4

191 29 8
                                    


တစ်ချက်ချင်း တတီတီမြည်သံက မှောင်မည်းနေတဲ့ပတ်ဝန်းကျင်မှာ ယူဂျင်းရဲ့အာရုံအလုံးစုံကို စိုးမိုးထားတယ်။ ခန္ဓာကိုယ်က လွင့်မျောနေလေသလားထင်ရပြီး အိမ်မက်ရှည်ကြီးရဲ့အဆုံးသတ်မှာ ကိစ္စတော်တော်များများက စောင့်မျှော်နေသလို ယူဂျင်းနှလုံးသားဟာ လေးလံလို့နေတယ်။ အသက်တောင် ဖြောင့်အောင်ရှူလို့မရတော့ဘူး။

" ယူဂျင်း... "

" ယူဂျင်း... "

တူညီတဲ့ အသံတစ်ခုရဲ့ မသဲမကွဲစကားသံတွေကြား သူကိုယ်တိုင်ရဲ့နာမည်ကိုသာ တိုးတစ်ခါ ကျယ်တစ်လှည့် ကြားယောင်မိတယ်။ နားစည်အပေါ်မှာ ထူထဲလွန်းတဲ့ အရာတစ်ခုနဲ့ ပိတ်ဆို့ခံထားရသလို အသံတွေဟာ ကြည်လင်ခြင်းမရှိ။

ယူဂျင်းလက်ချောင်းတွေကို ‌ရွေ့လျားမိချိန် အေးစက်စက်သံထည်လိုအရာကို သွားထိမိတယ်။ ရှည်လျား သွယ်လျပြီး ပြောင်ချောနေတယ်။

အမှောင်ချထားတဲ့ အခန်းအတွင်း ယူဂျင်းကိုယ်က ဆတ်ခနဲတုန်ပြီး လန့်နိုးသွားတယ်။

သူ့လက်ဖျားနဲ့ထိတွေ့နေတဲ့အရာဟာ ဆပ်ပြာနံ့သင်းနေတဲ့ စောင်သာလျှင်ဖြစ်တယ်။ နွေးထွေးအိစက်နေတဲ့ အထိအတွေ့က ယူဂျင်းကို အခုထိအိမ်မက်ယောင်နေသေးသလိုသာ ခံစားရစေပြီး ခုနကအထိအတွေ့ကသာ အစစ်အမှန်ဖြစ်နေသလိုမျိုး။ တွေးကြည့်လေ ထူးဆန်းတဲ့ခံစားချက်ကြီးက ဝင်လာလေ ဖြစ်နေတာကြောင့် ယူဂျင်းခေါင်းကိုယမ်းခါပစ်လိုက်တယ်။ အနည်းငယ်မူးဝေသွားပြီး အန်ချင်သလိုတောင် ဖြစ်သွားရတာမလို့ ရေချိုးခန်းဆီ ဒရောသောပါးပြေးသွားလိုက်ရတယ်။

အိမ်သာဆီမရောက်ဘဲ ဘေစင်မှာသာ ထိုးအန်မိတယ်။ အစာတွေမပါဘဲ လေတွေသာ ထွက်လာပြီး တစ်ကိုယ်လုံးကို မအီမသာခံစားချက်ကြီးက တမုဟုတ်ချင်း လွှမ်းခြုံသွားတယ်။ ဘယ်ဘက်ခေါင်းတစ်ခြမ်းလုံး တဆစ်ဆစ်ကိုက်လာပြီး အမြင်အာရုံတွေပါ ဝေဝါးလာတယ်။

လက်‌ဖနောင့်နဲ့နားထင်ကို အဆက်မပြတ်ရိုက်နေမိတယ်။

" ယူဂျင်း... "

" ဘယ်သူလဲ! "

ဘယ်က ထွက်လာမှန်းမသိတဲ့ သတ္တုလက်က ယူဂျင်းလက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်တယ်။ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပုံကြောင့် ယူဂျင်း ရုန်းထွက်ဖို့တောင် မတတ်နိုင်တော့သလိုပဲ။ အေးစက်မယ်လို့ ထင်ထားခဲ့ပေမယ့် နွေးထွေးလို့နေပြီး ဒီအရာနဲ့အသားကျနေသလိုမျိုး ရင်းနှီးနေတဲ့ ခံစားချက်က အရင်ဆုံးတိုးဝင်လာခဲ့တယ်။

Illusion Where stories live. Discover now