အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

ဖေ့ခန်းက သူ့တူတော်လေး ခေါင်းကို အကျင့်အတိုင်း အသာပွတ်ပေးလိုက်ပြန်သည်။ "ငါ အခုလောလောဆယ် မင်းတို့နဲ့ မလိုက်နိုင်သေးဘူး၊ ရှောင်ညောင်၊ မင်း အရင်သွားနှင့်၊ ငါ နောက်တော့မှ လာလည်မယ်"

"အခု တူတူသွားလို့ မရဘူးလား" ဖေ့ရှောင်ညောင်က မေး၏။

"မရဘူး၊ ဘာလို့ဆို ငါက ဘုရင်လုပ်ဖို့ နေခဲ့ရမှာ" ဖေ့ခန်းက ပြောလိုက်သည်။

"ဒါဆို ဦးဦး မင်းကြီးက ဘုရင်မလုပ်နဲ့တော့၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါလား" ဖေ့ရှောင်ညောင်က မေးလေသည်။

ရုံးတော်အမတ်များအားလုံး မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားကြကုန်တော့၏။

"ဒီအကြံ မဆိုးဘူး" ဖေ့ခန်းက ဆိုသည်။

မှူးမတ်များ မျက်နှာထားက ပိုဖြူ​ဖျော့သွားပြန်သည်။

"ဒါပေမဲ့ ဒီဦးလေးကြီးတွေက သဘောတူမှာ မဟုတ်ဘူး"

ဖေ့ရှောင်ညောင်က ရုံးတော် အရာရှိ မှူးမတ်များကို မုန်းတီးနာကျည်းစွာ မျက်စောင်းခဲလိုက်တော့သည်။

"ဦးဦး မင်းကြီး ဘုရင် လုပ်ရတာ ပျော်ဖို့ ကောင်းလား" ဖေ့ရှောင်ညောင် မေးလိုက်လေသည်။

"ပျော်ဖို့ နည်းနည်းလေးမှ မကောင်းဘူး" ဖေ့ခန်းက ဖြေသည်။

"ဦးဦး မင်းကြီး၊ ကျွန်တော်တို့ ဒုက္ခ သုခတွေ မျှဝေခံစားရအောင်" ဖေ့ရှောင်ညောင် ရုပ်တည်ကြီးနှင့် ကတိပေးလေတော့သည်။ "ကျွန်တော် ကျန်းနန်မှာ ခဏလောက် ကစားပျော်ပါးလိုက်ဦးမယ်၊ ပြီးရင် မြို့တော်ကို ပြန်လာပြီး ဘုရင်လုပ်ပေးမယ်၊ ဦးဦး ကျန်းနန်မှာ တလှည့်သွားကစားချေ"

ဖေ့ခန်း မျက်လုံးက အရောင်တောက်ပသွားတော့သည်။ "အေး ကတိနော်"

ရုံးတော် အမတ်များမှာ သွေးပါအန်ထွက်ချင်မိတော့သည်။ သူတို့မှာ ဖေ့ကျင်းကို ပထုတ်နိုင်လိုက်သော်လည်း ဖေ့ကျင်း၏ သားပြန်လာပြီး ထီးနန်းယူမည့် အဖြစ်ကို မတားဆီးနိုင်ဖြစ်ရော့မည်။

ဖေ့ရှောင်ညောင်မှာ မြင်းလှည်းထွက်သွားပေသိ၊ ဦးရီးတော်မင်းကြီးကို မျက်စိတဆုံး မမြင်ရတော့သည်အထိ သူ့လက်သေးသေးလေးဖြင့် လက်ပြဝှေ့ယမ်း နှုတ်ဆက်နေခဲ့လေသည်။ သူ့ခမျာ အငိုလည်း မရပ်နိုင်ရှာပေ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now