"မင်းပြောတော့ ရွာထဲကကောင်တွေနဲ့ သွားမှာဆို"

"စိတ်ပြောင်းသွားပြီ"

ရဝေချမ်းမှာလည်း ဘာမှမတတ်နိုင်တော့ပေ။ ဇေယျာချမ်းသာ လိုက်ချင်လျှင် ဘယ်လိုမှလည်း တား၍ရလိမ့်မည်မဟုတ်။

"အင်း ပြီးတာပဲ။ ငါ့ကို လူကြားထဲသာ လိုက်မစနဲ့"

"မစပါဘူး။ စိတ်ချ"

ဇေယျာချမ်းသည် လက်ဝါးတစ်ဖက်ကို မြှောက်ကာ အတည်ပေါက်ကတိပေးနေဟန်ဖြင့် ပြောပြီးနောက် ရုပ်ကပြောင်ချော်ချော်လုပ်နေပြန်သဖြင့် ရဝေချမ်းလည်း အန္တရာယ်အငွေ့အသက်ကို ရလိုက်သည်။

"မင်း စိတ်ချလို့မပြောခင်ကအထိ ငါစိတ်မပူသေးဘူး"

ရဝေချမ်း၏ သင်္ကာမကင်းဖြစ်နေသော ပုံစံကြောင့် ဇေယျာချမ်းမှာ မထိန်းနိုင်တော့ဘဲ အော်ရယ်မိလေပြီ။ ရဝေချမ်းမှာလည်း မခြောက်သေးသောဆံပင်ကို သုတ်ခါရင်း ဇေယျာချမ်းကို စိုက်ကြည့်နေပေသည်။

ထိုစဥ် ဇေယျာချမ်းမှာ ရဝေချမ်း၏စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို လှမ်းယူပြီး ဟိုလှန်သည်လှန်လုပ်ရင်း သီချင်းထညည်းလေ၏။

"မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်...."

ထိုသီချင်းသံကိုကြားသောအခါ ရဝေချမ်းမှာ ဒေါသထွက်ရလေပြီ။ အကြောင်းမှာ ရဝေချမ်းသည် မကြာသေးခင်ကမှ ကိုရင်ဝတ်ထားသေးသဖြင့် သူ၏ဆံပင်သည် ယခုအခါတွင် အရမ်းမတိုတော့သော်လည်း အခြားလူများလောက် မရှည်သေးပေ။

ကိုရင်ထွက်ပါပြီဆိုကတည်းက ဇေယျာချမ်းက ထိုဆံပင်နှင့်ပတ်သက်ပြီး ယခုအထိ စနောက်၍မဆုံးနိုင်သေးပေ။

"ယုံချင်ယုံ၊ မယုံချင်နေ။ မင်းကို ငါထိုးတော့မှာနော်"

ရဝေချမ်းသည် ​စကားပြောရင်း ခေါင်းကိုပါ ခါရမ်းလိုက်မိလေရာ မျက်နှာချင်းဆိုင်ရှိ ဇေယျာချမ်းသည် သူ့ကိုကြည့်ရင်း ကုတင်ပေါ်သို့ နောက်ပြန်လဲကျသွားလေသည်။

"အမလေး..သေပါပြီ"

"ဘာဖြစ်တာတုန်း.."

"မင်းရဲ့ဆံပင်ရှည်တွေက ငါ့ကိုလာရိုက်မိလို့ လဲကျသွားတာကွ"

Falling In Love With the Most Admired PersonWhere stories live. Discover now