မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် ဦးဆုံးခံစားမိသည်က မရင်းနှီးသေးတဲ့ အအေးဓာတ်ပင်။ မျက်တောင်တွေကို တဖျတ်ဖျတ်နှင့် လှုပ်ခတ်လိုက်လေရင်း အိပ်ရာထဲကနေ ကုန်းရုန်းထလာစဉ် ကိုယ်ကို ကျုံ့နေအောင် ကွေးထားမိသည်။ မချွတ်ရသေးတဲ့ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ညနေ သုံးနာရီ။ မြေပြန့်ဒေသတွင် ရောင်ဝါနေမင်းကအရှိန်တငြီးငြီးနှင့် တောက်လောင်လို့ ကောင်းဆဲ အချိန်ဖြစ်သော်လည်း တောင်တန်းဒေသတွင်တော့ စိမ့်နေအောင် အေးသည်သာ။
"ကိုလင်းဝေမောင်..နိုးလာပြီလား။"
ခပ်ဝဲဝဲအသံကြောင့် အိပ်မှုံစုံမွှားမှုန်တေတေမျက်လုံးတွေနှင့် လှည့်ကြည့်လိုက်တော့ လင်းဝေမောင်ရဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့မိန်းကလေးတစ်ယောက်။ အင်း..အင်း..ဟုဆိုကာ မျက်လုံးကို လက်နှင့် တစ်ချက်နှစ်ချက်ပွတ်လိုက်တော့ ထိုမိန်းကလေးရဲ့ ရုပ်သွင်ကို ပြတ်ပြတ်သားသား မြင်လာရသည်။ အသားကခပ်ဖြူဖြူ၊ မပေါ်လွင်တဲ့နှာတံ နှင့် လေးထောင့်စပ်စပ်မျက်နှာကျကြောင့် ချင်းတိုင်းရင်းသူဆိုတာ အထူးတလည်ဖြေရှင်းစရာမလိုပေ။
"အုပ်ပီး ခုနကပဲ ပြန်လာပြီလို့ အဒေါ်လာပြောတယ်။ ကိုလင်းဝေမောင်အိပ်နေသေးလို့ မနှိုးသေးတာ။"
အုပ်ပီးဆိုတာ သူတို့အခေါ် သူကြီးကိုဆိုလိုမှန်း လင်းဝေမောင် သဘောပေါက်နေပြီဖြစ်သည်။ လင်းဝေမောင် သူကြီးပြန်လာပြီဆိုမှတော့ လင်းဝေမောင်လည်း အိပ်ရာထဲ အေးအေးနှင့် ထပ်ပြီး ဇိမ်ရစ်နေလို့မရပေ။ အရင်ဆုံး ဒီရွာသူကြီးကို မျက်နှာသွားပြရပေဦးမည်။ ရွာခံချင်းမလေးတစ်ယောက်လုံးပါလာပါလည်း ကိုယ်ကဧည့်သည်မဟုတ်ပါလား။ ခါးရိုးကိုတစ်ချက် နှစ်ချက်ဆန့်လိုက်ရင်း ခင်းထားတဲ့ အိပ်ရာခင်းကို လိပ်သိမ်းဖို့ ကြိုးစားလိုက်တော့ ထိုချင်းမလေးက ဘေးကိုချက်ချင်းရောက်လာပြီး ကူသိမ်းပေးဖို့ လုပ်သည်။
"နေ..နေ...။ နန်းတာလ်။ ကျွန်တော်ဘဲ လုပ်လိုက်မယ်။"
နန်းတာလ်ဆိုတဲ့စကားလုံးကို စစကြားချင်းက ခေါ်ရတာ အတော်လေးကသီတယ်ထင်ပေမဲ့ အခုတော့ လင်းဝေမောင် နှုတ်ကျိုးနေပြီဖြစ်သည်။ တာလ်ဆိုတဲ့စကားလုံးကို အခေါ်မတတ်လျှင်တောင် နန်းတာဆိုတာလောက်တော့ လင်းဝေမောင်အသံထွက်နိုင်ပါသေးသည်။
YOU ARE READING
RomanceUnicode Version "တိမ်တွေဆီမှာလား..တောင်တွေဆီမှာလား... ဒါမှမဟုတ်..... " Zawgyi Version "တိမ်တွေဆီမှာလား..တောင်တွေဆီမှာလား... ဒါမှမဟုတ်..... " Cover Art by Thway Yar Lwin