မြင်ပါများလာသည့်အခါ ပိုပိုသဘောကျလာမိသည့် သူ၏စိတ်ကို နောက်ဆုံးတော့ သူမအားဖွင့်ထုတ်ပြောရန် ကြံရွယ်လိုက်တော့သည်။ ဤသို့ဖြင့် ထိုနေ့ကသူမအား ဖွင့်ပြောရန် စာကြည့်တိုက်သို့သွားသောအခါ တွေ့လိုက်ရသည့်မြင်ကွင်းမှာ အရင်လိုသူမတစ်ယောက်တည်းမဟုတ်ဘဲ ဘေးတွင် ဝမ်ရိပေါ်ပါရှိနေလေသည်။ ဘယ်သောအခါကမှ စာကြည့်တိုက်သို့ခြေဦးတောင်မလှည့်ခဲ့သည့် ဝမ်ရိပေါ်က ယခုတော့ ထိုကောင်မလေးအား မေးထောက်ကြည့်ကာ ဆံပင်လေးကိုင်လိုက် စကားတွေပြောနေလိုက်နှင့် ဘေးပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်နိုင်ဖြစ်နေကြသည်။ သူ့မှာတော့ ၎င်းမြင်ကွင်းကို ကြည့်နေရင်းနဲ့မှ လက်သီးကိုခပ်ပြင်းပြင်းဆုပ်လိုက်မိကာ စာကြည့်တိုက်နှင့်အဝေးဆုံးဆီသို့သာ ထွက်လာခဲ့မိတော့သည်။ စာကြည့်တိုက်ထဲတွင် ချစ်ကြည်နူးနေကြသည့် ဝမ်ရိပေါ်တို့အတွဲမှာတော့ သူ့အားမမြင်လိုက်သည်က သူ့အတွက်တော့ကံကောင်းသွားခဲ့ပေသည်။ မဟုတ်လျှင် သိသာစွာပျက်ယွင်းသွားသည့် သူ၏မျက်နှာအမူအယာအား အရိပ်အကဲဖမ်းကျွမ်းကျင်လွန်းသည့် ဝမ်ရိပေါ်မှာ မလွဲဧကန်သိပေလိမ့်မည်။
နောက်တနေ့တွင်တော့ သူတို့၏ကျောင်းတွင် ဝမ်ရိပေါ်နှင့်ယဉ်မေတို့တွဲနေကြောင်းမှာ လူပြောအများဆုံး နာမည်ကြီးသတင်းတစ်ခုဖြစ်လာခဲ့သည်။ မကြားချင်သည့်တိုင် ထိုသတင်းကသာ နေရာအနှံ့ကြီးစိုးနေခဲ့သဖြင့် နောက်ဆုံးကျောင်းသို့ပင် နှစ်ရက်လောက်သူ မသွားတော့ပေ။ ထိုအချိန်မှစတင်ကာ ယနေ့အချိန်အထိ သူသည်မည်သူတစ်ဦးတစ်ယောက်ကိုမှ ထပ်မံ၍သဘောကျခြင်းမျိုးမရှိခဲ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျန့်ဆိုသည့် သူက ဘယ်သောအခါမှ ရှုံးမည်ထင်သည့်ပြိုင်ပွဲအား ဝင်မပြိုင်ခြင်းပင်ဖြစ်သည်။ အကယ်၍ သူသာ တစ်စုံတစ်ယောက်အား ထပ်မံ၍သဘောကျမိပါက ဝမ်ရိပေါ်မှာ အချိန်မရွေး လုယူသွားနိုင်သလို သူကိုယ်တိုင်ကလည်း မိန်းမများနှင့်ပတ်သတ်လာလျှင်တော့ ဝမ်ရိပေါ်ကို အနိုင်ရဖို့ရာ ယုံကြည်ချက်မရှိချေ။ ထို့ကြောင့် ဝမ်ရိပေါ် မည်မျှပင် ရည်းစားများနေပါစေ သူကတော့ မည်သူတစ်ဦးတစ်ယောက်နှင့်မှ မပတ်သတ်ခဲ့မိ။ ထို့အပြင် သူ့ကိုလည်း ဝမ်ရိပေါ်ကဲ့သို့ ဘယ်မိန်းကလေးများမှ လာပီးကြိုက်ကြခြင်းလည်းမရှိခဲ့ပေ။
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 15
Start from the beginning
