အခုရက်ပိုင်း ဆောင်းဟန်ဘင်း မူပျက်နေသည်။ ခါတိုင်း ညနေရုံးဆင်းသည်နှင့် ကလေးသုံးယောက်ကို ကျောင်းသွားကြိုပြီး ဆိုင်ကိုတစ်ခါတည်းလိုက်လာတတ်သူက အလုပ်များနေသည်ဟုဆို၍ ညဆယ်နာရီကျော်မှချည်း အိမ်ပြန်လာသည်။ ပြန်လာတိုင်းလည်း ညစာပင်မစား၊ ရေမိိုးချိုးပြီးသည်နှင့် ဘာမှမပြောဘဲ တန်းအိပ်ယာဝင်သည်။
အစက ရုံးဆင်းချိန်နောက်ကျသဖြင့် ပင်ပန်းလွန်းပြီး စောစောအိပ်ယာဝင်သည်ဟုသာ ဟာအိုထင်ခဲ့သော်လည်း ထိုသို့ဟုတ်ပုံမရ။ တစ်ရက်က ဆောင်းဟန်ဘင်း အိမ်ပြန်လာချိန်တွင် ညခုနစ်နာရီခန့်သာရှိသေး၍ ဟာအိုနှင့်ချန်ချန်က ဧည့်ခန်းထဲတွင် ဇာတ်ကားထိုင်ကြည့်နေသည်။ ချန်ချန်က Disney ဖန်အကြီးစားဖြစ်၍ ဟာအိုလည်း ချန်ချန် အဖော်ရအောင် လိုက်ကြည့်ပေးရင်းက ကာတွန်းကားများကို စွဲမှန်းမသိစွဲလာ၍ အခုဆိုလျှင် ညတိုင်း သားအဖနှစ်ယောက် တီဗီရှေ့ကမခွာ။
"ဟာအို အိပ်ရအောင်"
ရေမိုးချိုး၍ညအိပ်ဝတ်စုံပါတစ်ခါတည်းလဲပြီးသွားသူက ဧည့်ခန်းထဲအထိရောက်လာပြီး ပြောလိုက်သောစကားကြောင့် ဟာအို့မျက်နှာတစ်ခုလုံး ရေနွေးအိုးထဲပြုတ်ကျသွားသလို။
"စောစောစီးစီး ဘာတွေပြောနေတာလဲ! ဒီမှာ သားတစ်ယောက်လုံး ရှိနေတာကို"
"မစောတော့ပါဘူးကွာ၊ ရှစ်နာရီတောင် ထိုးနေပြီ ... သားလည်း ခဏနေ အိပ်တော့မယ့်ဟာ"
တကယ်လည်း သားက ညရှစ်နာရီခွဲသည်နှင့် ပုံမှန်အိပ်ယာဝင်တတ်၍ ဟာအို ဘာပြောရမှန်းမသိ။
"ပိုဒိုရီလေး .. အာပါးကလေးလေး စောစောအိပ်တဲ့ကလေးတွေက ဥာဏ်ကောင်းတယ်တဲ့သိလား၊ စာတွေလည်း ပိုတော်လာတာတဲ့ဗျာ"
"တကယ်လား အာပါး ... စောစောအိပ်ရင် သင်္ချာတွေလည်း ကျက်စရာမလိုတော့ဘူးလား"
"ဒါပေါ့ .. သင်္ချာလည်း ကျက်စရာမလိုတော့ဘူး။ အင်္ဂလိပ်စာလည်း ကျက်စရာမလိုတော့ဘူး။ ကိုရီးယားစာလည်း ပိုတော်လာမှာ"