နည်းပညာ တဟုန်ထိုး တိုးတက်လာခဲ့ချိန်တွင် မျိုးဆက်ပြန့်ပွားခြင်း အခန်းကဏ္ဍရဲ့ လိုအပ်ချက်များက ဆက်တိုက်ဆိုသလို သိသာလာခဲ့တယ်။ အဏုမြူယိုစိမ့်ခြင်း ဖြစ်ရပ်အပြီး သန္ဓေသားပုံစံပျက်စီးသွားခြင်းနှင့် မွေးရာပါချို့တဲ့ခြင်းတွေ များသထက် များလာတယ်။ ထိုခေတ်ကာလအတွင်း အသက်ရှင်ကျန်ရစ်တဲ့ ကလေးအရေအတွက်က လက်ရှိလူဦးရေအနည်းဆုံးဆိုတဲ့ ဆေးပညာအထူးပြုမေဂျာရဲ့ ကျောင်းသားအရေအတွက်ထက်တောင် ပိုလို့နည်းသေးတယ်။'မွေးရာပါ' ဆိုတဲ့ စကားလုံးအပေါ် လူအချို့က သနားကရုဏာသက်ဝင်တတ်ကြပြီး လူအချို့ကတော့ မုချကယ်တင်ခံရလိမ့်မယ်လို့ တွေးကြတယ်။
တကယ်တမ်းတော့ ကြိုးစားအားထုတ်မှုမရှိဘဲ ဘယ်သူကမှ ဘယ်အရာကိုမှ လွယ်လွယ်နဲ့မရနိုင်ပါဘူး။
ထိုယူဆချက်နှင့်ပတ်သတ်ပြီး အနာဂတ်မှာ မေးခွန်းထုတ်သူတွေရှိလာပါက လက်ရှိအထူးတပ်ဖွဲ့ဝင် အဆင့်(၅)အေးဂျင့် ဂင်ဂယူဗင်းက သက်သေပြပေးပါလိမ့်မယ်။
အသက်ရှင်လျက် မွေးဖွားလာနိုင်ခြင်းက ကယ်တင်ခံရခြင်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဆက်လက်ရှင်သန်သွားနိုင်ဖို့ကတော့ တစ်ဦးတစ်ယောက်စီရဲ့အရည်အသွေးနှင့်သာ သက်ဆိုင်ခြင်းဖြစ်တယ်။
မွေးရာပါ ချို့ယွင်းချက်ရှိသူတွေ အေးဂျင့်ဖြစ်လာတဲ့ ရာခိုင်နှုန်းက ၁၀၀၀ မှာ ၂ ယောက်သာရှိတယ်။ အဲ့ဒီနှစ်က လေ့ကျင့်ရေးသင်တန်းသားအဆင့်ရဲ့ ဒုတိယနေရာမှာရှိခဲ့သူက စက်ရုပ်လက်တစ်ဖက် အစားထိုးထားတဲ့ သင်တန်းသား ဂင်ဂယူဗင်းဖြစ်ပြီး ပထမနေရာကိုဗိုလ်စွဲသွားသူကတော့ နားမကြားရတဲ့ sniper နတ်ဘုရား ဟန်ယူဂျင်းဖြစ်တယ်။
ဂယူဗင်း အတိအကျမှတ်မိနေသေးတယ်။ သင်တန်းဆင်းပွဲမှာ သူ ယူဂျင်းနဲ့ ပထမဆုံးစကားစပြောဖို့ ကြိုးစားခဲ့ပေမဲ့ ယူဂျင်းက နားကြားကိရိယာကို အိမ်မှာမေ့ကျန်ခဲ့တယ်လေ။
ယူဂျင်းက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ သူ့နှုတ်ခမ်းကိုပဲ ဖတ်နေခဲ့တာ။ သူကတော့ သူတို့ရည်းစားဖြစ်ပြီးနောက် ယူဂျင်းပြန်ပြောပြကာမှ သိခဲ့ရတာပေါ့။