"ဒါဆို သူများတွေ အတင်းအဖျဉ်းပြောကြမှာ ခံနိုင်လို့လား...အမေ"

"ပြောလည်း ခဏပေါ့သားရယ် ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွယ် မောရင်ရပ်သွားကြလိမ့်မယ်။တစ်ပင်လဲလို့ တစ်ပင်ထူတာပါ သားရယ် ငါးစိမ်းမြင်ငါးကင်ပစ်တာမှမဟုတ်တာ"

"ကျွန်တော့်အတွက်ကြောင့် လက်ထပ်မှာဆို ကျွန်တော်လက်မခံနိုင်ဘူး အမေ။ကျွန်တော့်ကြောင့်ဆို ကျွန်တော် ကျောင်းထွက်မယ်"

"ဘာ...ကျောင်းထွက်မယ်ဟုတ်လား နောင်ရိုးသစ်။ဒီကိစ္စက မင်း ဆုံးဖြတ်ရမယ့် အလုပ်လား။ငါ အမေလုပ်တဲ့သူ ဆုံးဖြတ်ရမယ့်အလုပ်လား နောင်ရိုးသစ်။မင်း ကျောင်းမထွက်ရဘူး ပညာဆုံးခန်းတိုင်အောင် သင်ရမယ်...။အမေ့ရှေ့မှာ ကျောင်းထွက်မယ်ဆိုတာ ဘယ်တော့မှ မပြောမိစေနဲ့"

အမေ့အသံက ပြတ်သား တင်းမာလွန်းနေသည်။အမေ့စကားသံများထဲတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်ထင်သည်။

"အမေ့ စိတ်ကိုးက ပျော့ညံ့လွန်းတယ်"

နောင်ရိုးသစ် တိုးညင်းစွာဖြင့် အမေ့ကို အပြစ်တင်မိသည်။

"အမေတစ်ခုပြောပြမယ်...အမေဟာအသက် ၄၀ကျော် ၅၀နားကပ်နေပြီ။
ခုလိုစီစဉ်တာ သိပ်ပြီးတော့လည်း ပူဆွေးသောက ရောက်စရာမရှိပါဘူး...သားရယ်။အမေ့ဘဝပေးအခြေအနေကကိုး မကောင်းခဲ့တာကိုး...ပြီးတော့ ကိုလှမောင်နဲ့ လက်ထပ်ယူလိုက်လို့ သားအပေါ် ချစ်တာ လျော့သွားမယ်လို့ သား မထင်လိုက်နဲ့။သူနဲ့ဆိုတာက လက်ဖက်ရိုးကွမ်းရိုးချိုး၊ ပုဆိုးတန်းတင်မှ အကြင်လင်မယားဖြစ်မှာ သားက အမေကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးထားခဲ့တဲ့ သား...။အမေ့အချစ်က သားအပေါ် မြူတစ်မှုန်စာတောင် လျော့မသွားဘူး သားရယ်"

မေမေ ဆုံးဖြတ်ချက်တွေက ခိုင်မာလွန်းလှသည်။သူ ခေါင်းမညိတ်မိသလို ခေါင်းလည်း မခါခဲ့မိပါ။

"ဘဝဆိုတာ အမြဲတမ်း တသမတ်တည်းသွားနေတာ မဟုတ်ပါဘူးတဲ့ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်တဲ့။အပြောင်းအလဲတွေရှိတတ်တယ်။
ကံဆိုတာ ပြောလို့ရတာမဟုတ်ဘူးလို့ ရွာဦးကျောင်းဆရာတော်ပြောဖူးတယ် ဒီတော့ ဘဝဆိုတာ ဒီအတိုင်း တစ်ဖြောင့်သွားနေမှာ မဟုတ်ဘူးပေါ့...သားရဲ့"ဆိုသည့်
အမေ့ စကားတွေကို ပြန်ကြားယောင်လာသည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now