သာမန်ကာလျှံကာကြည့်လိုက်မိသော်လည်း နှလုံးခုန်သံတို့မှာ တစ်စက္ကန့်မျှငြိမ်သက်လို့သွားသည်။ အသက်ရှူနှုန်းမှာ တစ်ဆခွဲခန့် မြန်ဆန်လို့လာသည်။ လက်ဖျားခြေဖျားများ အပူချိန်လျော့ကျလာလေ၏။

ရင်းနှီးလို့နေသည်။ ထိုပုံရိပ်လေးမှာ သူ့စိတ်ထဲ ရင်းနှီးလို့နေသည်။ သို့သော်ငြား သူ့ဦးနှောက်ကတော့ တစ်ကြိမ်တစ်ခါမှ ကြုံတွေ့ဖူးခြင်းမရှိကြောင်း အသိပေးသတင်းပို့နေသည်။ ခြေလှမ်းတို့မှာ ကျောက်ချထားသကဲ့သို့ တည်ငြိမ်သွားပြီး ထိုပုံရိပ်လေးကိုသာ လိုက်ကြည့်နေမိတော့၏။

ကျောင်းဝတ်စုံဟုသိသာသော ဝတ်စားဆင်ယင်မှုနှင့် ကောင်လေးတစ်ယောက်မှာ ခြံရှေ့နားတွင် ရစ်သီရစ်သီလုပ်နေခြင်းဖြစ်သည်။ ခြံထဲသို့လည်း ရံဖန်ရံခါ ချောင်းကြည့်လျက်ရှိပြီး ခြံရှေ့တစ်နေရာသို့လည်း ဂရုတစိုက်ကြည့်နေ၏။

ထိုလူဘာလိုချင်သလဲ၊ ဘာလုပ်ချင်နေသလဲဟူသော မေးခွန်းက Jisung ခေါင်းထဲရောက်လာချိန်တွင် ပို၍ အာရုံစိုက်ကာ မျက်မှောင်ကျုံ့၍ ကြည့်နေမိသည်။ တယောကို အိတ်ထဲထည့်ရမည့်အစား ပစ်ချလိုက်မိသည်မှာ ကျိုးမသွားရုံတမယ်။

လိုက်ကာစဟာ သူ့လက်ထဲ ကျစ်နေအောင် ဆုပ်ကိုင်ထားခံရသည်။ ပြတင်းတံခါးမှသိပ်မဝေးသည့်နေရာတွင် တည်ရှိနေသော သစ်ပင်ကြီးထက်မှ ကြွေကျနေသော ရွက်ဝါအချို့က သူ့မြင်ကွင်းကို နှောင့်ယှက်သောကြောင့် ကျိန်ဆဲချင်လာသည်။ သို့သော် ကျိန်ဆဲစရာစကားလုံးကောင်းကောင်းကိုသူမရွေးတတ်သောကြောင့် နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်မိသည်။

ခြံရှေ့မှ လူသည်ကား ခြံထဲ မည်သူမျှရှိမနေကြောင်း သေချာအတည်ပြုပြီးချိန်တွင် ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်ကိုတွေ့ရသဖြင့် Jisung မျက်မှောင်ကျုံ့လိုက်မိသည်။ ခြံရှေ့တံခါးနီးတွင် စိုက်ထားသော အပင်ပုလေးများမှ ပန်းများအား ခိုးယူရန်ကြံစည်နေသည်လားဟု တွေးလိုက်မိချိန် ဦးလေးအားသတိရသည်။

ထိုပန်းများကို လွန်စွာတန်ဖိုးထားတတ်သူမို့ အခိုးခံရသည်ကိုသိလျှင် ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို ခံစားရဦးမည်ဖြစ်သောကြောင့် သနားစိတ်ဝင်လာမိသည်။

Clarity || Minsung FF||Where stories live. Discover now