"အကိုလေး ဘာများလိုချင်လို့လဲ?"

"ဆေးသေတ္တာလိုချင်လို့"

ထို့နောက်တွင်တော့ သူ၏အခန်းသို့မပြန်ဖြစ်သေးသည့် ရှောင်ကျန့်မှာ မျက်နှာချင်းဆိုင်ရှိအခန်းတံခါးအား သွားရောက်ခေါက်လိုက်မိလေသည်။

"ဒေါက်...ဒေါက်"

တံခါးလာဖွင့်ပေးသည့် ဝမ်ရိပေါ်ကိုတွေ့လိုက်ရသည့်အခါတွင်တော့ သူလည်းလက်ထဲမှ ဆေးသေတ္တာအားမြှောက်ပြလိုက်ကာ

"ဆေးလိမ်းပေးမလို့"

ငြင်းလိုက်မည်လားဟုတွေးထားခဲ့သော်လည်း ဝမ်ရိပေါ်က ဘာမှမပြောဘဲ တံခါးအားဖွင့်ပေးကာ အထဲသို့ပြန်ဝင်သွားသဖြင့် သူလည်းအနောက်မှ လိုက်ဝင်သွားလိုက်တော့သည်။ အမှန်တော့ ဝမ်အိမ်တွင်နေခဲ့သည့် ဆယ်နှစ်ကျော်အချိန်ကာလအတွင်းတွင် ဤအခန်းထဲသို့ သူဝင်ရောက်ခဲ့ဖူးသည့်အခေါက်အရေအတွက်မှာ လက်ငါးချောင်းပင်မပြည့်လောက်ပေ။ အရင်အတိုင်း Lego အရုပ်များ ဆိုင်ကယ်စီးဦးထုပ်များဖြင့် အလှဆင်ထားသည့် ဝမ်ရိပေါ်၏အခန်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုးမရှိခဲ့။ အနောက်မှလိုက်ဝင်လာသည့်သူက ဝမ်ရိပေါ်သွားနေသည့်အနောက်သို့လိုက်နေမိကာ ဝမ်ရိပေါ်မှာ အိပ်ခန်းထဲအထိဝင်သွားပီး ကုတင်ပေါ်တွင်သွားထိုင်နေသဖြင့် သူလည်း ကုတင်ပေါ်တွင်သာအတူဝင်ထိုင်လိုက်တော့သည်။

ထို့နောက် ဖူးယောင်နေသော မျက်နှာအနှံ့၊ ကွဲပြဲနေသော မျက်ခုံးများနှင့် ပေါက်ပြဲနေသောနှုတ်ခမ်းများအစရှိသည့်နေရာတို့ကို အရက်ပြန်ဖြင့်အရင်ဆေးကြောလိုက်ပီးမှ ဆေးထည့်ပေးလိုက်လေသည်။ ရှန့်ဝေဆိုသည့်လူယုတ်မာက ဘားအခန်းအပြင်ဘက်တွင် သက်တော်စောင့် သုံးလေးယောက်ကိုစောင့်ခိုင်းထားခြင်း ဖြစ်သောကြောင့် ဝမ်ရိပေါ်မှာ ထိုလူများအားလုံးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုလောက်အထိနာလာခဲ့ရခြင်းဖြစ်သည်ကို ရှောင်ကျန့်ရိပ်မိလေသည်။

ဝမ်ရိပေါ်၏အကျင့်အရ ရန်ဖြစ်လာပီးတိုင်း ဒဏ်ရာများကို ဆေးလည်းမလိမ်းဘဲ ဒီအတိုင်းထားတတ်သဖြင့် ယခုကဲ့သို့ သူကိုယ်တိုင်လာရောက်လုပ်ဆောင်ပေးရခြင်းပင်ဖြစ်သည်။ အိမ်တော်ရှိအလုပ်သမားများအား လုပ်ခိုင်းလျှင်လည်း အချေမင်းသားကလက်ခံမည်မဟုတ်ပေ။ မျက်နှာပြင်အနှံ့ဆေးထည့်ပေးနေသည့် သူ့အား ဝမ်ရိပေါ်က အကြည့်မလွှဲ စိုက်ကြည့်နေသည်ကို ရှောင်ကျန့်တစ်ယောက် ခံစားမိလေသည်။ မျက်နှာအားဆေးထည့်ပေးပီးသွားသောအခါ လက်များကိုဆွဲယူလိုက်ကာ လက်ဆစ်ထက်မှပေါက်ပြဲဒဏ်ရာများအပြင် ဟိုလူယုတ်မာအား အရက်ပုလင်းဖြင့်ရိုက်လိုက်တုန်းက ရရှိခဲ့သည့် ဖန်ကွဲစများရှထားသည့်နေရာများကိုပါဆေးထည့်၍ ပတ်တီးစီးပေးလိုက်သည်။ အားလုံးပီးသွားသည့်အခါမှသာ သူအရမ်းသိချင်နေသော မေးခွန်းအားမေးလိုက်မိတော့လေသည်။

Meet Point Of Parallel Lines Where stories live. Discover now