Part 24

5.7K 495 146
                                    

(Uni)

ယနေ့မှာ လူးလွန့်မောင်ရဲ့ ပထမဆုံး ရုံးတက်ရက်ဖြစ်တာကြောင့် ခညောင်းဦးက အင်္ကျီကြယ်သီးတွေ ကူတပ်ပေးရင်းနဲ့ နှစ်ယောက်သား စကားတပြောပြော လုပ်နေမိကြသည်။

" ချစ်ဦးရာ! ရတဲ့လစာက စုဆောင်းဖို့မပြောနဲ့..။ ကိုယ့်အတွက်လိုတာတွေ ဝယ်ရတာနဲ့တင် ကုန်ပြီ"

" အဲ့လိုလည်း မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိစ္စတော်တော်များများကို ဖြေရှင်းသွားနိုင်တယ်လေ.. ဟုတ်တယ်မလား "

" အဟွန်း! ဟုတ်တယ်နော်။ ချစ်ဦးအတွက် ဒါလေးတစ်ခုတော့ ဝယ်ပေးလိုက်နိုင်တာပဲ "

ညာဖက်နားမှာတပ်ဆင်ထားတဲ့ အနီရောင် နားကြားကိရိယာလေးကို လူးလွန့်မောင် လှမ်းထိလာတော့ ခညောင်းဦးက ပြုံးကာမော့ကြည့်သည်။

ခဲရောင် ရှပ်အင်္ကျီလက်ရှည်နဲ့ style pant အနက်ကို သေသပ်စွာ ဝတ်ဆင်ထားသောကြောင့် လူးလွန့်မောင်ရဲ့ ချောမောမှုမှာ ပိုလို့တောင် ပေါ်လွင်လာရသည်။ ထို့အတူ ဆံပင်ကိုအပြောင်သိမ်းပြီး ခညောင်းဦး လုပ်ပေးထားတဲ့ ခေါင်းစည်းကြိုးလေးနဲ့ တစ်ဝက်စည်းနှောင်ထားတာကြောင့် တည်ကြည်မှုနဲ့အတူ ခန့်ညားမှုတွေပါ ပေါင်းစပ်သွားသည်လေ။

ကြည့်နေရင်းက ဘာရယ်လို့ မဟုတ်ပါသော်လည်း ခညောင်းဦးအနေနဲ့ စိတ်လိုလက်ရ ရှိလာခဲ့သည်မို့..၊ ခြေဖျားလေးထောက်ကာ လူးလွန့်မောင်မေးဖျားကို အသာအယာလေး နမ်းရှိုက်လိုက်မိသည်။ ထိုအခါ လူးလွန့်မောင်ကလည်း ခညောင်းဦးရဲ့ခါးလေးကို အသာပွေ့ဖက်လို့ ရင်ခွင်ကျယ်ထဲဝယ် မှီခိုထားစေပြန်သည်။

" အရမ်းမဖက်နဲ့..။ အင်္ကျီတွေ တွန့်ကုန်မယ်လေ "

" တွန့်ပါလိမ့်စေ။ ချစ်ဦးရဲ့ ကိုယ်သင်းနံ့လေးကိုတော့ မပါမဖြစ်ယူသွားရမှာပဲ "

အမြဲတမ်းပင်..။ အပြင်မသွားခင်အချိန်တိုင်း အိပ်ခန်းငယ်လေးထဲမှာ ခညောင်းဦးကိုတစ်ဝကြီး ပွေ့ဖက်နမ်းရှုံ့တတ်တဲ့ လူးလွန့်မောင်က ခရေသနပ်ခါးနံ့လေးကိုပါ ကိုယ်နဲ့တစ်ပါတည်းအတူ ဆောင်ယူသွားလေသည်။ ယခုလည်း ပါးဖောင်းလေးနှစ်ဖက်ကို အသားကုန်မွှေးကြူနေတဲ့ လူးလွန့်မောင်ကြီးကြောင့် ခညောင်းဦးခမျာ တွန်းဖယ်ဖို့ အားမမျှနိုင်အောင် ဖြစ်နေရသည်။

ငပြူးငလူးWhere stories live. Discover now