ဘဂျမ်းကို တစ်ညလုံး ထိုင်စောင့်ပေးနေသည်တဲ့လား။
ရင်ထဲမှာ ခပ်နွေးနွေးဖြစ်နေသည်။ သူ့အကြောင်းတွေးတိုင်း ဖြစ်နေကြခံစားချက်ပဲဖြစ်သည်။ ကြာတော့ ဘဂျမ်း မထူးဆန်းတော့။
ထပ်ကာ ထပ်ကာ ဖြစ်နေသော ရင်ထဲမှပူတလှည့် နွေးတလှည့် ဝေဒနာကို ထူးဆန်းလို့မနေတော့။

လူကနေမကောင်းသေးပေမဲ့....အားပြည့်နေသလို ခံစားချက်က ရင်ထဲမှာရှိနေသည်။ ဒါ့အပြင်.....ဘဂျမ်းက ဘဝတစ်လျှောက်လုံး ငါ့မှာ စောင့်ရှောက်ရမည့်သူတွေရှိသည်ဟုတွေးကာ ပေါ့ပေါ့ပါးပါးနေခဲ့ရသည်ဟူ၍မရှိခဲ့။ ငွေကိုကြိုးစားရှာမည်...ရိုးရိုးသားသားနေမည်.....ခြိုးခြိုးခြံခြံနေမည်....ကိုယ့်ကြောင့်သူတပါးဒုက္ခမရောက်အောင်နေမည်.....ဒါပဲ...ဘဂျမ်းသိတာ ဒါပဲ။

ခုတော့ ဘဂျမ်း ဘဝမှာ တစ်ခါမှ ခံစားဖူးသည်မဟုတ်သည့်ခံစားချက်ရှိနေသည်။ ဒါပေသိ ဘဂျမ်း ဒီခံစားချက်ကို သရုပ်မခွဲနိုင်။ ဘာမှန်းလဲသေချာရေရာစွာမသိ။ ရိုးရှင်းစွာတွေးပြီး ရိုးရှင်းစွာနေထိုင်ခဲ့သူတစ်ယောက်အဖို့ ခက်ခဲပေမဲ့ သိချင်မိသောအရာများ.....နားမလည်ပေမဲ့ ဖြေရှင်းလိုက်ချင်သောအရာများ.....ရှိနေပေမဲ့ မမြင်ရသော.....ထို... အရာများက ဘဂျမ်းကို ပုံမှန်ဘဝထဲမှ ဆွဲထုတ်နေလေပြီ။

ဘဂျမ်း မျက်နှာက ပြုံးကာနေသည်။
ကော့ညွတ်နေသော နှုတ်ခမ်းထောင့်....
ကြာပြီထင်တယ်.....ဘဂျမ်းမှာ အပြုံးအရယ်မရှိခဲ့တာ....

အိပ်ယာပေါ်မှ ခေါင်းအုံးလေးကို ဆွဲယူပြီ ရင်မှာပိုက်သည်။ နံရံကိုမှီကာထိုင်ရင်း မျက်လုံးအစုံကို မှိတ်ကာထားမိသည်။
အတွေးမျက်ဝန်းထဲမှာတော့....တဖြတ်ဖြတ်ဝင်လာသည့် ထိုကြည်လင်သောအရိပ်လေး....နို့နှစ်ရောင်အရိပ်ကြည်လေး.....

နူးညံ့ပြီး သိပ်ကိုနွေးထွေးသည်။
သူ့ မျက်ဝန်းကြည်လေးက လူတန်းစားမရွေးကို ဒီအကြည့်လေးနဲ့ပဲ ကြည့်သည်။

အေးပြီးမွှေးသည်။
သူ့အနားမှာရှိနေရင် လေထုက တငြိမ့်ငြိမ့်ရှိလှသည်။ ချိုသော မွှေးသော သစ်သီးလေးတစ်လုံးရဲ့ အနံ့မျိုးရှိသည်။ စူးရှပြီး ပြင်းထန်သော အနံ့မျိုးမဟုတ်။ သူ့ဆီ မှာပဲ ရှိသည့် သစ်သီးခြံထဲက လေညှင်းလို သဘာဝအတိုင်းရသည့် ချိုသော မွှေးသော လတ်ဆတ်သောရနံ့လေး...

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now