Key (Unicode Version)

55 5 0
                                    

ဥရောပခေတ်ဟောင်းအငွေ့အသက်တွေ ထုံလွှမ်းနေသော ခပ်မှောင်မှောင် အခန်းငယ်တစ်ခု၏ ကတီပါကော်ဇောပေါ်သို့ ပြတင်းပေါက်မှ နေခြည်ဖြာတန်းလေးက သက်ဆင်းနေသည်။ အခန်းတွင်းထဲရှိ မီးလင်းဖိုမှ မီးတောက်ငယ်၏ အလင်းရောင်က မှောင်မဲနေသောအခန်းကို အလင်းရောင် အနည်းငယ် ထွန်းလင်းပေးနေ၏။ အခန်းအတွင်း၌ မည်သူမျှမရှိ... မီးလင်းဖိုမှ ထင်းများတဖောက်ဖောက် လောင်ကျွမ်းနေသံမှလွဲ၍ တစ်ခန်းလုံးကို တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။

"ဂျောက်!"

အခန်းအတွင်း၌ တိတ်ဆိတ်လွန်းလှသဖြင့် တံခါးဖွင့်သံခပ်တိုးတိုးကပင် အတော်ကျယ်လောင်နေသယောင်... ထိုတံခါးဖွင့်သံနှင့်အတူ ရွှေရောင်ဆံပင်ပိုင်ရှင် အရပ်မြင့်မြင့် လူတစ်ယောက် အခန်းထဲသို့ ဖြည်းညင်းသော ခြေလှမ်းများဖြင့် ဝင်ရောက်လာလေသည်။ သူ၏ ခြေလှမ်းတွေက အခန်းထဲရှိ နံရံကပ်စင်တစ်ခုဆီသို့ ဦးတည်နေ၏။ ထို့နောက် ထိုစင်ပေါ်မှ သံချေးတက်နေသော ကျိုးပဲ့အိုဟောင်းနေသည့် ဂီတဘူးလေးတစ်ခုကိုလှမ်းယူကာ သော့တံလေးကို အသာလှည့်ဖွင့်လိုက်သည်။ ထိုအခါ သာယာနာပျော်ဖွယ် ဂီတသံလေးက တစ်ခန်းလုံးကို ပျံ့နှံ့လွှမ်းခြုံသွားလေတော့သည်။ ထိုသူ၏ ချောမောလှသော မျက်နှာ၌ အပြုံးပန်းတစ်ခု ပွင့်ဝေသွားလေ၏။ သို့သော် သူ၏ ညိုမှောင်နေသော မျက်ဝန်းတစ်စုံကတော့ ထိုအပြုံးတွေနှင့် လိုက်ဖက်ညီမှုမရှိခဲ့.... ကြေကွဲမှုတို့၏ သင်္ကေတ မျက်ရည်စလေးများဖြင့် ရစ်ဝဲနေ၏။

ဂီတဘူးလေးဘေးမှ အညိုရောင်စာအုပ်လေးတစ်အုပ်ကို သူ လှမ်းယူလိုက်ပြီး မီးလင်းဖိုလေးဘေးမှ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် သူ့အင်္ကျီလည်ပင်းမှ ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်ပြီး အောက်တွင် ဝှက်ထားသော ဆွဲကြိုးလေးတစ်ခုကို အပြင်သို့ဆွဲထုတ်လိုက်လေသည်။ သေးမျှင်လှသော ငွေရောင်ဆွဲကြိုးလေးတွင် ငွေရောင်သော့တံသေးသေးလေး တစ်ချောင်းတွဲလွဲခိုနေလေ၏။ ထိုဆွဲကြိုးလေးကို သူ ဆွဲဖြုတ်လိုက်ပြီး ဆွဲကြိုးမှငွေရောင်သော့တံလေးကို စာအုပ်လေးရဲ့ သော့အိမ်လေးထဲသို့ ထည့်သွင်း၍ ဖွင့်လိုက်လေသည်။ ထို့နောက် ရွှေရောင်ဘောပင်တစ်ချောင်းကို အိတ်ကပ်ထဲမှထုတ်၍ စာရွက်အလွတ်ပေါ်တွင် ချရေးလိုက်သည်။ သူ၏ လက်ရေးများက လှပသည်ဟုမဆိုနိုင်... မလှပပေမယ့် သေသပ်သည်လား ဆိုသော်လည်း မဟုတ်ပြန်... သို့ပေမယ့် ဒီခပ်ကြမ်းကြမ်းလက်ရေးတွေရဲ့ နောက်ကွယ်က နူးညံ့သောနှလုံးသားတစ်စုံကို ခံစားလို့ရနိုင်လေသည်။

LOCKS & KEYSDove le storie prendono vita. Scoprilo ora