" မင်းက ဧည့်သည်တွေကို ဧည့်မခံဘူးလေ ... ငါပဲ ဧည့်ခံရတော့တာပေါ့ "
" ဧည့်သည်တွေလည်း မရောက်သေးတာကို ... ပါပါးငိုက်နေတာမလား "
" အေး ဟုတ်တယ်ကွာ "
တမင်သတ်သတ် စတတ်တဲ့သားဖြစ်သူအကြောင်း နောကြေနေတဲ့ ဝမ်ဗိုက်ပူလေးက ခါးထောက်လို့ ပြီးပြီးရောပြန်ဖြေတယ်။ ဒီအဖေကို မျက်နှာသာမပေးတဲ့ ဒီကလေးကို ကိုင်ဆောင့်ထည့်လိုက်ရ မကောင်းရှိတော့မှာပဲ။
" လာပါဦး ပါပါးသားလေး "
ရိပေါ်က ပါပါးနဲ့မျက်နှာချင်းဆိုင်မှာ ရပ်လိုက်တော့ ဝမ်ဗိုက်ပူလေးက ရိပေါ်ရဲ့ နက်ခ်တိုင်လေးကို သေချာပြင်ပေးတယ်။
" ပါပါးသားလေးတောင် လက်ထပ်တော့မယ် ... အရွယ်ရောက်လာပြီပဲ "
" သားလက်ထပ်သွားလည်း သားက ပါပါးကလေးပဲလေ "
" ဒါပေါ့ ပါပါးကလေးလေး ... လာပါဦး ပါပါးကလေးလေးကို ဖက်ထားရအောင် "
စိတ်မကောင်းဖြစ်နေတဲ့ ဝမ်ဗိုက်ပူလေးအကြောင်း သိနေတဲ့ရိပေါ်က အလိုက်တသိပဲ ပြန့်ကားပေးထားတဲ့ ရင်ခွင်လေးထဲ ခိုဝင်လိုက်တယ်။ ပါပါးရင်ခွင်က သိပ်နွေးတာပဲ။
" သားရှောင်းကို ဂရုစိုက်နော် ... မငိုစေနဲ့ ... အိမ်ထောင်ဦးစီးကောင်း ဖြစ်ရမယ်နော် "
" သေချာတာပေါ့ ပါပါးရဲ့ "
" သားရဲ့ မာမားသာရှိနေရင် ဝမ်းသာပြီးငိုနေတော့မှာပဲ "
ရိပေါ်ကိုဖက်ထားရင်း စကားတွေ တတွတ်တွတ်ဆိုနေတဲ့ ဝမ်ပါပါးကြောင့် ရိပေါ်လည်း ကျချင်နေတဲ့မျက်ရည်တွေကိုထိန်းကာ ဝမ်ပါပါးကို တင်းနေအောင် ဖက်ထားလိုက်တယ်။ ရိပေါ်က အချစ်ကိုလည်း ဂရုစိုက်သလို ဒီဝမ်ဗိုက်ပူလေးကိုလည်း ဂရုစိုက်မှာပေါ့။
" လွှတ်တော့ မင်းက ကလေးလား "
" ဟာ ပါပါး ... သားက ဝမ်ဗိုက်ပူဝမ်းနည်းနေမှာစိုးလို့ ဖက်ထားပေးတာလေ "
ရိပေါ်က ဝမ်ဗိုက်ပူလေးကို မလွှတ်ပေးပဲ ဆက်ပြီး ခပ်တင်းတင်းဖက်ထားလိုက်တယ်။ ဝမ်ပါပါးပခုံးပေါ် မျက်နှာအပ်ထားရင်း ရိပေါ်က အချွဲလေးဖြစ်လို့နေတယ်။