Part 25

5.9K 449 158
                                    

(Uni)

" အားလုံး ကြားကြားသမျှ.. ကုသိုလ် အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့.. သာဓု သာဓု သာဓု! "

ရေစက်ချ အမျှဝေပြီးသွားသည်နှင့် ခညောင်းဦး တင်းထားမိသမျှ မျက်ရည်စများမှာ ပါးပြင်နုနုပေါ်သို့ လိမ့်ဆင်းကျလာခဲ့သည်။

ယနေ့မှာ ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ဒေါ်ကညောင်းမေနဲ့ ဦးဥက္ကာရှိန်တို့ရဲ့ တစ်နှစ်ပြည့် ကောင်းမှုကုသိုလ်အဖြစ် ဆွမ်းသင်္ကန်းများကို ကပ်လှူဖြစ်ခဲ့ကြသည်။ ထို့အတူ မိဘမဲ့ဂေဟာတွင်လည်း ခညောင်းဦးနဲ့ လူးလွန့်မောင်တို့ရဲ့ ချွေးနည်းစာများဖြင့် အလှူဒါန ပြုခဲ့ကြပါသေးသည်။

" အဒေါ်ထွက်သွားတာ တစ်နှစ်တောင် ပြည့်သွားခဲ့ပြီပဲ "

" မေကြီး အခုလောက်ဆို.. ဘယ်ရောက်နေပြီလဲ မသိဘူးနော် "

ဝေဝါးနေသော မြင်ကွင်းကျယ်ကြီးထဲတွင် ကလေးငယ်လေးများက ဆပ်ပြာပူဖောင်းများကို မှုတ်ထုတ်ကာ ပြေးလွှားဆော့ကစား နေကြလေသည်။ ထိုအခါ ပတ်ဝန်းကျင်တစ်ခွင်၌ ပျံ့လွင့်လို့နေတဲ့ ပူဖောင်းလေးများကို ခညောင်းဦး ငေးမောကြည့်မိရင်းက သွားလေသူမိခင်အား လွမ်းဆွတ်ကာ တမ်းတနေရှာတော့သည်။

" ပြောမရဘူးလေ ချစ်ဦးရ..။ အဒေါ်က တစ်ယောက်ယောက်ရဲ့ ကလေးလေးဖြစ်ရင်လည်း ဖြစ်နေလောက်မှာပဲ "

" ဟုတ်တယ်နော်။ ဒါဆို.. တစ်လောကလုံးမှာ အပျော်ရွှင်ဆုံး ကလေးလေးဖြစ်ဖို့ကိုလည်း ဆုတောင်းပေးရမယ် "

" သေချာပေါက် ပျော်ရွှင်ရမှာပေါ့ မောင့်ချစ်ဦးရဲ့.. "

ခညောင်းဦးရဲ့ လက်ချောင်းသွယ်လေးများကို လူးလွန့်မောင်က မြဲမြံစွာဆုပ်ကိုင်ထားရင်း လူလစ်ချိန်တွင် အသာပင့်မြှောက်လျက် နမ်းရှိုက်လိုက်သည်။

" ချစ်တယ်နော် "

" အွန်း.. ဟီး.. "

တစ်ယောက်ကိုတစ်ယောက် မြတ်နိုးစွာ စိုက်ကြည့်နေကြသည့် မြင်ကွင်းငယ်လေးအား သက်ပြင်းတစ်ချချဖြင့် လှမ်းကာကြည့်နေခဲ့သူလည်း ရှိသည်။

အနှီအမျိုးသမီး ကိုယ်၌မှာလည်း ဝေခွဲရခက်လှပါသည့် ဆုံးဖြတ်ချက်များအကြားတွင် ဒွိဟဖြစ်နေရတာလည်း ကြာခဲ့ပြီပင်။ တစ်ကိုယ်တည်း သက်ပြင်းရှိုက်ခဲ့ရသည့် ညပေါင်းတွေ များလာသည်နှင့်အမျှ ချစ်လှစွာသော ကလေးနှစ်ယောက်ကိုလည်း ဒဏ်ရာကိုယ်စီ မပေးလိုသည်လေ။

ငပြူးငလူးWhere stories live. Discover now