"ဝူဟူးးးး Mr.Lee ပြန်ရောက်လာပါပြီ။"

အတန်းထဲသို့ဝင်၍ နေရာတွင် လွယ်အိတ်ကိုပစ်ချပြီး ဝင်ထိုင်လိုက်ချိန်တွင် Changbin က အသံကျယ်ကျယ်နှင့်ထပြောသည်။

Minho တုန့်ပြန်စကားမဆိုဘဲ လွယ်အိတ်ထဲမှ သမိုင်းဖတ်စာအုပ်အထူကြီးကိုထုတ်ကာ ဘယ်နှကြိမ်ဖတ်ဖတ်နားမလည်နိုင်သော တိုက်ပွဲအကြောင်းကို နောက်တစ်ကြိမ် အကြမ်းဖျင်းဖတ်ကြည့်ရန်ပြင်သည်။ ​ကျောင်းသားတစ်ယောက်အတွက်အရေးမပါသော ကိစ္စများနှင့် အချိန်ကုန်နေရန်မှာ နှမြောဖွယ်ကောင်းကြောင်း ဖိုးသခွားဆန်ဆန်တွေးလိုက်မိခြင်းကြောင့်ဖြစ်သည်။ တွေးလိုက်သည်ဆိုသည်ထက် ကိုယ့်ကိုကိုယ်အာရုံများလိုက်စေသည်ဟုဆိုခြင်းက ပိုမှန်နိုင်သည်။

"နေကောင်းသွားပြီလား။"

ပေါင်မုန့်တစ်လုံးကို ပျင်းပျင်းရိရိဝါးနေသော Chan က ပါးစပ်ထဲမှအစာများ ကမန်းကတမ်းမြိုချ၍ မေးလာသည်ကို 'အင်း' ဟုသာဆို၍ ခေါင်းငြိမ့်ပြမိသည်။

"မင်းရောက်လာလို့တိုင်ရဦးမယ်။"

Changbin က ခုံတစ်လုံးကို သူ့ဘေးနားဆွဲကာ ဝင်ထိုင်ရင်းဆိုသည်။

"ဘာကိုလဲ။"

"မင်းကောင်လေးလေ။"

"ဘယ်က ငါ့ကောင်လေးလဲ။"

"မင်းငါတို့ကို မိတ်ဆက်ပေးထားတဲ့ Han Jisung ကိုပြောတာ။ မနေ့က မင်းမရှိတာနဲ့ အချိုးကချက်ချင်းပြောင်းသွားတာနော်။ ငါနဲ့ Chan က ကန်တင်းမှာ သူ့ကိုတွေ့တော့ အတူတူလာစားဖို့ပြောတာကို ခေါင်းတစ်ချက်ခါပြပြီး ထွက်သွားတာ။ အဲ့ကလေးကဘာလား။"

Minho ကသက်မတစ်ချက်ကိုသာ စိတ်မပါတပါရှိုက်ထုတ်သည်။

"အဲ့ကောင်လေးက ဘာလားဆိုတာကို ငါလည်း မသိဘူး Seo Changbin ရာ။ ခေါင်းတွေလည်းကိုက်လှပြီ။"

Changbin မှာ သူ၏ တုံ့ပြန်ပုံကို နားမလည်နိုင်ဟန် မျက်လုံးကို ပုတ်ခတ်ကာသာ ကြည့်နေသည်။

"ပြီးတော့ Han Jisung က ငါ့ကောင်လေးမဟုတ်တာမို့ နောက်ဆို ငါ့ကောင်လေးလို့မပြောပါနဲ့။"

Changbin မှာ ပြောစရာစကားပင် ပျောက်ဆုံးသွားကာ Minho ကို လစ်လျူရှုလိုက်ပြီး Chan ဘက်သို့ပြန်လှည့်လာသည်။

Clarity || Minsung FF||Where stories live. Discover now