစ်သည်။ ဏီဏီက အဖေဖြစ်သူကိုနုတ်ခမ်းထော်ကြည့်ကာ
“ဖေဖေ သမီးကိုစိတ်ဆိုးနေတုန်းပဲလား”
“ဘာလာလုပ်တာလဲ”
“ဖေဖေ့ကိုလာကန်တော့တာလေ သမီးတကယ်လဲယောကျာ်းနောက်လိုက်ပြေးတာမဟုတ်ပဲနဲ့ စိတ်မဆိုးပါနဲ့တော့ဖေရယ်”
“တိတ်စမ်းဏီဏီ အခုချိန်ထိငြင်းမနေနဲ့ လာရင်းကိစ္စသာပြော”
အငေါက်ခံလိုက်ရလို့ ဏီဏီမျက်နှာလေးငယ်သွားမိရရင်း
“Happy Birthday ဖေဖေ ဖေ့ကိုလာကန်တော့တာပါဆို ကိုကြီး ကန်တော့ရအောင်”
သားအဖနှစ်ယောက်ပြောနေတာကို နားထောင်နေတဲ့ကောင်းမွန်က အူကြောင်ကြောင်နဲ့ ဏီဏီနဲ့အတူကြမ်းပြင်ပေါ် ထိုင်ချပြီး ကန်တော့လိုက်ရသည်။ သူက ဦးနေထွန်းရဲ့သမက်ဖြစ်နေပြီပဲ။ ဇနီးနဲ့အတူလိုက်ကန်တော့ရတာပေါ့။
“ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေ”
ငင် ပေးတဲ့ဆုကလဲ။ စိတ်ဆိုးနေပေမယ့်ဆုတော့ပေးရှာသား။ သူ့ကို သမက်လို့သတ်မှတ်လိုက်ပုံပေါ်သည်။ သူ့စိတ်ထဲလဲ တကယ့်သမက်သာဖြစ်ချင်နေမိတော့သည်။
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ”
ဏီဏီကခပ်တည်တည်နဲ့ပြန်ဆုတောင်းလိုက်သေးသည်။ သူ့မှာတော့သားအဖနှစ်ယောက်ကြား အသက်ပြင်းပြင်းမရှုရဲပေ။
“မင်းတို့ဘယ်နေ့မင်္ဂလာဆောင်မှာလဲ”
ဒူးတုပ်ထိုင်နေတဲ့သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရင်း ဘယ်လိုပြန်ဖြေရမလဲမသိတော့။
အူကြောင်ကြောင်လုပ်နေတဲ့သူတို့ပုံစံကိုကြည့်ပြီး ဦးနေထွန်းဒေါသထွက်လာရတော့သည်။
“ကောင်းမွန် မင်းနဲ့ငါ စကားပြောဖို့လိုနေပြီ”
ထထွက်သွားတဲ့ဖေဖေ့ပုံစံကိုကြည့်တာနဲ့ စိတ်ဆိုးသွားမှန်းဏီဏီသိပါသည်။
“ကိုကောင်းမွန် ဖေဖေနောက်ကလိုက်သွားလိုက်ပါ”
“မမ မဖြစ်ဘူးထင်တယ် ဖေဖေစိတ်တိုနေတယ် ဏီပါလိုက်သွားလိုက်မယ်”
ကေက ဏီဏီလက်မောင်းကိုဖမ်းဆွဲထားပြီး ထပ်ပြောလိုက်သည်။
“ကိုကောင်းမွန် ဖေဖေ့စာဖတ်ခန်းထဲကိုလိုက်သွားလိုက်ပါ”
ကောင်းမွန်မှာ ရင်တထိတ်ထိတ်နဲ့ဦးနေထွန်းနောက်လိုက်ဝင်ခဲ့ရသည်။ သမက်အစစ်ကြီးလို့ထင်နေတော့လဲ ဆူလဲ မတတ်နိုင်ပေ။ သူ့သမီးကိုကိုယ်ကလဲတကယ်ချစ်နေမိတာကိုး။ ယောက္ခထီးကြီးရဲ့ဒေါသကိုရင်ဆိုင်ရပေတော့မည်။ ဦးနေထွန်းရှေ့ကခုံမှာဝင်ထိုင်လိုက်တော့
“မင်းတို့ဘယ်တော့မင်္ဂလာဆောင်ကြမှာလဲ”
အဲ့ဒီမေးခွန်းအတွက်သူ့မှာ အဖြေမရှိပေ။ ပြန်မဖြေပဲထိုင်နေတဲ့ကောင်းမွန်ကို ဦးနေထွန်း ဒေါသထွက်လာတော့သည်။
“ရုံးတက်လက်မှတ်ထိုးပြီးပြီလား”
“မထိုးရသေးပါဘူးအန်ကယ်”
“မင်းကငါ့သမီးကို အပျော်ကြံနေတာပဲ”
ဒေါသထွက်နေတဲ့ဦးနေထွန်းကို အလျင်မြန်ခေါင်းခါပြလိုက်ရင်း
“မဟုတ်ပါဘူး အန်ကယ် ကျွန်တော်ဏီဏီကို အဲ့လိုယုတ်မာချင်တဲ့စိတ်မျိုးမရှိပါဘူး”
“အခုချိန်ထိညီမလေးတစ်ယောက်လိုသဘောထားတယ်လို့ဖြေဦးမလို့လား မင်းဖြေခဲ့ဖူးတယ်လေ ညီမလေးပါဆို”
“ဆောရီးအန်ကယ် အန်ကယ်မေးတုန်းက ကျွန်တော်လိမ်ခဲ့မိပါတယ် အရိုးသားဆုံးဝန်ခံရရင် ကျွန်တော်ဏီဏီကို ချစ်နေခဲ့တာပါ ဒါပေမယ့် ဒီအကြောင်းတွေကိုသူမသိပါဘူး အခုကျွန်တော်တို့အတူတူနေနေပေမယ့် သူ့ကိုညီမလေး တစ်ယောက်လိုပဲ စောင့်ရှောက်ခဲ့တာပါ သူလဲကျွန်တော့ကိုအစ်ကိုတစ်ယောက်လိုခင်တာပါ ကျွန်တော်တို့ခိုးပြေးခဲ့တာ မဟုတ်ပါဘူး”
“မင်းတို့နှစ်ယောက်ယူထားပြီးပြီလို့လူတွေထင်နေကြတာလေ အခုမှခိုးပြေးတာမဟုတ်ဘူးပြောလို့ရမလား”
“ဟုတ်ပါတယ် ဒါပေမယ့် ဏီဏီကကျွန်တော့ကိုမှမကြိုက်တာ သူတကယ်ကြိုက်တဲ့လူပေါ်လာရင်…”
မလှုပ်တလှုပ်နဲ့လာပြီး ပေးဆပ်တဲ့အချစ်နဲ့ချစ်ပြနေတဲ့အချစ်သူရဲကောင်းကြီးကို စိတ်မရှည်ချင်တော့။
“မင်းဦးနှောက်သေချာစဉ်းစားကြည့်စမ်း မင်းသာဆိုရင် အိမ်ထောင်ရှိနေတဲ့မိန်းမ ဒါမှမဟုတ် တခြားယောကျာ်းနဲ့ယူသွားတဲ့ ရည်းစားဟောင်းကို ကြိုက်နေဦးမှာလား လက်ထပ်ဖို့သွားတောင်းဆိုနေဦးမှာလား”
“မလုပ်ပါဘူးအန်ကယ်”
“အေး မင်းလုပ်ရင်လဲ တော်တော်အရှက်မရှိတဲ့ယောကျာ်းဖြစ်သွားပြီကွ လင်ရှိမယားကိုသွားပြီးကြိုက်နေတာ ကြာခိုချင်တဲ့ အရှက်မရှိတဲ့အချောင်သမားတွေအလုပ် ယောကျာ်းကောင်းမှန်ရင်ဘယ်သူမှာအဲ့ဒီလိုမလုပ်ဘူး မင်းနဲ့ယူထားပါတယ်ဆိုတဲ့ မိန်းမကို ဘယ်ယောကျာ်းကလာကြိုက်တော့မှာလဲ ပြီးတော့သူ့ရည်းစားဟောင်းကလာပြီး လက်ထပ်ချင်ပါတယ်လို့ လာပြောနေလို့လား မင်းတာဝန်မယူချင်တိုင်း အဲ့ဒီလိုစကားမပြောနဲ့”
“တာဝန်မယူချင်လို့မဟုတ်ပါဘူးအန်ကယ် သူလက်မခံမှာစိုးလို့ပါ”
ရိုးတာမဟုတ်ပဲ နုံအတဲ့ပုံပေါက်နေတဲ့ကောင်းမွန်ကို ဆွဲထိုးချင်စိတ်သာပေါက်လာတော့သည်။
“ကောင်းပြီလေ မင်းသဘောထားကအဲ့ဒီလိုဆိုမှတော့ ငါ့သမီးငါပြန်ခေါ်ထားရုံပဲရှိတော့တာပေါ့”
သူ့ရင်ထဲမှာ ဟာခနဲဝမ်းနည်းသွားရသည်။ သူ ဏီဏီနဲ့မခွဲနိုင်တော့ပါ။
ဦးနေထွန်းမှာ ကောင်းမွန်ရဲ့ဟန်မဆောင်နိုင်အောင်ပျက်သွားတဲ့မျက်နှာကိုကြည့်ပြီး ကျေနပ်သွားရသည်။
“ဟို အန်ကယ် ကျွန်တော်တစ်ခုလောက်ပြောပါရစေ”
“မင်းကိုဘာတာဝန်မှမယူခိုင်းတော့ဘူး ငါ့သမီးငါပြန်ခေါ်ထားတော့မယ်”
“မဟုတ်ဘူးအန်ကယ် ကျွန်တော့ကိုအချိန်နည်းနည်းပေးပါ ကျွန်တော်ဏီဏီအချစ်ကိုရဖို့ကြိုးစားချင်သေးတယ်”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြိုက်နေကြမှန်း ဘေးလူတွေကြည့်တာတောင်သိနေတာကို။ တစ်အိမ်ထဲအတူတူနေပြီး ဘာတွေဟန်ဆောင်နေကြမှန်းမသိ။
“ကျွန်တော်သူနဲ့လက်ထပ်ချင်တယ် သူလက်ခံမယ်ဆိုရင်…”
အခုချိန်ထိ ထုံတာလို၊အတာလိုလုပ်နေတဲ့ကောင်ကို ပိတ်ကန်ပစ်ချင်တော့သည်။
“ဟေ့ကောင် မင်းသွားတော့ ငါ့သမီးကိုထားခဲ့”
လုံးဝမထားခဲ့နိုင်ပါ။ အခုလာတာ အန်ကယ်ကို ခဏတွေ့ဖို့အတွက်သာဖြစ်သည်။ ဏီဏီကိုထားခဲ့ရမယ်လို့တွေးကို မကြည့်ခဲ့တာကို။ သူ့ဆီမှာ ပစ်ထားခဲ့တုန်းကလဲထားခဲ့ပြီးမှ အခုမှသူ့သမီးကိုရုတ်တရက်ကြီး ပြန်လာသိမ်းနေတာကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ပါ။ တချိန်ချိန်တော့ ဏီဏီသူ့ဆီကနေထွက်သွားမယ်ဆိုတာသိပေမယ့် တကယ်တမ်း လက်တွေ့ကြုံလာရချိန်မှာတော့ သွားခွင့်မပြုနိုင်တော့ပေ။
“မထားခဲ့နိုင်ဘူးအန်ကယ် ဏီဏီကိုအန်ကယ်အမွေဖြတ်စွန့်လွှတ်ထားတာလေ”
“ဘာကွ”
သူ့စကားကြောင့် ဦးနေထွန်း အတော်ဒေါသထွက်သွားပုံပေါ်သည်။
“ဆောရီးပါ အန်ကယ့်စကားကိုကျွန်တော်နားမထောင်နိုင်ဘူး ကျွန်တော်တို့ပြန်တော့မယ်”
အခန်းထဲကအမြန်ဆုံးထွက်သွားတဲ့ကောင်းမွန်ဟာ ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ဏီဏီလက်ကိုဆွဲလိုက်ကာ။
“ဏီဏီ ပြန်စို့”
“ဟင် ဖေဖေရော… ဖေဘာပြောခဲ့တာလဲ”
“အိမ်ရောက်မှပြောပြမယ် လာ သွားစို့”
အတင်းဆွဲခေါ်နေတဲ့ကိုကြီး ဘာဖြစ်လာမှန်းမသိတော့။ သူတို့စကားများကြမှာကို ဏီဏီစိတ်ပူနေခဲ့မိတာ။ မမကေကတော့ စိတ်မပူဖို့ပြောပေမယ့် ဖေဖေဒေါသထွက်ပြီး ကိုကြီးကိုဆွဲထိုးပစ်မှာစိုးရိမ်ပါသည်။ ဖေဖေစာဖတ်ခန်းထဲကထွက်လာချိန် မှာတော့ ကြောင်တောင်တောင်ကြည့်နေတဲ့ဏီဏီကို ကိုကြီးကကားပေါ်ရောက်အောင် အတင်းဆွဲပြေးတော့သည်။
ကောင်းမွန်တို့ကားထွက်သွားတော့မှ ရုပ်တည်ကြီးလုပ်ထားတဲ့ဦးနေထွန်း သဘောကျကာ တဟားဟား ရယ်လိုက်မိတော့သည်။
“ဖေဖေ ကိုကောင်းမွန်ကိုဘာပြောလိုက်တာလဲ”
“ဏီဏီကိုထားခဲ့တော့လို့ပြောလိုက်တာ အတင်းဆွဲပြေးသွားရော ဘာကောင်မှန်းမသိဘူး”
ကေပါဖေဖေနဲ့အတူလိုက်ရယ်မိသည်။ ဖေဖေကသူ့သမက်လူရိုးကိုသဘောကျနေပုံပါ။ ဏီဏီကိုဆွဲပြီး ထွက်သွားတဲ့ပုံက ဏီဏီနဲ့ခွဲနေရမှာကို အတော်ကြောက်နေပုံပင်။ ကိုကောင်းမွန် ဏီဏီကိုအရမ်းချစ်တာ ကေလဲရိပ်မိပါသည်။
ဏီဏီမျက်နှာပေါ် Night Cream လိမ်းရင်းစဉ်းစားနေမိသည်။ ဖေဖေနဲ့ကိုကြီး ဘာတွေပြောခဲ့မှန်းမသိ။ ကားပေါ်မှာ ဏီဏီမေးတာကိုလဲ ကိုကြီးက နောက်မှပြောပြမယ်ဆိုပြီးမဖြေ။ ဖေဖေ့ဆီဖုန်းဆက်မေးရအောင်ကလဲ စိတ်ဆိုးနေတာကို။ မမကေလဲဘာမှသိပုံမရ။ အိမ်ပြန်ရောက်ကတည်းက အခန်းထဲအောင်းနေတဲ့ကိုကြီးက တစ်ခါမှထွက်မလာပေ။ အဲ့ဒီလိုဖြစ်လေ ဏီကပိုသိချင်လေပင်။ ကိုကြီးကိုထပ်မေးဖို့ထွက်လာခဲ့လိုက်သည်။
ကောင်းမွန် ကုတင်ပေါ်လှဲအိပ်နေရင်း ရှက်နေမိသည်။ ခုနတုန်းကသူလုပ်ခဲ့တဲ့အပြုအမူကို ပြန်စဉ်းစားမိတိုင်း ဘာလို့ အဲ့ဒီလိုလုပ်ခဲ့မှန်းမသိတော့။ စိတ်ဆိုးပြီးကျန်နေခဲ့တဲ့ဦးနေထွန်းမျက်နှာကိုပြန်မြင်ယောင်မိရင်း အားနာနေမိပေမယ့် သူ့သမီးကိုထားပြီးပြန်တော့လို့ပြောတာကို လက်မခံနိုင်ပါ။ မထင်မှတ်ထားပဲ ဏီဏီခွဲနေရမယ်ဆိုတော့ သူ့စိတ်တွေ ဘယ်လိုဖြစ်သွားမှန်းမသိ။ အခုမှကိုယ့်အခြေအနေကိုယ်ပြန်သတိထားမိသည်။ တွယ်တာစရာဘာမှမရှိတဲ့သူ့ဘဝမှာ ဏီဏီတစ်ယောက်ကိုပဲ အလွန်ကိုခင်တွယ်နေမိပါပြီ။ ဒီကလေးမလေးမရှိရင် မနေတတ်သလိုတောင်ဖြစ်နေခဲ့သည်။
“ကိုကြီး ကိုကြီး တံခါးဖွင့်ဦး”
ရှက်ပါတယ်ဆိုမှ တံခါးလာခေါက်နေတဲ့ဏီဏီကို ရင်မဆိုင်ချင်ပေ။
“ကိုကြီး အိပ်ပျော်နေပြီလား”
“အင်း အိပ်ပျော်နေပြီ”
“ခိ အိပ်ပျော်နေရင် တံခါးလာဖွင့်”
သူ့အဖေနဲ့ဘာပြောခဲ့လဲဆိုတာ လာမေးတာကို မဖွင့်ပေးချင်ပါ။ မရရအောင်လှည့်ပတ်ညော်ပြီးမေးပေတော့မည်။ အခန်းတံခါးဖွင့်လိုက်တော့ မျက်နှာချိုသွေးနေတဲ့ကလေးမကို တွေ့လိုက်ရသည်။
“ကိုကြီး ထွက်လာခဲ့ဦးလေ”
“အာ အိပ်ချင်ပြီ”
“အိပ်မယ်ဆိုလဲ ခြေလက်ဆေးဦးလေ ညစ်ပတ်တာ အဝတ်အစားလဲမလဲသေးပဲ လာခဲ့”
ဏီဏီဆွဲခေါ်ရာနောက်သို့ မလိုက်ချင်ပဲလိုက်ခဲ့ရသည်။
“ဒီမှာထိုင် ဒီမှာထိုင် ဖေဖေနဲ့ဘာတွေပြောခဲ့တာလဲ”
“ဘာမှမပြောပါဘူး”
“ဟာ မဖြစ်နိုင်တာ ပေါ်တင်ညာမနေနဲ့ ပြောပြလို့ ကိုကြီး”
မပြောလို့လဲမရတော့။ ပြောပြရမှာလဲ ခပ်ရှက်ရှက်။ စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကြားလက်ကိုထိုးထည့်လိုက်ရင်း။
“အင်း အန်ကယ်ကလက်ထပ်လိုက်တော့တဲ့”
“အဲ့ဒါနဲ့ကိုကြီးဘာပြောလိုက်လဲ”
“ဏီဏီလက်မခံမှာစိုးတယ်လို့ပြောလိုက်တယ်”
ဏီဏီက ဘာမှမပြောပဲငြိမ်နေလို့ ကောင်းမွန်လဲဆက်မပြောပဲနေလိုက်သည်။ အတန်ကြာငြိမ်နေတဲ့ဏီဏီက
“ကိုကြီး ဏီ့ကိုမေးဖူးလို့လား”
“ဟင် ဘာကိုလဲ”
“ကိုကြီးနဲ့လက်ထပ်ချင်လားဆိုတာကိုလေ ဘယ်တုန်းကသေသေချာချာမေးဖူးလဲ”
“ကိုယ်သိပါတယ် ဏီဏီ ကိုယ်နဲ့လက်မထပ်ချင်ဘူးဆိုတာ…”
“ဘယ်လိုသိသွားတာလဲကိုကြီးက”
မျက်နှာထားတင်းနေတဲ့ဏီဏီကို ဆက်မကြည့်နိုင်တော့ပဲ ခေါင်းငုံ့လိုက်မိသည်။
“ဏီ ချစ်တာထူးဇော်လေ ကိုယ်မှမဟုတ်တာ”
“ဘယ်သူက… ဘယ်သူက အဲ့ဒီလူကိုပဲတသက်လုံးချစ်နေမှာလဲ ဏီ ကိုကြီးနဲ့ပဲလက်ထပ်မှာ”
“ဟင်”
ကောင်းမွန် အံ့သြသွားပြီး ဏီဏီကိုကြည့်လိုက်မိစဉ် မရွှေချောရန်ရှာကာ ထထွက်သွားလေသည်။
“ပြောထားသားပဲ ယောကျာ်းနှစ်ယောက်မယူချင်ပါဘူးဆို”
ဘာလေးမှန်းမသိ။ ပြောသွားတဲ့ပုံက။ သူ့ရင်ထဲဖော်မပြနိုင်တဲ့ကြည်နူးခြင်းတွေနဲ့ကျန်နေခဲ့လေသည်။
===============================================================
နောက်တစ်နေ့ မနက်စာစားချိန်မှာတော့ ဏီဏီက နည်းနည်းနေရခက်တဲ့ပုံနဲ့စားပွဲမှာဝင်ထိုင်လေသည်။ ကောင်းမွန်က ကော်ဖီခွက်ကို သူမရှေ့ချပေးလိုက်သည်။ သူ့ဆီရောက်ကတည်းက မနက်စာကိုသူပဲပြင်ကျွေးနေခဲ့ရသည်။ ဏီဏီကသူ ရုံးသွားဖို့ပြင်ဆင်ပြီးမနက်စာစားချိန်လောက်မှအိပ်ရာထတတ်သူပါ။ သူ့ကိုမကြည့်ပဲမျက်နှာလွဲနေတဲ့ဏီဏီကိုစချင်မိသည်။
“အဟမ်း မနက်စာပြင်တာ အိမ်ရှင်မတွေအလုပ်ဆိုတာသိတယ်မလား”
သူနဲ့လက်ထပ်မယ်လို့ပြောလိုက်တာနဲ့ ချက်ချင်းလေသံပြောင်းသွားပါလား။ အမြင်ကတ်ဖို့ကောင်းလိုက်တာ။ ဏီဏီက ကော်ဖီခွက်ကို နည်းနည်းအသံမြည်အောင်ဆောင့်ချလိုက်ရင်း
“မနေ့ညကတည်းက နားမကြားတော့ဘူး”
“အော် ဒါဆိုဘယ်လိုကြားအောင်ပြောရပါ့မလဲ ညနေစာအပြင်ထွက်စားဖို့အဆင်သင့်လုပ်ထားဖို့ပြောမလို့ပါဆို”
တမင်သက်သက်စနေတဲ့ စပ်ဖြီးဖြီးရုပ်ကြီးကို အမြင်ကတ်စွာ လှမ်းထိုးလိုက်တော့ အထိုးမခံပဲရှောင်သွားလေသည်။ ကြည့် ပုံစံကအစချက်ချင်းပြောင်းသွားတာပဲ။ ဏီဏီ စိတ်တိုသွားပြီး ထရပ်လိုက်တော့ အိတ်ဆွဲပြီးထပြေးသွားလေသည်။
“ရုံးသွားပြီ ညနေအဆင်သင့်လုပ်ထားနော် အပြင်သွားစားမယ် ပန်းကန်တွေမဆေးနဲ့နော် ကွဲရင်ထပ်မဝယ်နိုင်ဘူး မိန်းမယူဖို့ပိုက်ဆံစုရဦးမယ်”
ဏီဏီမှာ ဖိနပ်စီးရင်း ဆက်စနေတဲ့ကောင်းမွန်ကို မီးဖိုပေါက်ဝနားကနေရယ်ပြီး ကြည့်နေလိုက်သည်။ လူကိုရှက်အောင် လာစနေသူကြီးကို နည်းနည်းလေးမှ အမြင်မကတ်မိပါ။ ကော်ဖီဆက်သောက်နေရင်း ပုစိဆီဖုန်းဆက်ဖို့စိတ်ကူး ရသွားသည်။ ပုစိက ဏီဏီထက်စီနီယာကျတဲ့အိမ်ရှင်မဆိုတော့ မသိတာတွေ သူ့ကိုမေးကြည့်ရပေမည်။
“ဟဲလို ပုစိ နင်ဘာတွေလုပ်နေတာလဲ”
“ဝေဦးအတွက် ထမင်းချိုင့်ပြင်ပေးနေတာလေ”
“ဟင် နင့်အိမ်ကလူတွေမပြင်ပေးဘူးလား”
“ပြင်ပေးပါတယ် ငါကိုယ်တိုင်လုပ်ပေးချင်လို့လေ သူကလဲငါကိုယ်တိုင်လုပ်ပေးမှစိတ်တိုင်းကျတာဆိုတော့..”
အမယ် ပုစိမတို့အိမ်ရှင်မတအားပီသနေပါလား။ ဝေဦးကသူ့မိန်းမကို တမင်သက်သက်ခိုင်းစားနေပုံပင်။ ဘယ်သူလုပ်ပေးပေး အတူတူပဲကို။ မိန်းမလုပ်ပေးမှစိတ်တိုင်းကျတယ်လုပ်နေသေးတယ်။ ကိုယ်ဝန်လဲရှိနေတာကို။
“အေး အဲ့ဒါဆိုလဲလုပ်လေ နောက်မှပြန်ဆက်လိုက်မယ်”
“ရတယ် ပြီးသွားပြီ အင်း မောင် တာ့တာ ဟုတ်တယ် ဏီဏီဆီကဖုန်းလာနေလို့”
အလုပ်သွားခါနီး ယောကျာ်းကိုနုတ်ဆက်နေလိုက်သေးသည်။ ဏီဏီမှာကိုကြီးကိုနုတ်ဆက်ဖို့မပြောနဲ့။ တခါတလေ အိပ်ရာထနောက်ကျလို့ အလုပ်သွားတာကိုတောင်မတွေ့လိုက်ရ။
“ဏီဏီ ငါပြောနေတာကြားလား နင့်ကိုကြီးရော အလုပ်သွားပြီလား”
“အင်း အခုပဲသွားလိုက်ပြီ”
“အော် နင်ဘာဟင်းထည့်ပေးလိုက်လဲ”
“ဟင်း?? ဘာဟင်းမှမထည့်ပေးဘူးလေ”
“အိမ်မှာ မချက်ဘူးလား”
“အင်း မချက်ဘူး ညနေစာကိုအပြင်ထွက်စားမလို့ နေ့လယ်စာတခုခုမှာစားလိုက်မယ်”
“ဟယ် နင့်ယောကျာ်းကဘာမှမပြောဘူးလား”
“မပြောပါဘူး ဘာပြောရမှာလဲ”
“အဲ ဝေဦးဆိုမရဘူးနော် တအားဂဂျီဂဂျောင်ကျတာ ငါကိုယ်တိုင်မချက်ပေရမယ့် သူကြိုက်တတ်တဲ့ဟင်းတွေကို စဉ်းစားပြီး ချက်ခိုင်းရတယ် တနေကုန်အလုပ်လုပ်နေတဲ့သူဆိုတော့ အပြင်စာတွေပဲစားနေရရင်ဘယ်အဆင်ပြေမလဲ ကြာတော့ ငြီးငွေ့မှာပေါ့ အိမ်ကထည့်ပေးလိုက်တော့အဆင်ပြေတာပေါ့ဟယ်”
ဏီဏီ အဲ့ဒါတွေမတွေးမိပါ။ အိမ်မှာလဲ မမကေကဖေဖေ့အတွက် ထမင်းချိုင့်ထည့်ပေးတတ်တာကိုတော့သိပါသည်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဆီလျော့ချက်သည်။ ဖေဖေနဲ့မတည့်တဲ့ဟင်းတွေဘယ်တော့မှမချက်ပဲ တည့်တာတွေပဲ ချက်ပေးတတ်တာကိုလဲသိသည်။ ဏီဏီက ပလီပလာသာကပ်ချွဲခဲ့တာ ဖေဖေ့ကိုတကယ်ဂရုစိုက်တာက မမကေပါ။ အဲ့ဒီ အလုပ်တွေက ဏီဏီနဲ့မသက်ဆိုင်ခဲ့တဲ့အရာတွေလိုဖြစ်ခဲ့တော့လုပ်ရမယ်ဆိုတဲ့ အတွေးကိုမရှိခဲ့ပေ။ ဖေဖေ့အတွက်တောင် မလုပ်ပေးခဲ့တာ ကိုကြီးအတွက်ဆို ဝေလာဝေးပေါ့။
“ဏီဏီ နင်အိမ်ထောင်ကျပြီးပြီနော် ကလေးလိုနေလို့မရတော့ဘူး”
“ဟင် ငါကောင်းကောင်းနေပါတယ်”
“နင့်ယောကျာ်းအရမ်းချစ်တယ်ဆိုတိုင်းလဲ တအားမနိုင်စားနဲ့ နင့်အကြောင်းငါသိတယ်”
“မနိုင်စားပါဘူး တစ်ခါမှကိုမနိုင်စားတာ”
ဘယ်တုန်းကနိုင်စားဖူးတာကျလို့။ သူသာဏီဏီကိုစိတ်ဆိုးအောင်စတတ်တာကို။ သူတို့ကဘာကြောင့်များ ဏီဏီနိုင်စားတယ်လို့ ထင်နေကြလဲမသိ။ ကိုယ့်အတွေးနဲ့ကိုယ်နုတ်ခမ်းထော်မိသွားလေသည်။
“အမယ် လာသေး ယောကျာ်းတွေကကြာရင်မိန်းမပီသပါတယ်ဆိုတဲ့လူတွေနောက်ကိုပါသွားတတ်တာဟဲ့ ချစ်တယ်ဆိုတာ ခဏလေးပဲ အလကား သူတို့ကိုလုပ်ပေးနိုင်မှတော်ရာကျတယ် ညားခါစသာချစ်ကြတာ ပြီးရင်သိပ်ဂရုစိုက်တော့တာ မဟုတ်ဘူး ငါနဲ့ဝေဦးတောင်ရတာ တစ်နှစ်ကျော်ပဲရှိသေးတာကို အချိုးပြောင်းချင်ချင်ရယ်”
အဆက်မပြတ်ပြောနေတဲ့ ပုစိစကားတွေကို သေချာလိုက်နားထောင်ပြီး အိမ်ရှင်မကောင်းဖြစ်အောင်နေရမယ်လို့ တွေးမိသွားသည်။ ဒါမှမဟုတ်ရင် ကိုကြီးတခြားမိန်းမနောက်ပါသွားပေလိမ့်မည်။ အဲ့လိုတွေလုပ်ပေးလဲ တခြားလူနောက် ပါမယ့်လူကပါမှာပဲလို့ စိတ်ထဲကနေပြန်ပြောနေမိသည်။ အိမ်ရှင်မကောင်းကလဲဖြစ်ဖို့ မလွယ်ကူလှပေ။ တစ်ခါမှ မလုပ်ဖူးခဲ့သောအရာများနှင့် မလုပ်ချင်သောအရာများကို လုပ်ရပေဦးမယ်လို့စဉ်းစားမိရင်း ယောကျာ်းမရချင်တော့ပေ။
ဒါပေမယ့်လဲ ကြိုးစားပြီးလုပ်ကြည့်ရပေမည်။ ကိုကြီးကိုဏီဏီချစ်ပါသည်။ တသက်လုံးလဲအတူတူနေချင်ပါသည်။ သို့သော် အရင်ကတည်းက ဘာမှမလုပ်ဖူးတဲ့ ဏီဏီတစ်ယောက် ပြာယာခတ်ကာ လုပ်သမျှ အလွဲလွဲအချော်ချော်သာ ဖြစ်နေတတ်သည်။ ကိုကြီးအမြင်မှာ ဗိုင်းကောင်းကျောက်ဖိဖြစ်ချင်ခဲ့ပေမယ့် ဘာတွေလွဲနေလဲတော့မသိတော့ပေ။
ဒီနေ့ဒေါ်ကြီးမလာလို့ ဏီဏီက ကိုကြီးအကျီၤတွေကိုမီးပူတိုက်ပေးရန် စိတ်ကူးမိသွားသည်။ မီးပူကိုဖွင့်ပြီး ထောင်ထားကာ ရှပ်အကျၤီကိုကြည့်ပြီး ဘယ်ကစတိုက်ရမလဲစဉ်းစားနေမိသည်။ ကော်လံကနေစတိုက်တာပေါ့လို့ အဖြေထွက်ပြီး မီးပူယူဖို့ လက်လှမ်းလိုက်စဉ်
“အား”
“ဟာ ဏီဏီ”
ဒီတစ်ပါတ်ပိတ်ရက်မှာ အရင်လိုသူ့ကိုလာမညော်တဲ့ကလေးမကိုလာကြည့်လိုက်ချိန်မှာ ထူးထူးဆန်းဆန်းမီးပူတိုက်ဖို့ ပြင်နေလို့ အံ့သြပြီးနောက်ကနေ ငြိမ်ငြိမ်လေးကြည့်နေခဲ့သည်။ ငပျင်းမလေးဟာ ဘာစိတ်ကူးပေါက်သွားမှန်းမသိ။ ဘယ်အချိန်ဘာဖြစ်မလဲလို့ တွေးနေချိန်မှာပဲ လက်ဖျံကို ထောင်ထားတဲ့မီးပူစောင်းနဲ့တိုက်မိသွားလေတော့သည်။
“အရမ်းပူသွားလား”
“အင်း”
“ခဏစောင့် ရှားစောင်းလက်ပတ်လိမ်းရမယ်ထင်တယ်”
ကောင်းမွန်က ဝရန်တာထွက်ကာ ရှားစောင်းလက်ပတ်တစ်ခုဖြတ်ယူပြီး အသားဖြူဖြူပေါ်မှာထင်းနေတဲ့ စောင်းစောင်းရှည်ရှည်မီးပူဒဏ်ရာပေါ်ကို လိမ်းပေးလိုက်သည်။ သူစိုက်ထားတဲ့ရှားစောင်းလက်ပတ်ပင်လေးကို ဏီဏီရောက်လာမှပဲ အသုံးပြုရတော့သည်။
“အနာရွတ်ထင်မှာကြောက်တယ်ဆို ဒီဒဏ်ရာကအနာရွတ်ကျန်ခဲ့တော့မယ်ထင်တယ်”
တွေ့ခါစက အမှတ်တမဲ့ပြောခဲ့ဖူးတဲ့စကားတွေကို အခုထိသတိရနေတုန်းလားကိုကြီးရယ်။ ဏီဏီကျေနပ်စွာ ပြုံးလိုက်မိသည်။ အဲ့ဒီလိုတွေ ဂရုစိုက်တတ်လို့ သူ့ကိုဏီဏီချစ်မိသွားတာဖြစ်မည်။
“မနက်ဖြန်အနာရွတ်ပျောက်ဆေးဝယ်ပေးခဲ့မယ်နော်”
ကောင်းမွန်ကမီးခလုတ်ပိတ်လိုက်ပြီး မီးပူကြိုးပါဖြုတ်လိုက်သည်။
“ဟင် ကိုကြီး ဏီမီးပူတိုက်မလို့”
လက်ကိုကွေးကာထောင်ထားပြီး ဒဏ်ရာပေါ်ကိုလက်နဲ့အုပ်ထားတဲ့ဏီဏီက ကောင်းမွန်ကိုမျက်နှာငယ်နဲ့ကြည့်နေသည်။ မီးပူတိုက်မယ့်လူက ဘာမှကိုမလုပ်ရသေးခင် ဒဏ်ရာရသွားတာကို။ သူဆက်ပြီး ကြည့်မနေနိုင်တော့ပါ။
“မတိုက်နဲ့တော့”
“မနက်ဖြန်ကိုကြီးရုံးသွားရင်ဘာဝတ်သွားမှာလဲ”
“တခြားအကျီၤတွေရှိပါသေးတယ် ဒေါ်ကြီးလာမှလုပ်လိမ့်မယ် လာ လာ”
ဏီဏီကိုအိမ်ရှေ့ခန်းထဲသို့ဆွဲခေါ်ခဲ့လိုက်သည်။ ဆက်လုပ်နေရင် ထပ်ပြီးဒဏ်ရာရနေဦးမည်။ သူ့ကိုလုပ်ပေးချင်တဲ့ စိတ်နဲ့တင်ကို ကျေနပ်နေပါပြီ။ ဒီကောင်မလေး သူ့ကိုကြိုက်နေလို့များလား။ အတွေးလေးနဲ့တင် ကြည်နူးသွားရပေမယ့် တစ်လင်တစ်မယားစနစ်ကို ထိန်းသိမ်းဖို့ကြိုးစားနေတာလဲဖြစ်နိုင်ပါသည်။ ရူးတူးပေါတော ကောင်မလေးကို ရယ်ချင်သောကြောင့်ပြုံးစိစိဖြစ်သွားမိသည်။
“ကိုကြီး ဘာရယ်တာလဲ ဏီဏီကိုလှောင်တာလား”
“မဟုတ်ရပါဘူးကွာ နောက်ခါမီးပူထပ်မကိုင်နဲ့တော့”
“ဘာဖြစ်လို့လဲ”
“လုပ်စရာမှမလိုပဲ ဏီဏီကိုလုပ်ပေးပါလို့ပြောလို့လား”
“လုပ်ပေးပါလို့မပြောပေမယ့်…. ဟာကွာ ကိုကြီး ဏီဏီယောကျာ်းမယူတော့ဘူး”
ကောင်းမွန်က စိတ်အပြောင်းအလဲမြန်တဲ့ဏီဏီကို အံ့သြစွာကြည့်မိရင်း။
“ဘာဖြစ်ပြန်ပြီလဲ”
“ဏီကအိမ်ရှင်မကောင်းမှမဖြစ်နိုင်တာ အိမ်မှုကိစ္စတွေလဲဘာမှမလုပ်တတ်ဘူးလေ”
“အာ အခုခေတ်ကြီးမှာအိမ်ရှင်မကောင်းဆိုတာ အိမ်မှုကိစ္စတွေပဲလုပ်နေတဲ့သူကိုခေါ်တာမှမဟုတ်တာ”
“အဲ့ဒါဆို ဘယ်လိုမျိုးကိုခေါ်တာလဲ”
“ကိုယ်လဲသေချာမသိဘူးလေ ဟီးးးး မိန်းမမှမယူဖူးတာ”
စပ်ဖြီးဖြီးရုပ်ကြီးကို မျက်စောင်းထိုးလိုက်ရင်း
“ယူဖူးစရာလား အမြင်ကတ်စရာကြီး”
ကောင်းမွန်တခွိခွိရယ်လိုက်ရင်း
“ညနေစာ တခုခုချက်စားမလား”
“ဏီဏီမချက်တတ်ဘူးနော်”
ကိုကြီးစကားကို ဏီဏီမျက်နှာငယ်နဲ့တုံ့ပြန်လိုက်သည်။
“ကိုယ်ချက်တတ်ပါတယ် နည်းနည်းပါးပါးပေါ့ ဆရာကြီးတော့မဟုတ်ဘူး”
“ဟင် ကိုကြီးချက်တတ်တယ်”
“အင်းလေ အမေရှိတုန်းကချက်ကူရင်းတတ်တာလေ ဘာစားချင်လဲ ကိုယ်ချက်ကျွေးမယ်”
“မြီးရှည်ချက်တတ်လား”
“အိုကေ အရမ်းကောင်းမယ်လို့ အာမမခံပေမယ့် စားလို့ဖြစ်အောင်တော့ချက်တတ်ပါတယ် လိုတာတွေသွားဝယ်ရအောင်”
နှစ်ဦးသားတက်တက်ကြွကြွနဲ့ Ocean ကိုဈေးဝယ်ထွက်လာကြသည်။
“နေ့လယ်စာဒီမှာပဲစားသွားမယ်နော် ညနေစာမှမြီးရှည်စားမယ်နော်”
“ဟုတ် ဏီ တွန်းပေးမယ်”
ကိုကြီးက အင်တာနက်ကရှာထားတဲ့ မြီးရှည်ချက်နည်းထဲက လိုအပ်တာတွေရွေးဝယ်နေသည်။ ရှေ့ကနေပစ္စည်းတွေ ရွေးနေတဲ့ကိုကြီးနောက်ကနေ ဏီဏီကတွန်းလှည်းကိုတွန်းပြီးလိုက်ခဲ့သည်။ သူရပ်တဲ့နေရာမှ ဏီဏီလဲလိုက်ရပ်ကာ သူရွေးတာတွေကိုစောင့်နေလိုက်သည်။
“ဘာသားနဲ့စားချင်လဲ”
“ဝက်သားနဲ့စားမယ်ကွီး”
ပြန်ဖြေလိုက်ရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။ ကိုကြီးနဲ့ဏီဏီကပြောင်းပြန်ဖြစ်နေသလိုပင်။ ဝက်သားဝယ်နေတဲ့ အိမ်ရှင်ထီးကြီးနောက်မှာ ပြုံးစိစိနဲ့ရပ်နေမိသည်။ ကိုကြီးဏီဏီကို ချစ်တယ်လို့တစ်ခွန်းမှ မပြောဖူးပေမယ့် သူ့အပြုအမူတွေနဲ့တင် ကိုယ့်ကိုချစ်မှန်းခံစားလို့ရနေခဲ့ပါပြီ။ ပြီးတော့ ဏီဏီလဲ သူ့ကိုအရမ်းကို ချစ်နေမိပါပြီ။
“ဟယ် ကောင်းမွန်”
ခေါ်သံကြားလို့ ဏီဏီတို့နှစ်ယောက်စလုံးလှည့်ကြည့်လိုက်မိသည်။ နုတ်ဆက်တဲ့မမက အရမ်းလှကာ အပြုံးချိုချိုနဲ့ ဖော်ရွေပြနေသလောက် ကိုကြီးက အဲ့ဒီအမကို ကြောင်ပြီးကြည့်နေလေသည်။ ကိုကြီးမျက်နှာကိုကြည့်နေရင်း ဏီဏီရဲ့ စိတ်ထဲမှာ အချက်ပေးခေါင်းလောင်းတို့ မြည်လာရသည်။
“နင်ဘယ်တုန်းကပြန်ရောက်လာတာလဲ”
မေးသံကြားမှ ပြန်သတိဝင်လာပုံရသည်။
“အင်း နှစ်နှစ်လောက်ရှိတော့မယ်”
အဲ့ဒီအမက ဏီဏီကိုကြည့်ကာပြုံးပြရင်း
“အော် မတွေ့တာတောင်ကြာပြီနော် ညီမလေး အမနာမည်က မြတ်မြတ်နိုးပါ ကောင်းမွန်သူငယ်ချင်း”
“ဟုတ် အမ ဏီဏီက ဘရဏီနေထွန်းပါ”
နာမည်နဲ့လူနဲ့လိုက်ပါသည်။ တွေ့လိုက်တဲ့သူတိုင်း မြတ်မြတ်နိုးနိုးချစ်ချင်စရာ ယဉ်ယဉ်လေးနဲ့လှတဲ့အမပါ။ ဝတ်ထားတဲ့ မြန်မာဆန်ဆန်ဝမ်းဆက်လေးနဲ့လိုက်ဖက်လွန်းပါသည်။ ခပ်ပြုံးပြုံးမျက်နှာလေးကြောင့် လူချစ်လူခင်လဲများမယ့်ပုံပင်။
“ညီမလေးက လှလိုက်တာ ချစ်ဖို့ကောင်းတယ်”
တီရှပ်နဲ့ဘောင်းဘီတိုဝတ်ထားတဲ့ဏီဏီပုံစံက ကလေးနဲ့သာတူနေသည်။
“မဟုတ်ပါဘူး မမကပိုလှတယ် ဆံပင်အရှည်ကြီးနဲ့”
ကောင်းမွန်က ဆိုင်ဝန်ထမ်းလှမ်းပေးတဲ့ဝက်သားထုပ်ကိုယူပြီး တွန်းလှည်းထဲထည့်လိုက်သည်။
“ဏီဏီ တခြားဘာဝယ်ဦးမလဲ”
“ဟင့်အင်း ဏီဝယ်စရာမရှိတော့ဘူး ကိုကြီးဝယ်ပြီးသွားရင်ပိုက်ဆံရှင်းပြီးမုန့်သွားစားမယ်လေ ဏီဗိုက်ဆာပြီ”
“အိုကေ မြတ်နိုး ငါတို့မုန့်သွားစားမလို့ လိုက်ဦးမလား”
“မလိုက်တော့ဘူး ငါ့ကလေးတွေနဲ့လာတာ ဟိုဘက်မှာသူတို့အဖေနဲ့အရုပ်ရွေးနေကြတယ်”
“အော် ဒါဆိုငါတို့သွားပြီနော်”
“မမ သွားပြီ တာ့တာ”
ဏီဏီတို့ကို ခေါင်းငြိမ့်နုတ်ဆက်တဲ့မမပုံစံက အေးဆေးပေမယ့် ကိုကြီးကတော့ တမျိုးဖြစ်နေသလိုပင်။ အိမ်ရှင်မသာ မပီသပေမယ် ဒါမျိုးနေရာကျတော့ မိန်းမပီသစွာခန့်မှန်းတတ်ပါသည်။ အဲ့ဒီမမက ကိုကြီးရဲ့ရည်းစားဟောင်းများလား။ ကလေးနဲ့ယောကျာ်းတောင်ရှိနေတယ်ဆိုတော့ ကိုကြီးက ကျန်ရစ်နေမှာပေါ့။
အသံတိတ်နေတဲ့ကိုကြီးနောက်ကို ဏီဏီကလဲ တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့လိုက်သည်။ လုံးဝပုံမှန်မဟုတ်တဲ့လူကို အကဲခတ်ရင်း အလိုက်တသိနေချင်ပေမယ့် စပ်စုချင်စိတ်ကလဲတားမရ။ စားပွဲမှာထိုင်ရင်း ငိုင်နေတဲ့ပုံကိုကြည့်ကာ စိတ်တိုလာမိသည်။ ရည်းစားဟောင်းဆိုရင်လဲ ဒီလောက်ထိခံစားပြနေစရာလိုလို့လား။ ဟိုက ကလေးတောင်ရနေပြီကို။
“ကိုကြီး”
“အင်း”
“ဘာအင်းလဲ ဏီဏီကိုကြည့်ဦး ခေါင်းကြီးငုံ့မထားနဲ့”
အတွေးလွန်နေတဲ့ကောင်းမွန် ဏီဏီကိုမော့ကြည့်လိုက်သည်။ မိဘတွေသဘောတူတဲ့လူနဲ့ယူတော့မယ်လို့ နုတ်ဆက်လမ်းခွဲပြီးကတည်းက တစ်ခါမှပြန်မတွေ့ခဲ့တဲ့ အရမ်းချစ်ခဲ့ရတဲ့ရည်းစားဟောင်းကိုပြန်တွေ့ရချိန်မှာ သူ့ရင်ထဲတမျိုးတော့ ဖြစ်သွားမိတာအမှန်ပင်။ အရင်ကတည်းက အိနြေ္ဒကြီးလှတဲ့မြတ်နိုးက အခုအသက်အရွယ်မှာ ပိုပြီး ရင့်ကျက်ကာလှပနေပြန်သည်။
“အဲ့ဒီမမက ကိုကြီးရည်းစားဟောင်းလား ဒါမှမဟုတ်ကိုကြီးကြိတ်ကြွေခဲ့တာလား”
သူ့ပုံစံကြောင့် ရိပ်မိသွားသည်ထင်။ ကောင်းမွန်ပြုံးလိုက်မိရင်း မျက်မှောင်ကုတ်နဲ့ကြည့်နေတဲ့ဏီဏီကို ပြန်ဖြေလိုက်သည်။
“ရည်းစားဟောင်း”
“ဟာ ကိုကြီးရာ ဒီလောက်လှတဲ့လူကို ဘာလို့ရအောင်မယူခဲ့တာလဲ”
“ဘာတွေလျှောက်ပြောနေတာလဲဏီဏီရဲ့ သူများတွေကြားလို့မှမကောင်း”
ပြာပြာသလဲငြင်းပြနေတဲ့လူကြီးက နေရာတကာလူကြားလို့ကောင်းအောင်ပဲ ဂရုစိုက်နေပုံပင်။
“ကိုကြီးကလဲ အရင်ကကိုပြောတာပါ ဘာလို့ကွဲသွားတာလဲ”
“သူ့မိဘတွေသဘောတူတဲ့လူနဲ့ယူသွားတာလေ”
“ဟင် ရည်းစားရှိရဲ့သားနဲ့ဘာလို့တခြားလူနဲ့ယူလိုက်ရတာလဲ”
“မိဘသဘောတူပါတဲ့လူပါဆို သူ့အမျိုးသားကအရမ်းချမ်းသာတယ်တဲ့ သူတို့မိသားစုလဲကိုယ့်ထက်စာရင်အများကြီး ချမ်းသာပါတယ် အဲ့ဒီတော့ ကိုယ်နဲ့ သဘောမတူတာဖြစ်သင့်ပါတယ်”
“ကိုကြီးက ကျန်ရစ်ကြီးပေါ့ ရအောင်ယူခဲ့တာမဟုတ်ဘူး”
စူပွပွပြောနေတဲ့ကလေးမကို ချစ်စနိုးကြည့်မိရင်း
“ကျန်ရစ်မဟုတ်ပါဘူး ကိုယ်တို့အေးအေးဆေးဆေးပဲလမ်းခွဲခဲ့ကြတာပါ သူလဲမိဘတွေစီစဉ်တာကိုဘယ်လွန်ဆန်ချင်ပါ့မလဲ”
“ကိုကြီးကလဲ ခိုးပြေးလိုက်ပေ့ါ”
“အာ ဏီဏီကလဲ ခိုးပြေးရင် မြတ်နိုးလို အသိဉာဏ်ရင့်ကျက်တဲ့သူက ပျော်နေမယ့်အစား မိဘတွေစိတ်ဆင်းရဲအောင် လုပ်မိလို့ နောင်တတွေနဲ့စိတ်ဆင်းရဲနေမှာ အခုတော့သူပျော်နေပါတယ်လေ သူ့ဆုံးဖြတ်ချက်မှန်လို့ပေါ့”
ဏီဏီကတော့ မိဘတွေစိတ်ဆင်းရဲအောင်လုပ်ခဲ့တယ်ပေါ့။ မကျေနပ်ပေမယ့် အဲ့ဒီအတွေးကိုတခန်းရပ်လိုက်ရင်း
“အမက ကိုကြီးကိုတကယ်မချစ်ခဲ့ဘူးလား”
“အဲ့ဒီတုန်းကတော့ချစ်ခဲ့မှာပေါ့ သူ့အပြစ်မဟုတ်ပါဘူးဏီဏီရယ် ဖြစ်လာသမျှကောင်းဖို့ပဲလို့တွေးတာပေါ့”
ရည်းစားဟောင်းကိုအပြစ်မမြင်နိုင်တဲ့ကိုကြီးကို အမြင်ကတ်လိုက်တာမှပြောမနေပါနဲ့တော့။
“ဘယ်တုန်းကကြိုက်ခဲ့တာလဲ”
“ကျောင်းတက်တုန်းကကြိုက်တာ ကျောင်းပြီးတာနဲ့ဘွဲ့တောင်မယူရသေးဘူး သူ့မိဘတွေသဘောတူတဲ့လူနဲ့ လက်ထပ်လိုက်ရတယ် သူနဲ့ကွဲပြီးအမေလဲဆုံးသွားတော့ တစ်ယောက်ထဲယောင်ချာချာဖြစ်နေလို့ စင်္ကာပူထွက်သွားပြီး အလုပ်လုပ်ရင်းကျောင်းထပ်တက်ခဲ့တာ”
အဲ့လိုကျတော့လဲ ကိုကြီးကိုသနားမိပြန်သည်။ တစ်ယောက်တည်းဘယ်လောက်တောင်အထီးကျန်နေခဲ့မလဲ။
“အော် ကိုကြီးကလဲ တခြားရည်းစားထပ်ထားပေါ့”
“ထပ်ထားဖို့မပြောနဲ့ ဘယ်သူ့ကိုမှချစ်လို့မရခဲ့ဘူး”
ဏီဏီရင်ထဲ တိတ်တိတ်လေးဝမ်းနည်းသွားရသည်။ ဘယ်သူ့ကိုမှချစ်လို့မရခဲ့ဘူးဆိုတော့ ဏီဏီကိုလဲမချစ်ဘူးပေါ့။ အဲ့ဒီမမက ကိုကြီးစွဲလန်းမိတာ မလွန်အောင်ယဉ်လွန်းပါသည်။ အရင်က ထူးဇော်ကိုပဲ တသက်လုံး ချစ်နေလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကိုကြီးကို ဘယ်အချိန်က ချစ်နေမှန်းမသိခဲ့ပေ။ အချစ်ဆိုတာ ထူးဆန်းလွန်းပါသည်။ ပထမဆုံးထားခဲ့တဲ့ ရည်းစားကို အချစ်ဦးမို့အရူးအမူးချစ်ခဲ့တယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ အချစ်မဟုတ်ပဲ ကြိုက်ခဲ့၊ သဘောကျခဲ့ရုံ လောက်သာဖြစ်ခဲ့မှန်း ကိုကြီးနဲ့တွေ့မှနားလည်ခဲ့ရသည်။ အဲ့လိုနားလည်ချိန်မှ ကိုယ့်ကိုချစ်နေတယ်လို့ထင်ခဲ့တဲ့ ဒီလူကြီးက ဘယ်သူကိုမှချစ်လို့မရခဲ့ဘူးတဲ့လား။
“ကိုကြီး အခုချိန်ထိ…. အဲ့ဒီအစ်မကိုချစ်နေတုန်းလားဟင်”
“အာ မချစ်ပါဘူး သူများမိန်းမဖြစ်နေပြီကို သူ့အိမ်ထောင်နဲ့သူလေ ဏီဏီဘာတွေလျှောက်မေးနေတာလဲ”
ခုမှ ပြူးပြူးပြာပြာနဲ့ပြန်ဖြေနေတဲ့ကိုကြီးကို မျက်စောင်းတွေပိတ်ထိုးပစ်လိုက်သည်။
“မသိဘူးလေ ဘယ်သူ့ကိုမှချစ်လို့မရဘူးဆိုတော့ ရည်းစားဟောင်းကိုချစ်နေတုန်းပဲလို့ထင်သွားတာပေါ့”
“မဆိုင်ပါဘူး သူနဲ့လမ်းခွဲပြီးကတည်းက မေ့နိုင်အောင်ကြိုးစာပြီးမေ့ခဲ့ပြီးပြီ”
“အဲ့ဒါဆိုဘာလို့ ဒီလိုပုံဖြစ်နေလဲ ငိုင်တိငိုင်တိုင်နဲ့ ရည်းစားပူမိနေတာကျနေတာပဲ”
“အာ ရုတ်တရက်ကြီးပြန်တွေ့လိုက်လို့ နည်းနည်းရှော့ခ်ရသွားတာပါ အခုအဆင်ပြေသွားပြီ ဘာမှမဖြစ်တော့ဘူး”
ဏီဏီ ကိုကြီးကို မကျေမနပ်ပေမယ့် ဘာမှဆက်မပြောတော့ပဲ ထမင်းစားနေလိုက်သည်။ ဘာပြောလို့လဲရမှာလဲ။ သူ့ရည်းစားဟောင်းကိုတွေ့ပြီးငိုင်နေတာကို။ ကိုယ်နဲ့မဆိုင်ဘူးလို့တွေးလိုက်ပေမယ့် ဝမ်းနည်းစိတ်ကိုထိန်းမရပေ။
ထမင်းစားနေရင်း နုတ်ခမ်းထော်ချင်ချင်ဖြစ်နေတဲ့ဏီဏီကို အခုမှသေချာကြည့်လိုက်မိသည်။
“ဘာမှမဖြစ်တော့ဘူးလို့ ဏီဏီ စိတ်ကောက်နေတာလား”
“မကောက်ပါဘူး ဘာလို့ကောက်ရမှာလဲ”
အရင်လိုဆန္ဒမပြပဲ ငြိမ်သက်နေတဲ့ကလေးမကို စချင်မိသည်။
“ကောက်နေပါတယ် ဒါကစိတ်ကောက်ပုံတစ်မျိုးပေါ့”
“မကောက်ပါဘူးဆို တကယ်မကောက်ဘူးလို့”
မကောက်ဘူးငြင်းနေရင်း ကျလာတဲ့မျက်ရည်တွေကို ထိန်းမရတော့ပေ။
“အာ မငိုနဲ့လေ ဏီဏီ အဲ့လိုမလုပ်နဲ့ကွာ”
“ဘာလုပ်နေလို့လဲ မျက်လုံးထဲအမှိုက်ဝင်သွားလို့”
မျက်ရည်တွေသုတ်ပြီး ပြောနေသူကိုကြည့်ပြီး ရယ်မိမှာစိုးလို့ နုတ်ခမ်းဖိကိုက်ထားလိုက်ရသည်။ ဘယ်လိုကလေးမှန်းမသိ။ မညာတတ်ပဲညာနေသေးသည်။
“အိမ်ပြန်ရောက်ရင်မြီးရှည်ကောင်းကောင်းချက်ကျွေးမယ် မငိုနဲ့”
“မငိုပါဘူးနော် အမှိုက်ဝင်သွားတာပါဆို”
ငြင်းနေတဲ့ကောင်မလေးကို ဘာမှဆက်မပြောတော့ပဲ ထမင်းသာစားနေလိုက်သည်။ အဲ့ဒီစိတ်ပုတ်ကြီးဟာ ဏီဏီ ငိုနေတာကို မျက်ရည်တောင်မသုတ်ပေးတော့ပေ။ တကယ်ပဲဏီဏီကိုမချစ်လို့နေမှာပေါ့။
နှစ်ဦးသားစားသောက်ပြီး အိမ်ပြန်ဖို့ ကားပါကင်သို့ဆင်းလာခဲ့ကြသည်။ ဏီဏီ ကိုကြီးကို အမြင်ကတ်လို့ အထုပ်တွေ ဘာတစ်ခုမှမဆွဲကူပဲ ရှေ့ကနေအေးဆေးလျှောက်လာခဲ့သည်။ ကားပေါ်အခန့်သားဝင်ထိုင်လိုက်ပြီး နောက်ခန်းထဲ ပစ္စည်းတွေထည့်နေတဲ့လူကို စောင့်နေလိုက်သည်။
“ကဲ တခြားဘယ်မှဝင်စရာမရှိရင် အိမ်ပြန်လိုက်မယ်နော်”
“ပြန်ပေါ့ ဘယ်သူကဝင်မယ်ပြောနေလို့လဲ”
အိမ်ပြန်မယ်ပြောပြီး ကားမထွက်သေးလို့ကိုကြီးကို ကြည့်လိုက်မိသည်။ ကိုကြီးက မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ကားပေါ်တက်နေတဲ့မိသားစုကို ငေးကြည့်နေခဲ့လေသည်။ မြတ်နိုးတို့မိသားစုလေးယောက်ပုံစံက အေးချမ်းတဲ့မိသားစုမှန်း သိသာပါသည်။ သူမရဲ့အမျိုးသားက သူမထက်အသက်ကြီးမှန်းသိသာသည်။ သားအကြီးတောင် ခုနှစ်နှစ်ခန့်ရှိနေပြီ။ သားအငယ်ကလေးနှစ်ခန့်ရှိပြီး အဖေဖြစ်သူကပွေ့ပြီးကားပေါ်တင်ပေးနေသည်။ ရယ်မောပျော်ရွှင်နေတဲ့မြတ်နိုးကိုကြည့်ပြီး သူကျေနပ်မိပါသည်။ သူမအမျိုးသားပုံစံကလဲ စိတ်ထားကောင်းမည့်ပုံပေါ်သည်။ မြတ်နိုးကလဲ စိတ်ထားကောင်းသူပဲ။ လိုက်ဖက်ပါသည်။ သူ့ဘဝလေးအခုလို အဆင်ပြေပြေအေးအေးချမ်းချမ်းတွေ့လိုက်ရတော့ သူစွန့်လွှတ်ရကျိုးနပ်ပါသည်။ ဖူးစာမပါလို့မရခဲ့ပေမယ့်လဲ သူတို့ကိုကြည့်ပြီးမုဒိတာပွားနိုင်ပါသည်။
ရှေ့ကကားထွက်သွားချိန်ထိ ကားမထွက်နိုင်သေးတဲ့ကိုကြီးကို ဏီဏီအပြစ်မမြင်နိုင်တော့ပေ။ ရည်းစားဟောင်းကိုကြည့်ပြီး အတော်ခံစားနေရပုံပေါ်သည်။
“ကိုကြီး ဏီဏီမောင်းပေးရမလား”
“ဟင် အော် ရပါတယ်”
ကိုကြီးရဲ့လက်မောင်းကို ကိုင်လိုက်ပြီး
“ငိုချင်နေတာလားဟင်”
သူ့ကိုသနားတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ဏီဏီကို ချစ်စနိုးစချင်မိသွားသည်။
“မငိုချင်ပါဘူး သူတို့မိသားစုကိုကြည့်ပြီး ကိုယ်လဲအားကျသွားလို့ပါ”
“ဘာအားကျတာလဲ”
“အော် ငါလဲသားသမီးတွေရချင်လိုက်တာလို့ပေါ့”
“ကိုကြီးလေးသနားပါတယ် တစ်ယောက်ထဲအထီးကျန်နေရရှာတယ်”
ဏီဏီ ကိုကြီးကိုတကယ်သနားသွားမိပြီး ပုခုံးကိုဖက်ကာ နှစ်သိမ့်လိုက်သည်။
“အခုတော့ အထီးမကျန်တော့ပါဘူး”
အံ့သြတဲ့ပုံနဲ့မျက်ခုံးပင့်ပြတဲ့ဏီဏီကိုရယ်ပြလိုက်ရင်း
“ဏီဏီရှိတယ်လေ သူများတွေကကိုယ့်ကိုမိန်းမရသွားပြီလို့ထင်နေကြတာ တကယ်က ကလေးတစ်ယောက်ရထားတာကို မသိကြဘူး”
“အမယ် အသက်နှစ်ဆယ်ပြည့်တော့မှာပါ ကလေးမဟုတ်တော့ပါ့ဘူးနော်”
“ကိုယ့်ထက်ဆယ်နှစ်တောင်ငယ်တယ်လေ”
“ဆယ်နှစ်ငယ်လဲလက်ထပ်လို့ရတာပဲလေ”
အယ် ဘာတွေပြောလိုက်မိပါလိမ့်။ ယောင်ပြီးပါးစပ်ကိုလက်နဲ့ပိတ်လိုက်မိသည်။ ပြုံးစိစိလုပ်နေတဲ့သူ့မျက်နှာကြီးကို ဆက်မကြည့်ချင်တော့။
ရှက်ပြီးတဖက်သို့လှည့်သွားတဲ့ဏီဏီကို ကောင်းမွန်အသဲယားနေမိသည်။ ဘာကောင်မလေးမှန်းမသိ။ အခုတလော အရင်လိုမဟုတ်တော့။ အရင်ကဆိုပြောချင်တာပြောပြီး သူ့ဘာသာဘာပြောလိုက်မှန်း သတိထားမိပုံမရ။ အခုဆို အမှတ်တမဲ့တခုခုပြောပြီးတာနဲ့ရှက်တတ်နေသည်။
အိမ်ရောက်တာနဲ့ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ကိုကြီးကို ဏီဏီဘာလုပ်ကူပေးရမယ်မှန်းမသိ။ အဝတ်အစားလဲပြီး မီးဖိုခန်းထဲ ဝင်ထိုင်ကာဟိုကာကိုင်ရမလို၊ ဒီဟာကိုင်ရမလိုဖြစ်နေသည်။ စာဖိုမှုးကြီးအတိုင်း အေပရွှန် (Apron) ကိုခါးမှာ ပတ်ချည်ထားတဲ့ကိုကြီးက။
“ဏီဏီ နားလိုက်ဦးလေ”
“မနားချင်ပါဘူး ကိုကြီးကိုလုပ်ကူမလို့လေ”
“ရပါတယ် ကိုယ်လဲဖုန်းထဲကြည့်ပြီးပြန်ချက်ရမှာ မချက်တာကြာပြီ”
“တခုခုလုပ်ပေးပါမယ်ဆို ဒီကြက်သွန်တွေခွာပေးရမလား”
“တော် တော် ကိုယ့်ဘာသာလုပ်မယ် မနက်ကလဲမီးပူထိထားပြီးပြီ ဓါးပြန်ထိနေလိမ့်မယ်”
လုပ်ကူတာနဲ့မကာမိအောင် တခုခုဖြစ်နေမှသူစိတ်ပူနေရပေဦးမည်။
“အဲ့ဒါဆိုလဲထိုင်ကြည့်နေမှာ”
ပေကပ်ကပ်နဲ့ခုံမှာထိုင်နေတဲ့ဏီဏီကို သူဘာမှထပ်မပြောတော့ပေ။ ကိုယ့်အာရုံနဲ့ကိုယ်လုပ်နေတုန်း ဏီဏီကိုသတိရလို့ ကြည့်လိုက်မိတော့ စားပွဲခုံပေါ်မေးထောက်ကာငိုက်နေလေသည်။ အေးအေးဆေးဆေးသွားနားနေလို့ပြောလဲမရ။ ဒီကလေးမနဲ့တော့ခက်ပါသည်။
“ဏီဏီ သွား အခန်းထဲသွားအိပ်တော့”
“ဟင် မအိပ်ပါဘူး ထိုင်ကြည့်မလို့ပါဆို”
ငိုက်နေတာတောင် ရန်ထရှာနေသေးသည်။
“ဒီကလေးမကတော့…”
ကောင်းမွန်ပြောစကားနားမထောင်တဲ့ကလေးမကို ဆက်မပြောတော့ပဲ ပုခုံးနှစ်ဖက်ကိုကိုင်ကာဆွဲထူလိုက်သည်။
အိပ်ငိုက်နေတဲ့ဏီဏီမှာမထင်မှတ်ထားတဲ့ကိုကြီးရဲ့အပြုအမူကြောင့်လန့်သွားပြီးအိပ်ချင်စိတ်ပင်ဘယ်ရောက်သွားမှန်းမသိ။ သူ့ရင်ခွင်ထဲကိုငိုက်ကျသလိုဖြစ်သွားပြီး မျက်နှာကြီးကို ရုတ်တရက်အနီးကပ်တွေ့လိုက်ရတာ လန့်သွားမိသည်။
“ကိုကြီး ဘာ… လုပ်တာလဲ”
“ကိုယ်ပြောနေတာ နားမှမထောင်တာ”
အဲ့ဒါနဲ့အခုလိုလုပ်တာနဲ့ဘာမှမဆိုင်သလိုပင်။ ဏီဏီရင်ထဲတလှပ်လှပ်နဲ့ဘာဖြစ်နေမှန်းမသိပေ။ ကိုကြီးဆွဲခေါ်ရာနောက်သို့ အူကြောင်ကြောင်နဲ့ ပါလာခဲ့သည်။
ကောင်းမွန် ဏီဏီကိုဆိုဖာမှာအိပ်ခိုင်းလိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ Pooh အရုပ်ကိုလက်ထဲထည့်ပေးလိုက်သည်။ ဏီဏီရောက်လာတာ ကလေးတစ်ယောက်ရောက်လာသလိုပင်။ တစ်အိမ်လုံးမှာ သူ့အရုပ်တွေရှိနေခဲ့သည်။
“ခေါင်း ခဏမ ခေါင်းအုံးက စောင်းနေလို့ ရပြီ တည့်သွားပြီ ရော့ ဒီအရုပ်ဖက်ထား အိပ်တော့”
ဏီဏီအိပ်ဖို့ ခေါင်းအုံးကိုသေချာလုပ်ပေး၊ လက်ထဲမှာဖက်စရာအရုပ်ပါယူပေးပြီးပြီကို မသွားသေးပဲ ခေါင်းကိုပွတ်ပြီး ချော့သိပ်နေတဲ့ကိုကြီးကြောင့် မျက်လုံးကိုမှိတ်ထားလိုက်မိသည်။ အဲ့ဒီလိုကလေးလေး တစ်ယောက်လို ဂရုစိုက်တတ်လို့ ဏီဏီချစ်သွားမိတာဖြစ်မည်။ လူလည်ကြီးက ဏီဏီကိုအဲ့ဒီလိုဂရုစိုက်ခြင်းတွေနဲ့ သူ့နားမခွာနိုင်အောင် ပြုစားထားပါသည်။ ခေါင်းစဉ်တပ်လို့မရတဲ့ ခံစားချက်တွေနဲ့ ကြည်နူးမိတာတော့အမှန်ပင်။ ရင်ထဲမှာ တမျိုးကြီးနဲ့။  သူအခုလို အနားမှာ ရှိနေတော့ ဘယ်လိုအိပ်ပျော်ပါ့မလဲနော်။
“ကိုကြီး”
“အင်း”
“ကိုကြီးလက်က ကြက်သွန်နံ့နံတယ်”
“ဟာ ဟုတ်သားပဲ ဆောရီး အိပ်တော့နော် ကိုယ်ဆက်လုပ်လိုက်ဦးမယ်”
ကောင်းမွန် ရယ်လိုက်မိရင်း မျက်လုံးမဖွင့်ပဲပြောနေသူရဲ့ပါးဖောင်းဖာင်းလေးကိုဆွဲညစ်လိုက်ပြီး မီးဖိုထဲဝင်ခဲ့လိုက်သည်။
ကိုကြီးထွက်သွားမှ ဏီဏီတစ်ယောက်ထဲခိုးရယ်လိုက်ရင်း အရုပ်လေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။ ရင်ထဲမှာ ထူးဆန်းတဲ့တစုံတရာက သာယာလှပနေသလို။ တကယ်ကိုခမ်းခမ်းနားနားကြီး လှပနေပါသည်။ နှလုံးသားထဲမှာ နွေးနွေးလေးနဲ့ ထူးဆန်းတဲ့ခံစားချက်က အချစ်ဖြစ်မည်ထင်။ အတွေးတွေထဲ စိတ်ရောကိုယ်ပါနစ်မြှုပ်သွားရင်း နုတ်ခမ်းတွေကပြုံးကာ အိပ်ပျော်သွားတော့သည်။
မအိပ်ဘူးလို့တင်းခံနေတဲ့သူက ချက်ပြုတ်ပြီးစီးချိန်ထိမနိုးသေးပေ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ မနိုးတော့ပဲ ရေအရင် ချိုးလိုက်တော့သည်။ ဒါမှမဟုတ်ရင် မမလေးတို့ကြက်သွန်နံ့နံတယ်ပြောနေဦးမည်။
နိုးတဝက်၊အိပ်တဝက်နဲ့ ရနေတဲ့အနံ့တွေ့ကြောင့် ဗိုက်ဆာလာသလိုပင်။ နေ့လယ်စာကို ကောင်းကောင်း မစားခဲ့သောကြောင့် ဗိုက်ထဲကအသံတောင် မြည်လာခဲ့သည်။ ဒါပေမယ့်လဲ ဆက်အိပ်ချင်ပါသေးသည်။
“မျက်လုံးကလှုပ်စိလှုပ်စိနဲ့ နိုးနေရင်ထတော့လေ ငါးနာရီကျော်နေပြီ ဗိုက်မဆာသေးဘူးလား”
ဟင်။ ကိုကြီးအသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ သူမရှေ့တည့်တည့်ကခုံမှာ ထိုင်နေတဲ့ကိုကြီးက ရေမိုးချိုးပြီးပုံပင်။ သန့်ပြန့်နေကာ သူ့ဆီကဆပ်ပြာနံ့သင်းသင်းလေးတောင် ရနေသေးသည်။
“ရေချိုးဦးမယ်”
“အကြာကြီးမချိုးနဲ့နော် မြန်မြန်လုပ် ကိုယ်စောင့်နေမယ်”
“ဟုတ်”
ဝုန်းဒိုင်းကျဲရေချိုးကာ အမြန်ထွက်လာခဲ့သည်။ ကိုကြီးကတော့ မီးဖိုထဲ မြီးရှည်နှစ်ပွဲကို အသင့်ပြင်ထားပြီးနေသည်။
“ရေချိုးပြီးပြီလား လာ ထိုင် ဟင်းရည်ပဲကျန်တော့တာ”
“ဏီဏီလုပ်ပေးမယ် ဟင်းရည်ဏီဏီခပ်ပေးမယ်”
ဘာမှမလုပ်ကူပဲ အခန့်သားအိပ်နေမိလို့ အခုမှနှမ်းဖြူးဖို့ကြံစည်လိုက်သည်။ အိမ်ရှင်မပီသအောင်နေပါမယ်ဆိုမှ။ ပိုပိုဆိုးလာသလိုပင်။
“ရတယ် ကိုယ်လုပ်မယ်”
ဏီဏီက ဟင်းရည်အိုးပေါ်ကြွေပန်းကန်လုံးတင်လိုက်ပြီး ဇွန်းကိုင်ကာ
“ဟင့်အင်း ဏီဏီလုပ်မယ်ဆို ဒီလောက်တော့လုပ်နိုင်ပါတယ် ဒါနဲ့ခပ်ရမှာမလား”
“ကောင်းကောင်းလုပ်ဦး”
ပြောလို့မရတဲ့ကောင်မလေးကို ဆက်မပြောတော့ပဲ အခုမှအချဉ်မထည့်ရသေးတာကိုသတိရပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အချဉ်ထုပ်ကိုသွားယူလိုက်သည်။
ကိုကြီးလှည့်ထွက်သွားမှ ဟင်းရည်ခပ်ဖို့အိုးဖုံးဖွင့်လိုက်စဉ်တွင်။ ဟင်းရည်အိုးကို ပူနေမှန်းမသိပဲ လက်နဲ့ဒီတိုင်းကိုင်ကာ ဆွဲဖွင့်လိုက်မိသည်။ အရမ်းပူလို့ယောင်သွားကာ စတီးအဖုံးကိုဆွဲပြီးလွင့်ပစ်သလိုဖြစ်သွားသည်။ ဟင်းရည်ထည့်မယ့် ကြွေဇလုံက ဟင်းရည်အိုးထဲဝင်သွားကာ ဟင်းရည်ပူတွေက ခပ်ဖို့ဇွန်းကိုင်ထားတဲ့ညာဘက်လက်ကို စင်ခဲ့လေသည်။ စတီးအဖုံးကတော့ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“အ အား ပူလိုက်တာ”
အသံပေါင်းစုံမြည်သွားတဲ့နေရာသို့ ကောင်းမွန်အပြေးလာခဲ့မိသည်။
“ဟာ ဟင်းရည်တွေစင်သွားတာလား လာ လာ ဏီဏီ ရေဆေးရအောင်”
ကောင်းမွန်ဘေစင်မှာ ဏီဏီလက်ကို ဟင်းရည်တွေဆေးပေးရင်း သေချာကြည့်လိုက်သည်။ အသားဖြူဖြူလက်ဖျံမှာ မီးပူဒဏ်ရာအပြင် အနီကွက်များပါထပ်တိုးလာခဲ့သည်။ ဏီဏီကတော့ မျက်နှာငယ်လေးနဲ့မျက်ရည်လေးဝဲကာ ကောင်းမွန်လုပ်သမျှကို ဘာမှမပြောပဲ ငြိမ်ခံနေသည်။
“ကိုယ်ပြောသားပဲ ဏီဏီရာ လာ ခဏထိုင်ဦး”
အနီကွက်တွေကို ရှားစောင်းလက်ပတ်လိမ်းပေးရင်း
“နောက်ခါ အပူလောင်ရင်လိမ်းတဲ့ဆေးဝယ်ထားမှရတော့မယ် ကျွတ် နေ့လယ်က တခုခုမေ့ခဲ့တယ်ထင်နေတာ အနာရွတ် ပျောက်ဆေးမေ့ခဲ့တာကို”
မေ့မှာပေါ့။ သူ့ရည်းစားဟောင်းကြီးကိုတွေ့ပြီးစိတ်နဲ့ကိုယ်နဲ့မှမကပ်တော့တာကို။ မကျေမနပ်အတွေးတွေနဲ့ စူပုတ်သွားရသည်။
“ဒီမှာပဲ ထိုင်နေတော့ ကိုယ်ဟင်းရည်အိုးကြည့်လိုက်ဦးမယ်”
မတ်တပ်ထရပ်လိုက်တဲ့ကိုကြီးရဲ့လက်ကိုဏီဏီကဆွဲကိုင်လိုက်သည်။
“ကိုကြီး ဏီ့ကိုမမုန်းဘူးမလား”
ခေါင်းငုံ့ပြီးပြောနေတဲ့ဏီဏီမျက်နှာကို သူငုံ့ကြည့်လိုက်ရင်း
“ဏီ ကိုယ်ကဘာလို့ဏီကိုမုန်းရမှာလဲ”
“ဏီက… အိမ်ရှင်မကောင်းမှမပီသတာ”
“အာ ဘယ်သူကအိမ်ရှင်မကောင်းမပီသရင်မုန်းမယ်လို့ပြောနေလို့လဲ”
“ယောကျာ်းတွေက အိမ်ရှင်မကောင်းပီသမှချစ်တာဆို”
ဏီဏီစကားကြောင့်သူ့ရင်ထဲငလျင်လှုပ်သလိုခံစားမိသွားသည်။ ဒီကောင်မလေးဟာ အခုတလော ဘာစိတ်ကူးတွေများ ပေါက်နေပါလိမ့်။ ငါ့ကိုတကယ်ချစ်နေလို့များလားဆိုတဲ့အတွေးနဲ့ ဝမ်းသာသွားမိသည်။
“ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ်ချစ်နေမှာပါ”
ဖြတ်ခနဲမော့ကြည့်လာတဲ့ဏီဏီရဲ့မျက်ဝန်းတွေကိုကြည့်ပြီး သူ့အထင်မှန်နေပြီလို့ အတည်ပြုလိုက်မိသည်။
ကိုကြီး ပြောလိုက်တဲ့စကားကြောင့် ဏီဏီရင်ခုန်သွားမိသည်။ ဒါ ဏီဏီကို ရည်းစားစကားပြောနေတာများလား။ ကိုယ့်အတွေးနဲ့ကိုယ် ရှက်မိသွားရင်း ခေါင်းပြန်ငုံ့လိုက်မိသည်။
“ဏီဏီ ကိုယ့်ကိုကြည့် ကိုယ့်ကိုကြည့်ဦးလို့”
မကြည့်ရဲပါဘူးဆိုမှ အတင်းကြည့်ခိုင်းနေတဲ့လူကို ရှက်ရှက်နဲ့မျက်စောင်းထိုးလိုက်မိသည်။
ကောင်းမွန်ပြန်ထိုင်ချကာ ဏီဏီလက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း
“ကိုယ်ဏီဏီကိုချစ်တယ်”
“မယုံပါဘူး နေ့လယ်ကပြောတော့ ဘယ်မိန်းကလေးမှချစ်လို့မရတော့ဘူးဆို”
ပန်းရောင်သန်းနေတဲ့မျက်နှာနဲ့ဝက်မလေးက နုတ်ခမ်းထော်ပြီးရန်ရှာလေသည်။
“အာ အဲ့ဒါကဏီဏီနဲ့မတွေ့ခင်တုန်းကပြောတာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကို ကိုယ်မချစ်ပဲဘယ်နေနိုင်မှာလဲ”
ရင်ထဲမှာ ကြည်နူးသွားမိပေမယ့် ပါးစပ်ကတော့ဟန်ဆောင်လိုက်ပါသည်။
“မယုံပါဘူး”
“မယုံလဲရတယ် ကိစ္စမရှိဘူး”
“ဟင် မယုံဘူးဆိုရင် ယုံအောင်ပြောရမှာပေါ့ ဒီတိုင်းကြီး….”
သူပြောတာကိုဆုံးအောင်နားမထောင်ပဲ ပြောချင်ရာပြောနေလို့ ရယ်လိုက်မိသည်။
“ဘာရယ်တာလဲ ဏီဏီပြောတာအမှားပါလို့လား”
“အမှားတော့မဟုတ်ဘူး မမှန်တာ ပြောတာဆုံးအောင်နားထောင်ဦးလေ”
အဲ့ဒီအခါမှ မရွှေချောတို့ငြိမ်ကျသွားသည်။ ဒါတောင်ပွစိပွစိတော့ပြောလိုက်သေးသည်။
“မမှန်တာဆိုတော့ မှားတယ်လို့ပဲပြောနေတာကို”
“ကိုယ်ဏီဏီကို ချစ်တယ် လက်ထပ်ချင်တယ် တသက်လုံးအတူတူနေသွားချင်တယ် ဒါပေမယ့်”
ပြောမယ့်ပြောတော့လဲဆက်တိုက်ပြောလိုက်တဲ့စကားတွေကြောင့် ဏီဏီမှာမျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ဖြစ်နေရသည်။
“ကိုယ့်ကို နှစ်နှစ်လောက်စောင့်ပေး နောက်နှစ်နှစ်နေရင် ကိုယ်တို့လက်ထပ်ကြမယ်”
“ဘာလို့နှစ်နှစ်တောင်စောင့်ရမှာလဲ ဒီအတိုင်းလက်ထပ်လိုက်လို့မရဘူးလား”
ပြောပြီးမှ ရှက်သွားမိပြန်သည်။ ဟုတ်တယ်လေ။ ဏီဏီပြောတာဘာမှားလို့လဲ။ လူတွေအမြင်မှာ ခိုးပြေးထားပြီးသားကို။
ကောင်းမွန်ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။ ဒီကလေးမနဲ့တော့။
“အခုမင်္ဂလာပွဲတွေကအစုံပဲလေ Signing Ceremony တွေရော ဧည့်ခံပွဲတွေရော ကိုယ်ကဏီဏီစိတ်တိုင်းကျ မင်္ဂလာပွဲလေး လုပ်ပေးချင်တာ အခုအခြေအနေနဲ့က… သိပ်အဆင်မပြေသေးလို့ နည်းနည်းစောင့်ပေးဖို့ပြောတာပါ”
“ကိုကြီးကလဲ ကိုကြီးတတ်နိုင်သလောက်ပဲလုပ်မှာပေါ့”
“ဟုတ်လို့လား ဏီဏီစိတ်ကူးယဉ်ဖူးတဲ့မင်္ဂလာပွဲက အဲ့ဒီလိုသာမာန်ဟုတ်လို့လား”
သူ့စကားကြောင့်ဏီဏီငြိမ်ကျသွားသည်။ သူသိပါသည်။ အလွန်အကောင်းကြိုက်တတ်တဲ့ သူဌေးသမီးလေးဟာ မင်္ဂလာပွဲကိုလဲခမ်းခမ်းနားနားကျင်းပချင်လိမ့်မယ်ဆိုတာ။
ကိုကြီးစကားကမှန်ပါသည်။ ဏီဏီသူငယ်ချင်းတွေတောင် သတို့သမီးအရံလုပ်ပေးဖို့စောင့်နေကြတာလေ။ ပုစိမင်္ဂလာဆောင်တုန်းက သူငယ်ချင်းတွေပျော်ခဲ့သလို ဏီဏီမင်္ဂလာဆောင်မှာလဲ အဲ့ဒီလိုပျော်ချင်မိပါသည်။ ပုစိတို့လိုပဲ မင်္ဂလာပွဲကြီးကို ခမ်းခမ်းနားနားကျင်းပချင်ပါသည်။
“အဲ့ဒါကြောင့်ကိုယ်ပြောနေတာပါ နှစ်နှစ်လဲကြာချင်မှကြာမှာပါ”
“အဲ့ဒါဆို ဏီဏီက ဖေဖေနဲ့ပြန်နေရမှာလား”
“ဟာ မနေရပါဘူး ကိုယ်နဲ့ပဲနေရမှာပေါ့”
ဒါတော့သူလုံးဝလက်မခံနိုင်ပါ။ ဏီဏီမရှိပဲသူမနေတတ်တော့ပေ။
“ဖေဖေက နှစ်နှစ်ကြီးဒီအတိုင်းနေတာလက်ခံပါ့မလား”
ဟုတ်သား။ အခုတောင် ဦးနေထွန်းက သူ့သမီးကိုပြန်သိမ်းဖို့လုပ်နေတာကို။ သူ့ခေါင်းတွေထူပူသွားရရင်း
“ကိုယ်တို့လက်မှတ်ထိုးထားရအောင် ဒါမှဏီဏီအဖေခွဲလို့မရမှာ”
စိတ်ပူနေတဲ့ကိုကြီးကြောင့်ဏီဏီရယ်လိုက်မိသည်။
“ကိုကြီးကလဲ ဖေကခွဲချင်ရင်အခုခွဲလဲရတာပဲကို ဏီတို့ကိုသဘောတူမှာပါ”
မင်းကိုဘာတာဝန်မှမယူခိုင်းတော့ဘူး ငါ့သမီးငါပြန်ခေါ်ထားမယ်ဆိုတဲ့ ဦးနေထွန်းရဲ့အသံကို ပြန်ကြားယောင်မိပြီး ခေါင်းခါမိသွားသည်။
“မဖြစ်ဘူးဏီဏီ ကိုယ်တို့လက်မှတ်ထိုးထားမှဖြစ်မယ် ကျွတ် ဘယ်လိုလုပ်ပေးရမလဲတောင်မသိတော့ဘူး”
“လောလောဆယ်တော့ ဏီဏီဗိုက်အရမ်းဆာနေပြီ မြီးရှည်အရင်ကျွေး”
ဏီဏီက စပ်ဖြီးဖြီးလုပ်ရင်းစလိုက်သည်။ အဲ့ဒီကိုကြီးကချစ်ဖို့ကောင်းလွန်းလှသည်။ အခုမှလာပြီး ဘာကိုစိတ်ပူနေမှန်းမသိ။
“ဆောရီး ကိုယ်မေ့သွားတယ် စားကြစို့နော်”
ကောင်းမွန် ဏီဏီပါးကိုညစ်လိုက်ပြီး စားသောက်ဖို့ပြင်ဆင်ပေးလိုက်သည်။
ဏီဏီကို အရမ်းဂရုစိုက်တဲ့ကိုကြီးရဲ့အချစ်တွေကို ယုံပါသည်။ ထိုအချစ်တွေကို တသက်လုံးပိုင်ဆိုင်ချင်ပါသည်။ အဲ့ဒီညနေကကိုကြီးချက်ကျွေးတဲ့မြီးရှည်ဟာဏီဏီအတွက်အရသာရှိလွန်းလှပါသည်။ ================================================================
“ရော့ ဏီဏီ ဆေးဝယ်ခဲ့ပြီ နေ့တိုင်းသေချာလိမ်းနော် အနာရွတ်မကျန်အောင်”
ဏီဏီစိတ်ထဲကနေကြိတ်ရယ်လိုက်မိသည်။ ကိုကြီးက ဏီဏီထက်ပိုပြီး အနာရွတ်ကျန်မှာကို စိုးရိမ်နေပုံပင်။ ဒီနေ့ရုံးဆင်းချိန်မှာတော့ အနာရွတ်ပျောက်ဆေးကို မမေ့မလျော့ဝယ်လာပေးသည်။
“ကိုကြီးလိမ်းပေးလေ ဏီဏီမေ့တတ်တာသိရဲ့သားနဲ့”
“မဆိုးနဲ့လေကွာ ခေါင်းအုံးဘေးနားထားထား ညတိုင်းလိမ်းနော် အခုတော့ကိုယ်လိမ်းပေးမယ် လာ”
သေချာဆေးလိမ်းပေးနေသူကြီးကို ဏီဏီအရမ်းချစ်ရပါသည်။ အရင်ကထူးဇော်ကိုချစ်တယ်လို့ထင်ခဲ့တဲ့ခံစားချက်မျိုးနဲ့ ဘာမှကိုမဆိုင်ပေ။ ကိုကြီးလဲ ဏီဏီကိုအရမ်းချစ်တယ်ဆိုတာ အခုတော့ သေသေချာချာကြီးခံစားမိပါသည်။
နှစ်ဦးသားဆေးလိမ်းနေကြစဉ် မြည်လာတဲ့ဘဲလ်သံကြောင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်သည်။ မိုးချုပ်ခါနီး သူတို့ဆီကို လာစရာဧည့်သည်လဲမရှိပေ။
ကောင်းမွန်တံခါးသွားဖွင့်ကြည့်လိုက်တော့ ကေသရီကိုတွေ့လို့အံ့သြသွားမိသည်။
“ဟင် ကေသရီ”
“ဏီဏီရှိလားကိုကောင်းမွန်”
“ဗျာ”
သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။ ကေသရီက ဏီဏီကို ပြန်လာခေါ်တာများလား။
“မမလား”
ဏီဏီလဲ အံ့သြသွားပြီးထကြည့်လိုက်သည်။ ညနေပိုင်းမိုးချုပ်ခါနီးကြီး မမဘာလာလုပ်တာလဲမသိ။
“မမ ဏီဏီရှိတယ်လေ”
ကေသရီက အပေါက်ဝနားကြောင်တောင်တောင်နဲ့ပိတ်ရပ်နေတဲ့ကောင်းမွန်ကို ရှောင်ကာ အထဲဝင်လိုက်သည်။
“ဏီဏီကိုလာခေါ်တာ ဖေဖေကအိမ်ပြန်လိုက်ခဲ့တော့တဲ့”
“ရှင်”
ဏီဏီက မျက်နှာငယ်လေးနဲ့ကောင်းမွန်ကိုကြည့်လိုက်မိရင်း
“မမ ကိုကြီးကိုရော ခေါ်ရမှာလား”
“ကိုကောင်းမွန်နဲ့ဏီဏီနဲ့က တရားဝင်မယူရသေးဘူးဆို ဖေဖေကဏီဏီတစ်ယောက်ထဲကိုပဲ ပြန်ခေါ်တာ”
ကောင်းမွန်က ဏီဏီနားကိုအမြန်သွားကာ လက်ကိုဆွဲပြီးသူ့အနောက်မှာဖွက်လိုက်သည်။
“ကျွန်တော်ပြန်မထည့်နိုင်ဘူး ကေသရီ ဏီဏီနဲ့ကျွန်တော်ကလင်မယားဖြစ်နေပြီလေ”
“ရှင်တို့လက်မှတ်မထိုးရသေးဘူးလို့ဏီဏီပြောတယ်”
“လက်မှတ်က မနက်ဖြန်သွားထိုးမှာ အန်ကယ့်ကိုပြောလိုက်ပါ ဏီဏီကကျွန်တော့မိန်းမဖြစ်နေပြီမို့ ပြန်မထည့်နိုင်ဘူးလို့”
“ဘယ်ဖြစ်မလဲ အခုချိန်ထိရှင်တို့က တရားဝင်မဖြစ်သေးဘူးလေ ဏီဏီကိုပြန်ထည့်လိုက်ပါတော့ကိုကောင်းမွန် ဖေဖေ အရမ်းစိတ်တိုနေလိမ့်မယ်”
“ကျွန်တော်ဘက်ကိုလဲစဉ်းစားပေးဦးကေသရီ ဏီဏီကိုကျွန်တော့ဆီထားခဲ့တုန်းကထားခဲ့ကြပြီး အခုပြန်လာခေါ်ချင်တိုင်း ခေါ်ခွင့်မပေးနိုင်ဘူး ကျွန်တော်သူနဲ့မခွဲနိုင်ဘူး”
“မမကေ ဏီဏီကိုပြန်ခေါ်ချင်ရင် ကိုကြီးကိုပါခေါ်မှပြန်လိုက်မှာလို့ဖေဖေ့ကိုပြောပေးပါ”
ကောင်းမွန်နောက်ကနေ ခါးကိုဖက်ပြီး ကေကို ချောင်းကြည့်ပြီးပြောနေတဲ့ဏီဏီကိုယ်တိုင်လဲ အိမ်ပြန်လိုက်ချင်ပုံမရပေ။
အခုမှအဖြစ်သည်းနေတဲ့နှစ်ယောက်ကို ကေရယ်ချင်မိသည်။ သူတို့ကို ခြိမ်းခြောက်ဖို့ ဖေဖေက ကေ့ကိုလွှတ်လိုက်ခြင်း ဖြစ်သည်။ ဖေဖေ့မွေးနေ့ပြီး တစ်ပါတ်လောက်ရှိနေချိန်ထိ မင်္ဂလာပွဲအတွက် ဘာသံမှမကြားရတဲ့ နှစ်ယောက်ကို ဖေဖေ စိတ်မရှည်တော့တာလဲမလွန်ပေ။
“မဖြစ်ဘူးဏီဏီ ဖေဖေလက်ခံတုန်းအိမ်ပြန်လိုက်ခဲ့ပါ မမ ဏီဏီမပါပဲ အိမ်ကိုဘယ်လိုပြန်မလဲ”
“မမကလဲ ဏီဏီ.. ဏီဏီယောကျာ်းကမပြန်ခိုင်းဘူးလို့ပြောလိုက်ပေါ့”
အမဖြစ်သူကို အဲ့ဒီစကားပြောပြီးမှ ဏီဏီရှက်သွားမိကာ ကိုကြီးရဲ့ကျောကို ခပ်ဖွဖွထုလိုက်မိသည်။ သူ့ဘာသာပြောပြီး ကလေးမရှက်ရမ်းရမ်းကာ သူ့ကိုထုလိုက်တာကြောင့် ကောင်းမွန်ရယ်ချင်မိသွားသည်။
“အဲ့ဒါဆိုလဲ မြန်မြန်မင်္ဂလာဆောင်လိုက်ကြလေ ဘာလို့အချိန်ဆွဲနေတာလဲ”
“နောက်နှစ်နှစ်နေရင်ဆောင်မှာလို့”
ဏီဏီစကားကြောင့် ဘရဏီမျက်လုံးပြူးသွားရရင်း
“ဟင် နောက်နှစ်နှစ်??? အဲ့ဒါဆိုလဲမင်္ဂလာဆောင်ပြီးမှအတူတူနေကြတော့ အခုတော့အိမ်ပြန်လိုက်ခဲ့တော့ ဏီဏီ မမ ဆယ်လပိုင်းမင်္ဂလာဆောင်တော့မှာသိတယ်မလား မမကိုဖြိုးနောက်ပါသွားရင် အိမ်မှာဖေဖေတစ်ယောက်ပဲကျန်နေခဲ့မှာ ဏီဏီမရှိလို့ဘယ်ဖြစ်မလဲ အခုပြန်လိုက်ခဲ့တော့”
ကိုကြီးခါးကိုဖက်ထားတဲ့ဏီဏီရဲ့လက်တို့ပြုတ်ကျသွားခဲ့သည်။ ဟုတ်သားပဲ။ အခုတောင်ခြောက်လပိုင်းရှိနေပြီ။ မမက နောက်လေးလလောက်ဆိုမင်္ဂလာဆောင်တော့မှာပဲ။ ဖေဖေတစ်ယောက်ထဲအထီးကျန်နေလို့မဖြစ်ပေ။
ဏီဏီဘယ်လိုခံစားရမလဲဆိုတာ ကောင်းမွန်သိပါသည်။ သူမအင်မတန်ချစ်ရပါတဲ့အဖေကို တစ်ယောက်ထဲလဲ မထားရက်။ သူနဲ့လဲမခွဲချင်ဖြစ်နေပုံပင်။ သူကိုယ်တိုင်လဲ ဏီဏီကိုအိမ်မပြန်စေချင်သေးပေ။ တွေဝေသွားတဲ့ဏီဏီကိုလှည့်ကြည့်ပြီး
“ကေက ဆယ်လပိုင်းမှဆောင်မှာလေ အဲ့ဒီအချိန်ကျမှဏီဏီပြန်သွားလို့ရတာပဲ နော် ဏီဏီ”
ဏီဏီအဖြေကို မျှော်လင့်တကြီးကြည့်နေတဲ့ကိုကြီးဟာ သူမပြန်လိုက်သွားမှာစိုးရိမ်နေပုံပင်။
“မမကေ သမီး မမမင်္ဂလာမဆောင်ခင်ပြန်လာပါ့မယ်”
“အဲ့လိုလုပ်လို့အဆင်မပြေဘူးဏီ ဖေဖေကအခုခေါ်ခိုင်းနေတာ ဏီဏီတို့ခိုးပြေးတာဘယ်နလရှိနေပြီလဲ အခုချိန်ထိ မင်္ဂလာဆောင်ဖို့မပြောနဲ့ လက်ထပ်စာချုပ်တောင်မရှိသေးတာကို…”
“မနက်ဖြန် မနက်ဖြန် ရုံးတက်လက်မှတ်ထိုးမှာကေသရီ”
“ဟုတ်တယ် ဟုတ်တယ်မမ ခုလေးတင်ပဲကိုကြီးနဲ့တိုင်ပင်နေတာ”
တိုင်ပင်မထားပဲနှစ်ယောက်သား ကေသရီကိုလိမ်လိုက်မိသည်။
“ခက်တယ်ဏီဏီရယ် ဖေဖေကတခါထဲပြန်ခေါ်ခိုင်းခဲ့တာ အင်းလေ ဏီဏီပြန်မလိုက်ဘူးဆိုတော့အတင်းမခေါ်တော့ပါဘူး ဒါပေမယ့်ဖေဖေအတင်းအကြပ်လုပ်ရင်တော့ မမလဲမတတ်နိုင်ဘူး”
ရောက်ကတည်းကမတ်တပ်ရပ်ရက်နဲ့ ထိုင်တောင်မထိုင်ရသေးပဲ ကေကပြန်ဖို့ပြင်လိုက်သည်။
“ဟင် မမပြန်တော့မလို့လား”
“အင်းလေ ဏီဏီမှပြန်မလိုက်တာ”
“မမကေ”
ဏီဏီက မမကိုဝမ်းနည်းစွာဖက်ပြီးငိုလိုက်မိသည်။
“ဖေဖေ့ကို မမကေမင်္ဂလာမဆောင်ခင်ပြန်ခဲ့ပါ့မယ်လို့ပြောပေးပါနော် အခုတော့ဏီဏီဒီမှာပဲနေလိုက်ဦးမယ်”
“အင်းပါ မငိုနဲ့တော့ တိတ်တော့ မမပြန်တော့မယ် ကိုကောင်းမွန် ကျွန်မပြန်လိုက်ပါဦးမယ် ဏီဏီကိုဂရုစိုက်ပေးပါနော်”
ကောင်းမွန်သက်ပြင်းချရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ကေပြန်သွားတော့ ဏီဏီကကောင်းမွန်ကိုမျက်နှာငယ်နဲ့ ကြည့်လာခဲ့သည်။
“ကိုကြီး ဏီဏီပြန်ရင်ကိုကြီးပါလိုက်ခဲ့နော်”
သူဘာပြန်ဖြေရမှန်းမသိပဲ စိတ်ရှုပ်ရှုပ်နဲ့ဆံပင်ထဲလက်ချောင်းတွေထည့်ကာဆွဲဖွနေမိသည်။
“ကိုကြီး ဏီ့ကိုချစ်တယ်ဆို”
“အင်း”
“အဲ့ဒါဆိုလိုက်ခဲ့ရမှာပေါ့”
ဒါကဏီဏီဆုံးဖြတ်ချက်တစ်ခုထဲနဲ့ပြီးသွားတာမှမဟုတ်တာ။ ဏီဏီမျက်နှာပေါ်က မျက်ရည်စတွေကိုသုတ်ပေးလိုက်ရင်း
“အင်း လိုက်ခဲ့မယ်”
ထော်ချင်နေတဲ့နုတ်ခမ်းတွေက အခုမှပြုံးသွားလေသည်။
“တကယ်နော် ကိုကြီး အိုင်းချစ်ဖို့ကောင်းတယ်”
ကောင်းမွန်ရဲ့ပါးနှစ်ဖက်ကို ချစ်စနိုးဆွဲလိမ်နေတဲ့ဏီဏီဟာ စိတ်ဆင်းရဲစရာများ မရှိတော့ပုံပင်။ ဒီကောင်မလေးလို နေတတ်တဲ့လူတိုင်း အတော်စိတ်ချမ်းသာရပေမည်။ စိတ်ဆင်းရဲမှုပြေလည်သွားတာနဲ့ ပြုံးရွှင်ကာ ဖြစ်ခဲ့သမျှ ဝမ်းနည်းစရာတွေကို အချိန်တိုအတွင်းမှာ မေ့ပစ်တတ်လေသည်။ သူတစ်ယောက်တည်းသာ တိတ်တဆိတ် စိတ်ဆင်းရဲနေမိတော့သည်။ ဒါပေမယ့်လဲ စိတ်ဆင်းရဲနေရုံနဲ့ပြီးသွားမယ့်ပြသနာမဟုတ်တော့ ရင်ဆိုင်ဖြေရှင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။

4️⃣ လှပသော တစ်စုံတစ်ရာ [ Something beautiful ]Where stories live. Discover now