Part 26

5.1K 442 102
                                    

(Uni)

ပေးပို့ရန် ကြံရွယ်ထားမိတဲ့ စာလေးတစ်ကြောင်းကိုတောင် အကြိမ်ကြိမ်အခါခါ ပြန်ရိုက်လိုက် ပြန်ဖျက်လိုက် လုပ်နေမိသည်အထိ လူကတစ်မနက်လုံး ဆောက်တည်ရာ မဲ့နေခဲ့ရသည်။

ယခုအချိန်တွင် ခညောင်းဦးအနေနဲ့ ထွက်ဆိုမိလာမည်က နှလုံးသားထွက်သက်ရဲ့ တစ်ဦးတည်းသော နားခိုရာဖြစ်သည်မို့ အနည်းငယ်မျှ မပွန်းပဲ့စေလိုသည်ကြောင့်..။ သို့သော် တစ်ယောက်အပေါ် တစ်ယောက်ထားရှိခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကိုငဲ့ကာ စကားလုံးငါးလုံးရဲ့ အဆုံးသတ်ဟာလည်း ပယ်ဖျယ်ခြင်း၌သာ နိဠိတံသွားရသည်။

' ငါ မောင့်ကိုယုံတယ် '

________

" အစ်ကို "

" ..... "

" အစ်ကို! "

" ဟင် "

" အစ်ကို့ကို သမီးခေါ်နေတာ ကြာပြီ။ ဒီပုစ္ဆာနားမလည်လို့ ပြန်ရှင်းပြပေးပါလား "

ဖုန်းကို လှမ်းလှမ်းကြည့်ရင်းက အာရုံပျံ့လွင့်နေခဲ့တဲ့ ခညောင်းဦးခမျာ..၊ စားပွဲဘေးတွင် တွက်လက်စ သင်္ချာစာအုပ်ကိုင်ထားပြီး မိနစ်အနည်းငယ်လောက် ရပ်စောင့်နေခဲ့တဲ့ ကျောင်းသူလေးကြောင့် ချက်ချင်းဆိုသလို သတိပြန်ဝင်လာရသည်။

" ဪ.. အင်း.. ဘယ်အပုဒ်လဲဟင် "

" ဒီဟာ အစ်ကို "

ခဏတစ်ဖြုတ် သွားရောက်တွေ့ဆုံမည့် အခိုက်အတန့်ကိုတောင် ခံနိုင်ရည်မရှိပါက လူးလွန့်မောင်ရဲ့ သစ္စာတရားကို ခညောင်းဦးကိုယ်တိုင်သာ အရောင်ဆိုးမိသကဲ့သို့ ဖြစ်စေလိမ့်မည်။ ထိုအခါ ပူလောင်နေမိတဲ့ အတွေးပေါင်းအသေင်္ချေကို ခဝါချလို့ ပစ္စုပ္ပန်အပေါ်၌သာ စိတ်အာရုံအလုံးစုံအား မှီခိုထားမိပါတော့သည်။

မနက်ပိုင်းအတန်းချိန်ကို ပုံမှန်ထက်နွမ်းလျစွာ ဖြတ်ကျော်ပြီးနောက်တွင် ခညောင်းဦးအတွေးများဟာ လိုတာထက်ပိုစွာပင် တဖြေးဖြေးချင်း ကစဉ့်ကလျား ဖြစ်လာခဲ့ရသည်။ အပြင်ဘက် နေအပူရှိန်ထက် ရင်ဘတ်ထဲက ပူလောင်မှုမှာ အရှိန်ပြင်းထန်လှသည်မို့ ရေထသောက်နေမိသည်မှာလည်း အကြိမ်ပေါင်း မရေတွက်နိုင်သလောက်ပင်။

ငပြူးငလူးWhere stories live. Discover now