2

228 34 4
                                    


အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေက နွေရာသီအချိန်ပိုအတန်းချိန်တွေစကတည်းက ကျောင်းတက်ခဲ့ရတာကြောင့် ဂယူ့အတွက်ကတော့ ကျောင်းဖွင့်ရက်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို လုပ်နေသလိုသာဖြစ်ပေမဲ့ ယူဂျင်းကတော့ ပထမဆုံးကျောင်းတက်ရက်အတွက် စိတ်လှုပ်ရှားလို့နေတယ်။ အရင်ကဆို ယူဂျင်းက စကားတွေတတွတ်တွတ်ပြောနေရတာကို ကြိုက်ပေမဲ့ ဂယူက အခုနောက်ပိုင်း သီချင်းနားထောင်ချင်ယောင်ဆောင်တာမျိုး လုပ်တာများလာတာကြောင့် ကားစီးတိုင်း တိတ်တိတ်လေးနေပေးရင်းကနေ အကျင့်ဖြစ်သွားခဲ့တယ်။

ယူဂျင်း အိမ်ကစောစောထွက်လာခဲ့ပေမဲ့ ကားကြပ်ချိန်နဲ့တိုးသွားတာကြောင့် ကာယဆရာဆီက အထောင်းခံရဖို့ကနေ ကပ်သီလေးလွတ်ရုံအချိန်လောက်မှာမှ နှစ်ယောက်လုံး ကျောင်းခြံဝန်းထဲ ရောက်သွားတော့တယ်။

ဒူးပေါ်လက်တင်ရင်း အမောဖြေနေတဲ့ ဂယူ့နဖူးမှာ ချွေးစတွေတွဲခိုနေတယ်။ နေ့အလင်းရောင်က ထွင်းဖောက်သွားချိန်မှာ ဂယူ့မျက်နှာနုနုက ပိုလို့နူးညံ့အိစက်နေတဲ့ပုံပေါ်သွားတယ်။

ယူဂျင်းချွေးသုတ်ပေးဖို့ လက်လှမ်းလိုက်ပေမဲ့ ဂယူ့ပုခုံးပေါ်ကို တခြားလူတစ်ယောက်ရဲ့လက်က အရင်ရောက်ရှိသွားခဲ့တယ်။ တရုတ်ကို ကျောင်းပြောင်းလာခဲ့တဲ့ မူလတန်းနောက်ဆုံးနှစ်ကတည်းက ဒီကျောင်းမှာပဲ တက်ခဲ့တာကြောင့် ဒီကျောင်းမှာ ယူဂျင်းမမြင်ဖူးတဲ့ မျက်နှာဆိုတာမရှိဘူး။ ကျောင်းက တအားကြီးတဲ့အထဲ မပါသလို နှစ်စဉ်ကျောင်းပြောင်းလာသူအရေအတွက်ကလည်း နည်းလွန်းတာကြောင့် မျက်နှာစိမ်းတစ်ယောက်သာ ကျောင်းဝတ်စုံဝတ်ပြီး သွားလာနေပါလျှင် ဒီလူဟာ ကျောင်းသားသစ်ဆိုတာကို လူတိုင်း အတပ်ပြောနိုင်ကြလေတယ်။

[ ကျင်းချန်မင့် ]

ကျောင်းသားကတ်ရင်ထိုးက နာမည်ဆီ ယူဂျင်းအကြည့်က အလိုလိုရောက်သွားနှင့်ပြီးသား။

" ငါ‌ငှားပေးလိုက်တဲ့ အယ်ဘမ်ကိုနားထောင်ကြည့်ပြီးပြီလား? ပြီးရင် ပြန်ပေးပါအုံး ခိုင်စဲန်းက ငှားနေလို့...အဲ့တာက limited edition လေ။ မင်းကို ဦးဦးဖျားဖျားငှားပေးထားတာနော် "

Illusion Where stories live. Discover now