အပိုင်း၁၂

276 49 20
                                    

[Unicode]

မာန်ရဇ္ဇ ရနောင်း၏အိမ်ကို စောင့်ကြည့်နေတာ ကြာပြီ။ မင်းထင်နှင့် သုရဇ္ဇတို့ အကူအညီတောင်းသည့်‌ နေ့ကတည်းက မနီးမဝေးမှာ အမြဲထောက်လှမ်းမိသည်။ တစ်ခါတရံ ဒေဝ ပါလာသလို တစ်ခါတလေလည်း သူတစ်ယောက်တည်းသာ။ ဒေဝက ပန်တျာကျောင်းကိုသာ လိုက်ချင်သည်။ ပန်တျာပျောင်းမှာက ရှင်ယွန်းမယ် ရှိသည်ကိုး။ ဒါ့အပြင် စီရင်စုထဲ၌ ကွပ်ကဲရသည့် တာဝန်လည်း ရှိပေသေးသည် မဟုတ်လား။ မာန်ရဇ္ဇလည်း ထိုနည်း၎င်းပင်။ စီရင်စုမှာ တပ်သားများကို အချိန်ပြည့်လေ့ကျင့်ပေးရသည်။ စစ်သည်တစ်ယောက်အနေနှင့် အားလပ်သည်ဟူ၍မရှိ။ သို့သော်လည်း အချိန်ရလျှင်ရသလို ရနောင်း၏ အိမ်ရှေ့သို့သာ ရောက်နေမိသည်။

ရနောင်းက သင်္ကြန်ရက်များတွင်မက နှစ်ဆန်းတစ်ရက်နေ့အထိပါ ဘုန်းကြီးကျောင်းလိုက်သည်။ ရနောင်း၏ အစ်ကိုအစ်မနှစ်ယောက်မှာ နယ်ခြားသို့ကုန်သွယ်သူများဖြစ်ပြီး ဒုတိယအစ်ကိုကတော့ အဝဈေးထဲတွင် ဆားနှင့် ဟင်းခတ်အမွှေးအကြိုင် အပြင် အမွှေးနံ့သာအမျိုးမျိုးရောင်းသည်။ ဒါကြောင့်လည်း ရနောင်း၏ကိုယ်မှ အမြဲတစေ နံ့သားဖြူရနံ့ကလေး သင်းပျံ့နေခြင်း ဖြစ်မည်။ ထိုတစ်အိမ်လုံးသာမက သာမန်ဈေးသည်များကို ခြယ်လှယ်နိုင်သူက သူတို့၏ဖခင် အသည်ကြီး ဦးဖိုးရှင့်ပင်။ ရနောင်း၏မိခင် ဒေါ်ယုံကတော့ အိမ်မှုကိစ္စများသာ စီမံသည်။ သူကြွယ်အမည်မခံသည်သာရှိပြီး ကြွယ်ဝချမ်းသာကြောင်း ထင်ရှားနေသည်ပင်။

"ရောင်းရင်း ရဇ္ဇ။ စိတ်ပျံ့လှချည်လားဗျာ"

"အာ ... ဒေဝ ။ ရောင်းရင်း ဘယ်အချိန်ကများ ရောက်တုံးဗျ"

"စောစောကပဲရောက်သဟာပ။ ရောင်းရင်းကို ခေါ်နေသဟာ ကြာပြီ။ ဘာများ စိတ်ပူပင်စရာရှိလို့ ဒီလောက်တောင် မှိုင်တွေနေရတုံး"

"တိုင်းပြည်အရေး မိသားစု အရေးပေါ့ဗျာ"

"အမယ် တယ်ဟုတ်ပါ့လား။ ကျုပ်က ရောင်းရင်းကို အချစ်ရေး တွေးနေတယ် ထင်တာ"

မာန်ရဇ္ဇက ဒေဝနှင့်စကားလည်းပြောရင်း မျက်လုံးကလည်း လေ့ကျင့်နေသည့် မြင်းစီးများထံမှာ မလွတ်စေရ။ ယခင်ထက်စာလျှင် လက်ရည်တက်လာသော်ငြားလည်း စက်ထိုးရာ၌ ပစ်မှတ်ဗဟိုသို့ လွဲချော်နေသေးသည့် တပည့်သားများကို အသေအချာကြည့်နေပေသည်။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now