My lover is a violinist(part-5)

8.5K 1K 14
                                    

Scroll down for Zawgyi 🎻

မနက်ခင်းတွေမှာစောစောထ၊မနက်စာစားတတ်လာသည့် အကျင့်ဟာလင်းမြတ်ထင်ပျိုးထောင်ပေးသော ယဉ်မင်းသက်၏အကျင့်ကောင်းတစ်ခုဖြစ်လာခဲ့သည်။ထိုကဲ့သို့အကျင့်ဖြစ်အောင်လည်း လင်းမြတ်ထင်ဟာ မနက်တိုင်းမပျက်မကွက် ခြောက်လွှာအားမမောမပန်းတက်ကာ အိမ်တံခါးလာလာခေါက်ပါသည်။အစပိုင်းများတွင်တော့ ယဉ်မင်းသက်မနိုး။ထိုအခါမျိုးတွင် လင်းမြတ်ထင်ကအိမ်ရှေ့ကနေ တံခါးလာဖွင့်ရန်ဖုန်းဆက်နှိုးတတ်ပါသည်။

တစ်ပတ်မှနှစ်ပတ်၊နှစ်ပတ်မှသုံးပတ်ကျော်အချိန်များသို့ ရောက်လာချိန်တွင်တော့ ယဉ်မင်းသက်အတွက်အလေ့အကျင့်တစ်ခုလိုဖြစ်လာကာ စောစောအိပ်၊စောစောထအကျင့်အား ပြန်လည်ရရှိခဲ့ပါတော့သည်။ညနေခင်းတွေကတော့ ထွေထွေထူးထူးပြောစရာမလို။ညနေစာအတူချက်ကြသည်။တစ်ခါတစ်ရံ လင်းမြတ်ထင်ကားနှင့်ပင် ဈေးအတူသွားဝယ်ကြသလို ဝရံတာတွင်နှပ်ကော်ဖီတစ်ယောက်တစ်ခွက်ဖြင့် ထွေရာလေးပါးတို့ပြောတတ်ကြသည်။ထိုထွေရာလေးပါးစကားများတွင် ယဉ်မင်းသက်သတိမထားမိလိုက်ပါသော လင်းမြတ်ထင်၏ချစ်စကားတို့လည်းအပါအဝင်ပင်။သေချာပေါက် ယဉ်မင်းသက်ကလင်းမြတ်ထင်ကို ညီအကိုဇုန်သွင်းထားသည်လေ။

သူတို့နှစ်ယောက်သည် အသွင်တော့တူကြသည်။ညနေခင်းနှပ်ကော်ဖီသောက်တတ်တာ၊ချမ်းစိမ့်စိမ့်ရာသီဥတုကို သဘောကျတတ်တာ၊ဂန္တဝင်ဂီတများနှင့်အကျွမ်းတဝင်ရှိကြတာ၊အထူးသဖြင့် လင်းမြတ်ထင်သည်တယောသံအားအလွန်အမင်းသဘောကျပြီး ယဉ်မင်းသက်ကအားရင်အားသလို တယောတီးပြတတ်တာမျိုး။ဒါတွေဟာ သူတို့နှစ်ယောက်ကို ငယ်ငယ်ကထက်ပင်ပို၍နီးကပ်စေခဲ့သည့် အကြောင်းအရင်းများဖြစ်သည်။

ညနေခင်းမဟုတ်သော်လည်း မိုးရာသီ၏နေ့လည်ခင်းသည် အုံ့မှိုင်းမှိုင်းရှိလှသည်။သူရိန်နေမင်းက တိမ်တွေနောက် ပုန်းကွယ်နေတော့ ငွေ့ရည်စုထားသည့်တိမ်စိုင်တိမ်မဲတို့က မှိုင်းညို့ညို့ကောင်းကင်ယံတွင် ပို၍အားကောင်းနေ၏။သို့သော် မိုးဖြူမစဲ၊မိုးမဲမရွာဆိုသည့်ဆိုရိုးအတိုင်း ကောင်းကင်တွင်မဖြူလှသည့် တိမ်ညိုတို့အပြည့်နေရာယူထားသော်လည်း မိုးကားမရွာသေး။

Short Story About Htin Htin,Yin Yin,La Yaung and DeDeWhere stories live. Discover now