အခုနောက်ပိုင်းမှ အလုပ်ပမာဏသည် ကျွမ့်နန်လို လူအတွက်တောင် အုံပွထနေကာ စိတ်ညစ်စိတ်တိုရလွန်းသဖြင့် တစ်နေ့ကို စီးကရက်ဘူးတစ်ဝက်ခန့် ကုန်သည်အထိပင်။ သို့သော် အနှီအိမ်နီးချင်းငယ်လေးကို တွေ့ရတိုင်း တစ်မနက်ခင်းဆီမှ ဆန်ပြုတ်ချိုလေးနှင့် ကြက်ဥကြော်တို့ကို သတိရမိသွားစေ၏။ ထိုအချိန်တိုင်းတွင် နေမင်းကြီးကို ကြုံဆုံပြီးနောက် အရည်တစ်လွှာပြီးတစ်လွှာ ပျော်ကျရသော နှင်းနုငယ်သွေးပမာ သူ့ကိုယ်သူ ခံစားမိရသည်။

အရှက်ကြီးကာ လူကြောက်တတ်သော ရှဥ့်ငယ်ရှန့်ရှန်းသည် သူ့အတွက်တော့ ဘယ်တုန်းကမှ မှောင်မိုက်ခြင်း ပြယုဂ်တစ်ခု ဖြစ်မနေခဲ့။ စောင်ခြုံလွှာ၏ ရနံ့သင်းလေးကဲ့သို့ နွေးထွေးမှုပေးသော အားအင်ဖြည့်ဆေးအလားပင်။

ဤသို့ဖြင့် ကုမ္ပဏီ၏ အားအထားရဆုံး စိတ်ဓာတ်ကြံ့ခိုင်ပြတ်သားသည့် မွန်းစတားဟု နာမည်ရရှိထားသူသည် အကြောင်းပြချက်ဟူ၍ တစ်ခုတစ်လေတောင် ကင်းမဲ့စွာ အကြိမ်အနည်းငယ်မျှသာ တွေ့ရသေးသည့် အိမ်နီးချင်းငယ်လေးအပေါ် သဘောကျသွားခဲ့တော့လေသတည်း။

၉.

လင်းဝမ်မှ နှုတ်ခွန်းပြန်ဆိုလာသည့်နေ့က စတင်ကာ နှစ်ဦးသား ကြုံကြိုက်တိုင်း ကျွမ့်ရှန့်ရှန်းက စတင်နှုတ်ဆက်သမှုပြုလေ့ရှိသည်။ ထို့နောက် အိတ်ကပ်ထဲ လက်နှိုက်ထည့်ကာ မတ်မတ်ရပ်လျက် လူငယ်လေးထံမှ တိုးညှင်းစွာ တုံ့ပြန်လာမှုကို စောင့်ပြီးသော် ပြုံး၍ 'ဂွတ်နိုက်' ဟု ပြောလေသည်။ ပြီးတာနှင့် လှည့်ထွက်သွားတော့သည်။ သူတို့နှစ်ဦးသား အများအားဖြင့် ဆုံလိုက်လျှင် ညနေခင်းပိုင်းတွင်သာ ဖြစ်လေသည်။

လင်းဝမ်က ခွန်းတုံ့ပြန်စကား မဆိုချင်သည့် အချိန်များတွင်တောင် ကျွမ့်နန်သည် စိတ်ရှည်စွာဖြင့် ပြန်မပြောမချင်း စောင့်စားလေ့ရှိသည်။

နှစ်တစ်နှစ်တာပြီးဆုံးချိန်မို့ မြို့တော် A တွင် နှင်းများ သိပ်သည်းစွာဖြင့် ကျဆင်းနေလေသည်။ လင်းဝမ်သည် စာမူကြမ်းကို ပို့ပေးလိုက်ပြီးနောက် ပါကင်ထုပ် သွားယူရန် တိုက်အောက်ဆင်းခဲ့ရာ ကျွမ့်နန်နှင့် ထပ်ကြုံသဖြင့် နှုတ်ခွန်းဆက်လိုက်လေသည်။ ကျွမ့်နန်မှ ဤအိမ်ရာသို့ စပြောင်းလာသော လအနည်းငယ်အတွင်း သူစကားပြောသော အကြိမ်စုစုပေါင်းမှာ လွန်ခဲ့သောခြောက်လအတွင်း ပြောခဲ့သော စကားအကြိမ်အရေအတွက်ထက်တောင် ပိုများသေးသည်။ သူ ရံဖန်ရံခါတွင် အာလာပသလ္လာပစကားတွေတောင် ပြောတတ်နေလေပြီ။

အိမ်နီးချင်းချစ်သူ〖 Completed 〗Место, где живут истории. Откройте их для себя