ရနံ့

42 2 0
                                    

  ရနံ့

ကောင်းကင်ကြီးက သူ့စိတ်အတိုင်းလား မှိုင်းညိုနေသည်။
ဒီနေ့ကျမှ ပန်းခြံကလည်း လူမရှိ‌သလောက် တိတ်ဆိတ်နေသည်။
မိုးသက်လေများ တိုက်နေသော်လည်း မင်းဝေ ရင်ထဲမှာတော့
မ‌အေးနိုင်ပါ။အစ်ကို့ကို ဖွင့်ပြောရမလား မဖွင့်ပြောပဲနေရမလား သူအခုထိ ဝေခွဲမရဖြစ်နေသည်။ချိန်း‌တွေ့နေကျ ထိုင်ခုံ‌နားလေးကို
မကြာမီရောက်တော့မည်။မဖွင့်ပြောပဲ နေလိုက်ရမလား။
ဒီလိုလည်း သူ့စိတ်ကခွင့်မပြု။ဒါမှမဟုတ် အစ်ကိုက သူ့ကို
ပစ်သွားတာထက်စာရင် အစ်ကို့ကို ထားသွားလိုက်ရမလား။
ပတ်ဝန်းကျင်က ယောက်ျားလေးအချင်းချင်းချစ်ကြိုက်သည်မို့ ကဲ့ရဲ့သံတွေ ဆူညံနေတဲ့ကြားက အဝေအစ်ကို့ကို ရင်ဘတ်နဲ့ရင်းပြီး ချစ်ခဲ့ရတာမလို့ လွယ်လွယ်နဲ့လမ်းခွဲဖို့ကမဖြစ်နိုင်။
တွေးလိုက်ရင်ခေါင်းတွေပါမူးလာ၍ ချွေးများပင် စို့လာသည်။
ချိန်းတွေ့နေကျထိုင်ခုံမှာ အစ်ကိုက ရောက်နှင့်နေသည်။
"အစ်ကို" သူ့‌ခေါ်သံက တိုးလျစွာ။
"အဝေ နောက်ကျလို့ပါလား" အစ်ကိုအသံက နဂိုအတိုင်း ခပ်ရှရှ။
သူသိပ်ချစ်ခဲ့ရတဲ့လေးထောင့်ဆန်ဆန်မျက်နှာ‌နဲ့ အစ်ကိုက သူ့ကိုပြုံးပြသည်။
"အဝေလေး ချွေးတွေတောင် ထွက်လို့ပါလား"
မခိုင်သောခြေထောက်များကိုပါ အစ်ကိုရိပ်မိနေမလား။ သူအစ်ကို့ဘေးနားသို့အလျင်အမြန်ထိုင်ချလိုက်ရသည်။
"မှန်းစမ်း" အစ်ကိုလက်များက သူ့နဖူးပေါ်သို့။
"နေများမကောင်းတာလား အဝေ မျက်ကွင်းတွေလည်းညိုလို့ပါလား" အစ်ကိုမျက်နှာပေါ်မှာ စိုးရိမ်မှုအရိပ်အယောင်တွေပါ မြင်လာရနေပြီ။
"အဝေ နေကောင်းပါတယ်အစ်ကိုရဲ့ ညပိုင်းတွေသိပ်အိပ်မပျော်လို့
နည်းနည်းမူးနေရုံပါ"
တကယ်က ထိုအကြောင်းများကိုတွေးမိတိုင်း အိပ်မရ၍ မိုးလင်း
ပေါက်ထိထိုင်နေရတာက ရက်ပေါင်းမနည်းတော့။
"သွေးပေါင်ကျပုံရတယ် အပြန်အစ်ကိုနဲ့လိုက်ခဲ့လေ အစ်ကိုသွေးပေါင်တိုင်းကြည့်ပေးမယ်"
ဆရာဝန်ပေါက်စအစ်ကိုက အဝေနေမကောင်းတိုင်း ဂရုတစိုက်ရှိလှသည်။
"နေပါစေ ဒီည စောစောအိပ်လိုက်မယ် အစ်ကိုဘာကြည့်နေတာလဲ"
စကားလမ်းကြောင်းလွဲ၍ ပြောလိုက်ရသည်။
အစ်ကိုက ဖုန်းထဲမှ ကြည့်လက်စကို ပြန်ဖွင့်ပြသည်။
နာမည်ကြီးမိတ်ကပ်ပညာရှင်မိန်းမလျာတစ်ဦးရဲ့ အင်တာဗျူးတစ်ခုပင်ဖြစ်သည်။
"ကျွန်မတို့မိန်းမလျာတွေ ဘတ်(စ်)ကားပေါ်တက်လာရင် လူတွေက
အေအိုင်ဒီအက်(စ်)ကိုယ်စားလှယ်‌တွေလာပြီ၊အိပ်(ခ်ျ)အိုင်ဗီကုန်သည်တွေလို့ စနောက်ကျတယ်
ဒီရောဂါမျိုးဟာ ကျားမ မရွေးကူးစက်နိုင်တာပဲလေ
ဒါကိုကျွန်မတို့ကိုပဲခေါင်းစဉ်တပ်တာ "
အင်တာဗျူးအသံကြားမှ အဝေချွေးများပင်ပိုထွက်လာသည်။
ခပ်လှမ်းလှမ်းက စံပယ်ရုံမှ စံပယ်ရနံ့များကပင် ဒီနေ့တော့
အဝေ့အတွက်ခေါင်းကိုက်စရာ ဖြစ်နေသည်။
အစ်ကို့ပခုံးပေါ်ကို မှီချလိုက်ရသည်။
"အစ်ကို"
အစ်ကိုက အဝေ့ခေါ်သံကြောင့် ဖုန်းကို ပိတ်လိုက်သည်။
"အဝေပြောလေ"
"အကို အိပ်(ခ်ျ)အိုင်ဗီပိုး ကူးစက်ခံရတဲ့လူတွေ‌ကိုဘယ်လိုမြင်လဲဟင်"
အစ်ကိုအသံက ခဏတာတိတ်သွားသည်။
"ဟိုမှာ စံပယ်ရုံတွေ့လား စံပယ်ပင်အထက်မှာလည်း စံပယ်ပွင့်လေးတွေရှိတယ် ခုနက ကလေးတွေခူးဆော့လို့စံပယ်ပွင့်တချို့လည်း မြေပေါ်မှာ ရှိတယ်"
ဟုတ်ပါရဲ့ စံပယ်ရုံအောက်မှာ ဖွေးဖွေးကိုလှုပ်လို့။
"ဆက်ပြောလေ အစ်ကို"
အဝေ ရင်တုန်စွာ အဖြေကို နားထောင်နေမိသည်။
"အိပ်(ခ်ျ)အိုင်ဗီပိုး ကူးစက်ခံရတဲ့ လူတွေက အပင်အောက်ကစံပယ်ပွင့်လေးတွေပေါ့ အဝေရဲ့"
အဝေ စိတ်ထဲကနေ ကြိတ်ရှိုက်လိုက်သည်။
ရပြီ ဒီလောက်ဆို အဖြူအမဲဟာ ကွဲသွားပါပြီ။
ဒါဆိုဒီနေ့ဟာ အစ်ကို့ကို အဝေ နောက်ဆုံးမြင်ရမယ့်နေ့ပေါ့။
အစ်ကိုကတော့ အဝေရဲ့ဆံပင်တိုလေး‌တွေကို လက်ကလေးနဲ့ဖွနေသည်။

You've reached the end of published parts.

⏰ Last updated: Sep 02, 2021 ⏰

Add this story to your Library to get notified about new parts!

ရနံ့Where stories live. Discover now